ရခိုင်ပြည်နယ်၌ ကိုဗစ်-၁၉ ကာလ ထိရောက်စွာဆောင်ရွက်နိုင်ရန် စည်းကမ်းချက်များနှင့်အညီ အင်အားဖြည့်တင်းနိုင်ရေး ညှိနှိုင်းဆွေးနွေး

Printer-friendly versionSend by email
ရခိုင်ပြည်နယ်၌ ကိုဗစ်-၁၉ ကာလ ထိရောက်စွာဆောင်ရွက်နိုင်ရန် စည်းကမ်းချက်များနှင့်အညီ အင်အားဖြည့်တင်းနိုင်ရေး ညှိနှိုင်းဆွေးနွေး
 
နေပြည်တော် ဩဂုတ် ၃၀
 
ရခိုင်ပြည်နယ်အတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက လက်ရှိတာဝန်ယူ ဆောင်ရွက်နေရသောလုပ်ငန်းများကို ကိုဗစ်-၁၉ ကာလတွင် ထိရောက်စွာဆောင်ရွက်နိုင်ရန် ထုတ်ပြန်ထားသော စည်းကမ်းချက်များ နှင့်အညီ အင်အားဖြည့်တင်းနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ညနေပိုင်းက ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။
 
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးစီးဌာနများ၏ ရခိုင်ပြည်နယ်ညွှန်ကြားရေးမှူးများ တက်ရောက်ကြသည်။
 
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်တွင် နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်(CERP) စီမံချက်နှင့် ဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ် မတ်လမှစတင်၍ ဆောင်ရွက်လျက်ရှိသော ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ရေးစီမံချက်များအရ IDP စခန်းများ၊ တိုက်ပွဲရှောင်စခန်းများတွင် ကိုဗစ်-၁၉ အသိပညာပေးမှုများ၊ စားနပ်ရိက္ခာထောက်ပံ့မှုများ၊ ထိခိုက်လွယ်အုပ်စုများအား ထောက်ပံ့မှုများ၊ ရေရရှိရေးနှင့် အဆောက်အအုံ လိုအပ်ချက်ပံ့ပိုးမှုများကို အရှိန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရန် အရေးကြီးကြောင်း၊ ထို့ပြင် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့၏ အတွင်းရေးမှူး ရုံးအနေဖြင့် ကိုဗစ်-၁၉ လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီကြသည့် စေတနာ့ဝန်ထမ်းများနှင့်ပတ်သက်၍ စီစဉ်ဆောင်ရွက်ပေးရာ၌ မြေပြင်အခြေအနေအရလိုအပ်ချက်များကို အချိန်နှင့်အမျှ စိစစ်ရန်လိုအပ်ကြောင်း၊ ယခုအခါ ရခိုင်ပြည်နယ်အတွင်း ရောဂါကူးစက်ပျံ့နှံ့မှုနှုန်း များပြားလာ၍ ပြည်နယ်ရှိ မိမိတို့ဌာနများ၏ လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် အင်အားလိုအပ်ချက်များရှိလာပြီဖြစ်ကြောင်း၊ ထိုလိုအပ်ချက်များကို ကိုဗစ်-၁၉ ကာလ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဖြည့်ဆည်းဆောင်ရွက်ရန် ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
 
ဆွေးနွေးရာတွင် အတွေ့အကြုံရှိပြီးဖြစ်သော အမှုထမ်း၊ အရာထမ်းများက ရခိုင်ပြည်နယ်သို့ မိမိတို့ဆန္ဒအလျောက် ခေတ္တသွားရောက်ကူညီပေးနိုင်ရေး၊ ဝန်ထမ်းများ၏ နေထိုင်ရေး၊ စားသောက်ရေးတို့ကို စီစဉ်ပံ့ပိုးပေးနိုင်ရေး၊ တာဝန်ထမ်းဆောင်ရာ၌ ရောဂါကူးစက်ခံရမှုမရှိစေရန် ကိုဗစ်-၁၉ ထိန်းချုပ်၊ ကာကွယ်ရေး လမ်းညွှန်ချက်များကို တိကျစွာလိုက်နာစေရေး၊ ရောဂါအကာအကွယ်ပစ္စည်းများ လုံလောက်မှုရှိအောင်ဖြန့်ဝေပေးနိုင်ရေး၊ ရခိုင်ပြည်နယ်သို့ ပေးပို့ထားသော စေတနာ့ ဝန်ထမ်းများနှင့် ဒေသခံစေတနာ့ဝန်ထမ်းများကို ချိတ်ဆက်ပူးပေါင်း၍ Quarantine Center များ၌ စနစ်တကျပါဝင်ကူညီနိုင်ရေး၊ စေတနာ့ဝန်ထမ်းများ ကူးစက်ခံရမှုမရှိစေရန် အထူးဂရုပြု ဆောင်ရွက်စေနိုင်ရေး၊ တစ်ကိုယ်ရေ လုံခြုံရေးအကာအကွယ်ပစ္စည်းများ ပြတ်တောက်မှုမရှိစေရေးနှင့် အရည်အသွေး ပြည့်မီစေရေး၊ လူမှုဝန်ထမ်းဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် CERP အစီအစဉ်အရ ထောက်ပံ့ကူညီမှုများ ပေးရာတွင် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကြောင့် နှောင့်နှေးခြင်းမရှိစေရန် ရခိုင်ပြည်နယ်အတွင်း အကျိုးခံစားခွင့်ရှိသူများအားလုံး လိုအပ်ချိန်တွင် ရရှိခံစားနိုင်စေရေး အားဖြည့်စီစဉ်ဆောင်ရွက်ပေးနိုင်ရန်နှင့် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရခိုင်ပြည်နယ် အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာဌာနများ၊ ရခိုင်ပြည်နယ် ရှိ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။