ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နေရပ်စွန့်ခွာသွားသူများအတွက် ဖွင့်လှစ်ထားသော စခန်းများမှ ၎င်းတို့၏ သဘောဆန္ဒအရ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာခဲ့ကြသူများကို လက်ခံနေရာချထားပေး

Printer-friendly versionSend by email

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နေရပ်စွန့်ခွာသွားသူများအတွက် ဖွင့်လှစ်ထားသော စခန်းများမှ ၎င်းတို့၏ သဘောဆန္ဒအရ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာခဲ့ကြသူများကို လက်ခံနေရာချထားပေး

နေပြည်တော် အောက်တိုဘာ ၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားသို့ ရောက်ရှိနေသော နေရပ်စွန့်ခွာသူ အိမ်ထောင်စု(၁)စုမှ စုစုပေါင်း (၉)ဦး (ကျား-၃ ဦး၊ မ-၆ ဦး)တို့သည် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာခဲ့ကြရာ ၎င်းတို့ကို အောက်တိုဘာ ၂ ရက်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ရခိုင်ပြည်နယ် မောင်တောမြို့နယ် ငါးခူရပြန်လည်လက်ခံရေး စခန်းတွင် စိစစ်လက်ခံခဲ့ကြသည်။ ပြန်လည်ဝင်ရောက်လာသူများအနက် အသက်(၁၀)နှစ်အထက် (၄)ဦးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက လုပ်ထုံးလုပ်နည်းများနှင့်အညီ NV Card များ ထုတ်ပေးခဲ့ကြသည်။

 

အလားတူပင် စက်တင်ဘာ ၂၅ ရက်တွင် နေရပ်စွန့်ခွာသူ အိမ်ထောင်စု (၁၄)စုမှ စုစုပေါင်း (၂၇)ဦး (ကျား - ၁၆ ဦး၊ မ - ၁၁ ဦး)တို့သည် ၎င်းတို့သဘောဆန္ဒအရ ပြန်လည် ဝင်ရောက်ခဲ့ကြသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက စိစစ်ကာ ပြန်လည်လက်ခံခဲ့ကြသည်။ ပြန်လည်ဝင်ရောက်လာသူများအနက် အသက်(၁၀)နှစ်အထက် (၂၀)ဦး (ကျား - ၁၂ ဦး၊ မ - ၈ ဦး) တို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက NV Card များ ထုတ်ပေးခဲ့ကြသည်။

 

ထို့ပြင် စက်တင်ဘာ ၃၀ ရက်တွင် နေရပ်စွန့်ခွာသူ အိမ်ထောင်စု (၅)စုမှ စုစုပေါင်း (၁၅) ဦး (ကျား - ၉ ဦး၊ မ - ၆ ဦး) တို့သည် ၎င်းတို့၏ သဘောဆန္ဒအရ ငါးခူရပြန်လည်လက်ခံရေးစခန်းသို့ ပြန်လည်ဝင်ရောက်ခဲ့ကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက စိစစ်လက်ခံခဲ့ကြပြီး ၎င်းတို့အနက် အသက်(၁၀)နှစ် အထက် (၁၂)ဦး (ကျား - ၇ ဦး၊ မ - ၅ ဦး)တို့ကိုလည်း တာဝန်ရှိသူများက NV Card များ ထုတ်ပေးခဲ့ကြသည်။

 

ထိုကဲ့သို့ ၎င်းတို့၏ သဘောဆန္ဒအရ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခဲ့သည့် နေရပ်စွန့်ခွာသွားသူများကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)တို့မှ တာဝန်ရှိသူများက လက်ခံခဲ့ကြပြီး ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့ကာ လှဖိုးခေါင် ကြားစခန်းသို့ ဆက်လက်ပို့ဆောင်ခဲ့သည်။ ကြားစခန်းမှ တာဝန်ရှိသူများက ၎င်းတို့ကို စားနပ်ရိက္ခာနှင့် အသုံးအဆောင်များ ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် ပြန်လည်ဝင်ရောက်လာသူများအား ၎င်းတို့ နေထိုင်မည့် ကျေးရွာအသီးသီးသို့ ဆက်လက်ပို့ဆောင်ပေးခဲ့သည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေရပ်စွန့်ခွာသူများအတွက် ဖွင့်လှစ်ထားသည့် စခန်းများသို့ ရောက်ရှိနေကြသော နေရပ်စွန့်ခွာသူများသည် ၎င်းတို့၏ သဘောဆန္ဒအရ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လျက်ရှိရာ ယနေ့အထိ ပြန်လည်ဝင်ရောက်သူဦးရေ ၃၀၀ ကျော်ကို မြန်မာဘက်မှ စိစစ်ပြန်လည်လက်ခံခဲ့သည်။