မြန်မာ-နော်ဝေ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် နိုင်ငံရေးညှိနှိုင်းဆွေးနွေးပွဲများ တည်ထောင်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

Printer-friendly versionSend by email

မြန်မာ-နော်ဝေ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် နိုင်ငံရေးညှိနှိုင်းဆွေးနွေးပွဲများ တည်ထောင်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

နေပြည်တော် စက်တင်ဘာ ၂၈

(၇၄)ကြိမ်မြောက် အထွေထွေညီလာခံတက်ရောက်ရန် နယူးယောက်မြို့၌ ရောက်ရှိနေသည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး Ms. Eriksen Søreide အား စက်တင်ဘာ ၂၆ ရက်တွင် ကုလသမဂ္ဂဌာနချုပ်၌ တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-နော်ဝေ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်း ဆောင်ရွက်ရေးနှင့် နိုင်ငံရေးညှိနှိုင်းဆွေးနွေးပွဲများ တည်ထောင်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပြီးနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ လက်မှတ်ရေးထိုးလိုက်သည့် နားလည်မှုစာချွန်လွှာအရ ညှိနှိုင်းဆွေးနွေးပွဲများကို ပုံမှန်ကျင်းပသွားရေးနှင့် ရေလုပ်ငန်းအပါအဝင် နှစ်နိုင်ငံ အကျိုးတူကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသည့် သဘောတူညီချက်များအတိုင်း အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ARSA အကြမ်းဖက်အဖွဲ့၏ ခြိမ်းခြောက် မှုများကြောင့် နေရပ်ပြန်လိုသူများအနေဖြင့် ၎င်းတို့၏ဆန္ဒမှန်ကို ထုတ်ဖော်ပြောကြားရန် ကြောက်ရွံ့နေကြောင်း၊ မိမိတို့သဘောဆန္ဒအလျောက် မိမိအစီအစဉ်ဖြင့် ပြန်လာသူများစွာရှိကြောင်း၊ ဂျာမနီနိုင်ငံ DWသတင်းဌာနမှ လတ်တလောထုတ်ပြန်သည့် အထူး လေ့လာစုံစမ်းချက်တစ်ခုတွင် ဖော်ပြ ထားချက်အရ ကော့စ်ဘဇားရှိ ဒုက္ခသည်စခန်းများတွင် ARSA အကြမ်းဖက်သမား ထောင်ဂဏန်းကျော် ခိုအောင်းလျက်ရှိသည်ဟု သိရှိရပါကြောင်း၊ အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှုများက ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းကို အဓိက အဟန့်အတားဖြစ်နေသည့်အပြင် လုံခြုံရေးအရလည်း စိန်ခေါ်မှု တစ်ခုဖြစ်နေပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်းတွင် ပြန်လည်ဝင်ရောက်လာသည့် နေရပ်စွန့်ခွာသူများအတွက် ပတ်ဝန်းကျင် ကောင်းများဖန်တီးနိုင်ရန် အစိုးရအနေဖြင့် ASEAN ၊ UN တို့နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ နော်ဝေနိုင်ငံ အပါအဝင် မိတ်ဖက်နိုင်ငံများနှင့် နိုင်ငံတကာ၏ အပြုသဘောဖြင့် ကူညီပံ့ပိုးမှုများကို ကြိုဆိုပါကြောင်းဖြင့် ထည့်သွင်း ပြောကြားခဲ့သည်။