(၇၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ တက်ရောက် မိန့်ခွန်းပြောကြား

Printer-friendly versionSend by email

(၇၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ တက်ရောက် မိန့်ခွန်းပြောကြား

နေပြည်တော် စက်တင်ဘာ ၂၉

(၇၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲ၏ ပဉ္စမနေ့အစည်းအဝေးကို စက်တင်ဘာ ၂၈ ရက်တွင် နယူးယောက်မြို့         ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပရာ မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ တက်ရောက်၍ အထွေထွေ မူဝါဒရေးရာ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ အရည်အသွေးမြင့် ပညာရေး ဖော်ဆောင်မှု၊ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး၊ ဒီမိုကရေစီအသွင် ကူးပြောင်းမှု၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေ‌သော အခြေအနေများအား ဖြေရှင်းရေးတို့အတွက် အစိုးရ၏ ကြိုးပမ်းဆောင် ရွက်နေမှုများကို အသိပေးပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက ကုလသမဂ္ဂအနေဖြင့် နိုင်ငံများ၏ အချုပ်အခြာအာဏာကို  ထိန်းသိမ်းကာ ပိုမိုကောင်းမွန်ပြီး၊ အရည်အသွေးပြည့်ဝသော လုပ်ငန်းများကို အတူတကွ ပူးပေါင်းလုပ်ဆောင်သင့်ပါကြောင်းနှင့် စံနှုန်းနှစ်မျိုး ကျင့်သုံးမှုနှင့် ခြွင်းချက်ထားသည့် မူဝါဒ (exceptionalism) ကို သမာသမတ်ရှိစွာ ရှောင်ရှားရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အိမ်နီးချင်းနိုင်ငံများအကြား ဖြစ်ပေါ်သည့် အရေးကိစ္စများကို နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုဖြင့်သာ ဖြေရှင်းနိုင်မည်၊ ဖြေရှင်းရမည်ဟု မြန်မာနိုင်ငံအနေဖြင့် အခိုင်အမာ ယုံကြည် ကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး၊ နှစ်နိုင်ငံ သဘောတူညီချက်ကို တိတိကျကျလိုက်နာ အကောင်အထည်ဖော်ရန် ဘင်္ဂလားဒေ့ရှ်အား တိုက်တွန်းခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ၏ အစီရင်ခံစာများ (ဒါရူစမင်၏ အစီရင်ခံစာများ)၊ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIM) အား ဖွဲ့စည်းမှု၊ ရခိုင်ပြည်နယ်အရေးကိစ္စအပေါ် အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး (ICC) မှ တရားစီရင်ရေးနှင့် မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ၏ ပါဝင်ဆောင်ရွက်မှုနှင့်စပ်လျဉ်းသော ရိုဆင်သယ်၏ အစီရင်ခံစာတို့အပေါ် မြန်မာနိုင်ငံ၏ ရပ်တည်ချက်ကို ထပ်လောင်း ပြောကြားခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် လူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်များကို လေးစားလိုက်နာ၍ ပြည်သူများအားလုံး ငြိမ်းချမ်းသာယာဝပြောပြီး၊ အကြောက်တရားများ ကင်းဝေးသည့် လူ့ဘောင်အဖွဲ့အစည်းတစ်ရပ် တည်ဆောက်ရေး သန္နိဋ္ဌာန် ချထားမှုကိုလည်း ပြောကြားခဲ့သည်။

မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြောကြားခဲ့သည့် အလွတ်သဘော မြန်မာ ဘာသာပြန်ဆိုချက် မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်-

သဘာပတိကြီးနှင့် ဧည့်သည်တော်များ ခင်ဗျား၊

(၇၄) ကြိမ်မြောက် အထွေထွေညီလာခံ သဘာပတိအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရတဲ့အတွက် အဆွေတော်ကို လှိုက်လှဲစွာ ချီးကျူးဂုဏ်ပြုပါကြောင်း ပြောကြားလိုပါတယ်။  အဆွေတော်ရဲ့ ဦးဆောင်မှုအောက်မှာ ယခုညီလာခံကြီးက အကျိုးရလဒ်ကောင်းတွေ ဖော်ဆောင် ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ (၇၃) ကြိမ်မြောက် အထွေထွေညီလာခံကို ဦးဆောင်ခဲ့တဲ့ အီကွေဒေါနိုင်ငံမှ အဆွေတော် Maria Fernanda Espinosa  ကိုလည်း အလေးအနက် ကျေးဇူး တင်ရှိပါကြောင်း ဖော်ပြလိုပါတယ်။

ယခုနှစ် အထွေထွေညီလာခံရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ အရည်အသွေးမြင့် ပညာရေး၊ ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ရေးနှင့် အားလုံးပါဝင်စေရေး တို့အတွက် နိုင်ငံစုံ ကြိုးပမ်းအားထုတ်မှုများကို လှုံ့ဆော်ရေး ဟာ အချိန်အခါ အခြေအနေနဲ့ ကိုက်ညီမှုရှိတယ်လို့ မြန်မာနိုင်ငံအနေနဲ့ မှတ်ယူပါတယ်။ ဒီကိစ္စရပ်တွေဟာ ယနေ့ကမ္ဘာပေါ်မှာ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုများထဲမှာ အပါအဝင်ဖြစ်တဲ့အတွက် နိုင်ငံတကာ အသိုက်အဝန်းတစ်ခုလုံးရဲ့ ဝိုင်းဝန်းဆောင်ရွက်မှုနဲ့သာ ရင်ဆိုင်ကျော်လွှားနိုင်မှာပဲ ဖြစ်ပါတယ်။

ဆင်းရဲနွမ်းပါးမှု လျှော့ချရေး

သဘာပတိကြီးခင်ဗျား၊

ဆင်းရဲနွမ်းပါးမှု ပုံစံအားလုံး ပပျောက်ရေးဟာ ကမ္ဘာ့အကြီးမားဆုံး စိန်ခေါ်မှုဖြစ်ပြီး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ ဆင်းရဲမှုကို ဖြေရှင်းဖို့ အခိုင်အမာ ဆုံးဖြတ်ထားသည့်အားလျော်စွာ တစ်ဖက်မှာ စီးပွား ရေးနဲ့ လူမှုရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသလို အခြားတစ်ဖက်မှာလည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ရေရှည်တည်တံ့ရေးတို့ကို အလေးဂရုပြုပြီး ချိန်ညှိဆောင်ရွက် နေပါတယ်။ စီးပွားရေးတိုးတက်မှု ရရှိစေဖို့သာမက ယင်းထက် ပိုမျှော်မှန်းချက်ထားတဲ့  မဟာ ဗျူဟာများစွာကိုလည်း ချမှတ်ဖော်ဆောင်လျက်ရှိပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံရဲ့ ဆင်းရဲမှုဟာ ၂၀၀၅ ခုနှစ်က ၄၈ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်မှာ ၂၄ ဒသမ ၈ ရာခိုင်နှုန်းသို့ ထက်ဝက် ကျဆင်းခဲ့တဲ့အတွက် ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုများ အကျိုးရလဒ်ကောင်းတွေ ထွက်ပေါ်နေပြီဆိုတာကို ပြောကြားလိုပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအနေနဲ့ မြန်မာအစိုးရဟာ ၂၀၃၀ အာဂျင်ဒါ အကောင် အထည်ဖော်ရေးအတွက် ကတိကဝတ်ပြုကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။ စဉ်ဆက် မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ အောင်မြင်နိုင်ရေးအတွက် MSDP လို့ ခေါ်တဲ့ လူမှုရေး၊ စီးပွားရေးနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ဘက်စုံပြုပြင်ပြောင်းလဲမှု မူဝါဒတစ်ရပ်အဖြစ် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းကို မြန်မာနိုင်ငံတွင် ချမှတ်ခဲ့ပြီးဖြစ်ပါတယ်။ မြန်မာ နိုင်ငံဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ လျင်မြန်တဲ့ စီးပွားရေးတိုးတက်မှု ရှိခဲ့ပါတယ်။ ၂၀၁၈-၂၀၁၉  ခုနှစ်များမှာ နှစ်စဉ် စီးပွားရေးတိုးတက်နှုန်း ၆ ဒသမ ၅ ရာခိုင်နှုန်း ရှိခဲ့ပြီး၊ ‌စီးပွားရေး လျင်မြန်စွာ တိုးတက်မှုအရှိဆုံး ဒေသတွင်းနိုင်ငံများထဲမှာ တစ်ခုအပါအဝင် ဖြစ်လာ ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေးကို ဖွင့်ပေးခဲ့တဲ့အတွက် ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုတွေ သိသိသာသာ တိုးတက်လာ ခဲ့ပါတယ်။ ဒီလိုတိုးတက်မှုတွေ ဆက်လက်ရရှိနိုင်ဖို့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒတွေကို ပြည်တွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ကတိကဝတ်တွေ၊ လွတ်လပ် မှုရှိပြီး အားလုံးပါဝင်တဲ့မူတွေနဲ့ ကိုက်ညီအောင် ဆက်လက်ပြင်ဆင်သွားမှာ ဖြစ်ပါတယ်။

အရည်အသွေးမြင့် ပညာရေး

သဘာပတိကြီးခင်ဗျား-

အရည်အသွေးမြင့် ပညာရေးကို သင်ယူနိုင်ဖို့ သာတူညီမျှ အခွင့်အလမ်းရှိခြင်းဟာ နိုင်ငံ တစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံဖြစ်တယ်ဆိုတာ မြန်မာနိုင်ငံအနေနဲ့ အပြည့်အဝ လက်ခံပါတယ်။ ကျောင်းသားကျောင်းသူများ၊ အရွယ်ရောက်ပြီးသူများနဲ့ လူငယ်များရဲ့ ဘဝ တစ်သက်တာ ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်း ရည်မှန်းချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ဆိုရင် လာမယ့်နှစ်များမှာ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကို အဓိကပြုပြင်ပြောင်းလဲမှုတွေ မဖြစ် မနေ လုပ်ဆောင်ရမှာဖြစ်ကြောင်းကို ကျွန်တော်တို့ရဲ့ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (NESP) မှာ အသိအမှတ် ပြုဖော်ပြထားပါတယ်။

ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ရေးနှင့် သဘာဝပတ်ဝန်းကျင်

သဘာပတိကြီးခင်ဗျား၊

ရာသီဥတုပြောင်းလဲမှုရဲ့ ဆိုးရွားတဲ့ အကျိုးဆက်တွေဟာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းများအပေါ်မှာ အဟန့်အတားများ သိသိသာသာ ဖြစ်ပေါ်စေပြီး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု အောင်မြင်ရေးအတွက် ကျွန်တော်တို့အနေနဲ့ ခက်ခက်ခဲခဲ ရရှိထားတဲ့ တိုးတက်မှုတွေကို        ခြိမ်းခြောက်လျက်ရှိပါတယ်။ အမှန်စင်စစ် ရာသီဥတုပြောင်းလဲမှုဟာ လက်ရှိအချိန်ကာလမှာ အဆုံးအဖြတ်ပေးတဲ့ အရေးကိစ္စတစ်ခုလို့တောင် ဆိုနိုင်ပါတယ်။ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ရည်မှန်းချက်များ အောင်မြင်ဖို့အတွက် အခွင့်အရေးတစ်ရပ် ရရှိနိုင်ဖို့ဆိုရင် ပတ်ဝန်းကျင်ယိုယွင်းမှုတွေကို ရပ်တန့်ဖို့နဲ့ ပြောင်းလဲပစ်ဖို့ အရေးတကြီးလုပ်ဆောင်မှုတွေ လိုအပ်ပါတယ်။ ကျွန်တော့် အနေနဲ့ ရာသီဥတုပြောင်းလဲမှု တုံ့ပြန်ရေးဆိုင်ရာ ညီလာခံကျင်းပခြင်းကို ကြိုဆိုပါတယ်။ ရာသီဥတုပြောင်းလဲမှုကို အရေးတကြီး တုံ့ပြန်ဆောင်ရွက်ရန် လိုအပ်ပြီး၊ ပါရီသဘောတူညီချက်နဲ့ ကျိုတိုပရိုတိုကောလ်တို့ကို အကောင်အထည်ဖော်ဖို့ အရေးကြီးကြောင်းကိုလည်း အလေးထား ပြောကြားလိုပါတယ်။

ကျွန်တော်တို့ နိုင်ငံရဲ့ အလားအလာတွေကို အပြည့်အဝ ဖော်ဆောင်နိုင်ဖို့အတွက် နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းပြီး၊ စီမံခန့်ခွဲရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ရာသီဥတုဒဏ်ခံနိုင်ပြီး၊ ကာဗွန်ထုတ်လွှတ်မှုနည်းပါးတဲ့ အသိုက်အဝန်းတစ်ခုအဖြစ်ကို တစ်ဖြည်းဖြည်း ပြောင်းလဲနေပါတယ်။ ဒီအသိုက်အဝန်းဟာ အမှန်တကယ် ရေရှည်တည်တံ့ပြီး သာယာဝပြောကာ အားလုံးပါဝင်နိုင်ရမှာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေနဲ့ သစ်တောဥပဒေ သစ်တို့ကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုရည်မှန်းချက်နဲ့ အခြားအပြည်ပြည်ဆိုင်ရာ ကတိကဝတ်များ နဲ့အညီ ၂၀၁၈ ခုနှစ်အတွင်းက အသီးသီး အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ယခုနှစ်အတွင်း မှာ မူဝါဒအသစ် နှစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံ၊ အမျိုးသားပတ်ဝန်းကျင်ရေးရာ မူဝါဒနဲ့ မြန်မာနိုင်ငံ အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒတို့ကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီမူဝါဒတွေဟာ ပတ်ဝန်းကျင်ကဏ္ဍ စီမံခန့်ခွဲမှုတွေနဲ့ ပတ်သက်လို့ အစိုးရရဲ့ ဆုံးဖြတ်ချက်ချမှတ်ရေးမှာ ဦးဆောင်လမ်းပြပေးကြမှာ ဖြစ်ပါတယ်။

နိုင်ငံစုံဆက်ဆံမှုစနစ်

သဘာပတိကြီးခင်ဗျား၊

ကုလသမဂ္ဂဟာ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်၊ တောင့်တချက်များထားရှိရာ နိုင်ငံစုံ ဆက်ဆံမှုစနစ်ရဲ့ အချက်အချာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ကမ္ဘာဟာ ပြုပြင်ပြောင်းလဲမှုနဲ့ ပထဝီနိုင်ငံရေး အလှည့်အပြောင်းများရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပါတယ်။ ကုလသမဂ္ဂနဲ့ အခြားနိုင်ငံတကာအဖွဲ့အစည်းများအနေနဲ့ ပြည်သူများနဲ့ နိုင်ငံများရဲ့ မျှော်လင့်ချက်နဲ့ အဖွဲ့ အစည်းတွေရဲ့ တုံ့ပြန်မှုနဲ့ မူဝါဒများအကြား အဆက်အသွယ် ပြတ်တောက်နေမှုတွေကို သတိပြု မိဖို့ လိုအပ်ပါတယ်။ ဒီလိုဖြစ်ပေါ်မှုဟာ အပြည်ပြည်ဆိုင်ရာစနစ်များနဲ့ အဖွဲ့အစည်းများအပေါ်မှာ အယုံအကြည်ကင်းမဲ့မှုကို ဖြစ်ပေါ်စေပြီး အမျိုးသားရေးနဲ့ လူအများကြိုက် မူဝါဒတွေ ပိုမို ကြီးထွားလာတာက သက်သေခံလျက်ရှိပါတယ်။ ကမ္ဘာတစ်ဝန်း ဆက်စပ်ပြောင်းလဲမှုဖြစ်စဉ်၊ ဆင်းရဲချမ်းသာ အချိုးမညီမျှမှု၊ အကြမ်းဖက်အန္တရာယ်နဲ့ နေရပ်ရွှေ့ပြောင်းမှုတွေအပေါ် စိုးရိမ်ပူပန်မှုတွေနဲ့ ပတ်သက်ပြီး အားမလိုအားမရဖြစ်ခြင်းဟာ Unilateralism လို့ခေါ်တဲ့ တစ်ကိုယ်တော်ဝါဒကို ပိုမိုထွန်းကားစေပါတယ်။

တစ်ချိန်က ဦးစားပေးလုပ်ငန်းစဉ်များနဲ့ သဘောထားအမြင် တူညီခဲ့ကြတဲ့ နိုင်ငံအချို့ဟာ အခုအချိန်မှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံအကြား နိုင်ငံရေးနဲ့ စီးပွားရေးအရ တစ်စတစ်စ ဝေးကွာလာ နေကြပြီဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးပုံစံဟာလည်း အသွင်ပြောင်းလာနေပြီ ဖြစ်ပါ တယ်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို အတူတကွ ပေါင်းစည်းပေးနိုင်မယ့် ဘုံရပ်တည်ချက် ရရှိ ရေးဟာ ပထဝီနိုင်ငံရေး အခင်းအကျင်းသစ်မှာ ပိုမိုခက်ခဲလာနေတယ်ဆိုတာ နိုင်ငံတွေအနေနဲ့ သဘောပေါက်လာကြပြီဖြစ်ပါတယ်။

သဘာပတိကြီးခင်ဗျား၊

ကုလသမဂ္ဂအနေနဲ့ ဒီကိစ္စတွေကို သေချာစွာ ဆန်းစစ်ကြည့်ဖို့ လိုနေပြီဖြစ်ပါတယ်။ ကုလသမဂ္ဂအနေနဲ့ ထိန်းချုပ်ရန်ခက်ခဲတဲ့ လုပ်ပိုင်ခွင့်တွေနဲ့ တစ်ဖက်သတ် လုပ်ဆောင်ခွင့်များကို ခွင့်ပြုခဲ့သည့် အမှားမျိုး ထပ်မမှားအောင် ရှောင်ရှားရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အဲသည်လိုဆောင်ရွက်မှုများဟာ အကျိုးသက်ရောက်မှု မရှိစေသောကြောင့် ဖြစ်ပါတယ်။ ကုလသမဂ္ဂဟာ အဖွဲ့ဝင်နိုင်ငံတွေကို ပစ်မှတ်ထားဖို့အတွက် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း တွေကို လက်နက်တစ်ခုအဖြစ် အသုံးချတာမျိုး ဘယ်သောအခါမျှ မပြုသင့်ပါ။ နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို  ထိန်းသိမ်းကာ ပိုမိုကောင်းမွန်ပြီး၊ အရည်အသွေးပြည့်ဝတဲ့ လုပ်ငန်းတွေကို အတူတကွ ပူးပေါင်းလုပ်ဆောင်သင့်ကြောင်း ပြောကြားလိုပါတယ်။ စံနှုန်းနှစ်မျိုးကျင့်သုံးမှုနဲ့ ခြွင်းချက်ထားသည့် မူဝါဒ (exceptionalism) ကို သမာသမတ်ရှိစွာ ရှောင်ရှားရမှာ ဖြစ်ပါတယ်။ သို့မဟုတ်ပါက ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် မျှော်လင့်ချက် မီးရှူးတန်ဆောင်ဖြစ်တဲ့ ကုလသမဂ္ဂအပေါ်ထားကြတဲ့ ယုံကြည်မှုတွေ ပျက်သုဉ်းသွားမှာ ဖြစ်ပါတယ်။ နိုင်ငံပေါင်းစုံအတူ ကြိုးပမ်းအားထုတ်မှုများဖြင့်သာ ဖြေရှင်းနိုင်မယ့် အရေးကြီးကိစ္စရပ်တွေအတွက် ဒီလိုယုံကြည်မှု ပျက်သုဉ်းခံရတာမျိုး မဖြစ်သင့်ပါဘူး။ ကုလသမဂ္ဂရဲ့တန်ဖိုးကို ရုပ်ဝတ္ထုကြွယ်ဝချမ်းသာမှုနဲ့ နိုင်ငံရေးဩဇာ လွှမ်းမိုးမှုတို့က အဆုံးအဖြတ်ပေးနေတယ်လို့ မည်သည့်နိုင်ငံကိုမျှ အတွေး မရောက်စေသင့်ပါဘူး။

ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရေး

သဘာပတိကြီးခင်ဗျား-

မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းလျက်ရှိရာမှာ ပြည်တွင်းပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့အဖြေရှာဖို့အတွက်  နိုင်ငံရေးဆွေးနွေးပွဲတွေကို ပြုလုပ်လျက်ရှိပါတယ်။ ရေရှည်တည်တံ့ပြီး၊ အားလုံးပါဝင်တဲ့ ဖွံ့ဖြိုးမှုဆီသို့ ဦးတည်လျက်ရှိတဲ့ မြန်မာနိုင်ငံရဲ့ ခရီးလမ်း ကြောင်းမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးဟာ ယှဉ်တွဲပါဝင်နေပါတယ်။ တရားဥပဒေစိုးမိုးရေး ဟာ ဒီမိုကရေစီအုပ်ချုပ်မှုမှာ အခြေခံကျတဲ့ မူဝါဒတစ်ခုအဖြစ် ကျွန်တော်တို့က ရှုမြင်ပါတယ်။ အစိုးရနဲ့ ဥပဒေပြုလွှတ်တော်တို့အနေနဲ့ ပြည်သူများရဲ့ အကျိုးစီးပွား ဖော်ဆောင်နိုင်စေဖို့ အတွက် ဥပဒေတွေကို ပွင့်လင်းမြင်သာမှုရှိစေဖို့နဲ့ ဥပဒေရဲ့ ရှေ့မှောက်မှာ အားလုံးတန်းတူညီမျှ ဖြစ်စေဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံတစ်ဝန်းမှာ သဟဇာတရှိမှုနဲ့ တရားမျှတမှုတို့ လွှမ်းမိုး စေဖို့အတွက် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး၊ တရားရုံးများ သီးခြားလွတ်လပ်ခွင့် ပိုမိုရှိစေ ရေးနဲ့ တရားစီရင်မှုတွေ ပွင့်လင်းပြီး မျှတမှုရှိစေရေးတို့အတွက်လည်း စီမံဆောင်ရွက်လျက် ရှိပါ တယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး

သဘာပတိကြီးခင်ဗျား၊

ယခုပြောကြားခဲ့တဲ့ ကဏ္ဍတွေနဲ့ အခြားကဏ္ဍတွေမှာ တိုးတက်မှုတွေ ရရှိနိုင်ဖို့အတွက် ပြည်သူများရဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို အမှန်တကယ် ကာကွယ်မြှင့်တင်နိုင်မယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် လိုအပ်ပါတယ်။ ဒါ့ကြောင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပြဋ္ဌာန်း ချက်အချို့ကို ပြင်ဆင်နိုင်ရေးအတွက် လွှတ်တော်ဟာ သိသာထင်ရှားတဲ့ ဆောင်ရွက်မှုတွေကို လုပ်ဆောင်လျက်ရှိပါတယ်။ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီကို ဖွဲ့စည်းခဲ့ပြီးဖြစ်ပါတယ်။ ကော်မတီအနေနဲ့ နိုင်ငံရေးပါတီအသီးသီးက ပေးပို့လာတဲ့ ပြင်ဆင်ရမယ့် အချက်ပေါင်း (၃၇၀၀) ကျော်ကို စုစည်းခဲ့ပြီး၊ တွေ့ရှိချက်တွေအပေါ်မှာ အခြေခံတဲ့ ပြင်ဆင်ချက် ဥပဒေမူကြမ်းကို ဆက်လက်တင်သွင်းသွားဖို့ ရည်ရွယ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီအရေး ကြိုးပမ်းအားထုတ်မှုများနဲ့ ယင်းနဲ့ဆက်နွယ်မှုရှိတဲ့ ပြုပြင်ပြောင်းလဲမှုများဟာ အရှိန်အဟုန်မပြတ် ဆက်လက်ရှင်သန် တိုးတက်ဖြစ်ပေါ်နေပါတယ်ဆိုတာ ပြောကြားလိုပါတယ်။

ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး

သဘာပတိကြီးခင်ဗျား-

မြန်မာနိုင်ငံဟာ  တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ရာ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နှစ်ပေါင်း ရှည်ကြာတဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခသမိုင်းကြောင်းလည်း ရှိနေပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဟာ ကျွန်တော်တို့ အစိုးရရဲ့ အဓိကဦးစားပေးဖြစ်ပါတယ်။ ကျင်းပပြီးစီးခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၃) ကြိမ်မှာ ပြည်ထောင်စုငြိမ်းချမ်းရေး သဘောတူစာချုပ်မှာ ပါဝင်မယ့် အခြေခံမူ (၅၁) ချက်ကို ချမှတ်ခဲ့ပါတယ်။ ဒီသဘောတူစာချုပ် ဟာ လုံခြုံမှု၊ သာယာဝပြောမှု၊ ငြိမ်းချမ်းမှုနဲ့ အမျိုးသားသဟဇာတဖြစ်မှုတွေကို အာမခံပေးနိုင်မယ့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်စေမှာပဲဖြစ်ပါတယ်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်မှာ စုစုပေါင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀) ဖွဲ့ လက်မှတ်ရေးထိုးခဲ့ကြပြီး ဖြစ်ပါတယ်။

ဒီသဘောတူစာချုပ်ရဲ့ လွှမ်းခြုံနိုင်မှုကို မကြာသေးမီက တိုးချဲ့နိုင်ခဲ့ပေမယ့်  လက်မှတ် မရေးထိုးရသေးတဲ့ အဖွဲ့အားလုံး ပါဝင်လာနိုင်ရေးအတွက် ရှေ့ဆက်ပြီး များစွာ ကြိုးပမ်းရဦးမှာ ဖြစ်ပါတယ်။ စိန်ခေါ်မှုတွေရှိနေသော်ငြား စေ့စပ်ဆွေးနွေးမှုတွေကို ဆက်လက်ပြုလုပ်လျက် ရှိပါတယ်။ အောင်မြင်တဲ့ ရလဒ်ဖြစ်ပေါ်လာဖို့အတွက် အဖွဲ့အားလုံးရဲ့ ဖြေလျှော့မှု၊ လိုက်လျောမှု၊ စိတ်ရှည်မှုအပြင် မိတ်ဆွေများရဲ့ ဆက်လက်အားပေးကူညီမှုများလည်း လိုအပ်ပါတယ်။ ကျွန်တော်တို့ဟာ မတူကွဲပြားတဲ့အမြင်တွေကို ဆွေးနွေးမှု၊ ညှိနှိုင်းမှု နည်းလမ်းများနဲ့ ဖြေရှင်းသွားမှာဖြစ်ပါတယ်။ ဒါမှသာ အပြန်အလှန် ယုံကြည်နားလည်မှုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အရေးကိစ္စ

သဘာပတိကြီးခင်ဗျား-

ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ပတ်သက်ပြီး မကြာသေးမီက ဖြစ်ပေါ်တိုးတက်မှုများကို ပြောကြားလိုပါတယ်။ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရေးလုပ်ငန်းစဉ်ဟာ နုနယ်ပြီး၊ ပြီးပြည့်စုံခြင်း မရှိသေးပါဘူး။ ကျွန်တော်တို့ဟာ ဆင်းရဲနွမ်းပါးမှု လောင်းရိပ်အောက်က လွတ်မြောက်နိုင်အောင် ရုန်းကန်နေချိန်၊ အားလုံးပါဝင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ငြိမ်းချမ်းရေးရရှိရေးအတွက် ကြိုးပမ်းနေချိန်မှာ ပြီးပြည့်စုံမှု မရှိသေးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက အစပြုလို့ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအထိ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားရမှာ ဖြစ်ပါတယ်။ နက်နဲတဲ့သမိုင်းကြောင်း အမြစ်တွယ်နေတဲ့ ရခိုင်ပြည်နယ်အရေးကိစ္စဟာ ဒီစိန်ခေါ်မှုတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ထိခိုက်ခံရသူအသိုက်အဝန်း များအတွက် နိုင်ငံတကာအသိုက်အဝန်းရဲ့ စိုးရိမ်ပူပန်မှုကို ကျွန်တော်တို့ အပြည့်အဝ ဝေမျှခံစားရ ပါတယ်။ အမှန်စင်စစ် မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေခဲ့တာဟာ လက်ရှိလူသားချင်းစာနာမှု ပဋိပက္ခကို စတင်ဖြစ်ပေါ်စေခဲ့တဲ့ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ် အာဆာအကြမ်းဖက်အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ မတိုင်မီ ကတည်းက ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ ပတ်သက်ပြီး ရေရှည်အဖြေကိုရှာဖို့အတွက် ၂၀၁၆ ခုနှစ်မှာ နိုင်ငံတော်တာဝန်ကို စတင်ယူပြီးကတည်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော် ရေးဗဟိုကော်မတီနဲ့ ဒေါက်တာကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်တို့ကို ဖွဲ့စည်းခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ ဒီလိုသိမ်မွေ့ပြီး၊ ထိလွယ်ရှလွယ်ရှိတဲ့ အရေးကိစ္စတွေအတွက် ရေရှည်တည်တံ့ပြီး လက်တွေ့ကျတဲ့ အဖြေရှာမှုတွေ ပြုလုပ်သွားဖို့ပဲဖြစ်ပါတယ်။

ရခိုင်အရေးကိစ္စဟာ ဒီမိုကရေစီစနစ်သို့ လျှောက်လှမ်းနေတဲ့ မြန်မာနိုင်ငံအနေနဲ့ ရင်ဆိုင်နေရတဲ့ အရှုပ်ထွေးဆုံး စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်။ နိုင်ငံတွင်းမှာ ရေရှည်တည်ငြိမ်ရေး၊ လုံခြုံရေးနဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးအတွက် ဘက်စုံပါဝင်တဲ့ နည်းလမ်းနဲ့ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ ကျွန်တော်တို့ရဲ့ လက်ရှိဦးစားပေးလုပ်ငန်းက နေရပ်စွန့်ခွာသူများကို စိစစ်ပြီး ပြန်လည်လက်ခံရေးနဲ့ ပြန်လည်ရောက်ရှိလာသူများအတွက် ပိုမိုကောင်းမွန်တဲ့ ပတ်ဝန်းကျင် ဖန်တီးပေးရေးတို့ပဲ ဖြစ်ပါတယ်။ ဒီအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၊ အာဆီယံ၊ မိတ်ဆွေများ၊ အလှူရှင်များနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်က စခန်းတွေမှာ နေရပ်စွန့်ခွာသူများ ပြန်လည်လာရောက်ရေးကို ဟန့်တားဖို့နဲ့ သူတို့ရဲ့ ဒုက္ခတွေကို အမြတ်ထုတ်ဖို့အတွက် ဖျက်လိုဖျက်ဆီးလုပ်ရပ်တွေ အပါအဝင် အခက်အခဲပေါင်းများစွာကို ဖြေရှင်းဖို့ လိုအပ်နေတယ်ဆိုတာ မြန်မာနိုင်ငံအနေနဲ့ သိရှိ ထားပါတယ်။ အဆင်ပြေချောမွေ့တဲ့ ပြန်လည်လက်ခံရေးဖြစ်ဖို့ စစ်မှန်တဲ့ နိုင်ငံရေးဆန္ဒ၊ ခိုင်မာတဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ လက်မှတ်ရေးထိုး သဘောတူညီထားတဲ့ ကတိကဝတ်တွေကို အတိအကျ လိုက်နာဖို့ လိုအပ်ပါတယ်။

သဘာပတိကြီးခင်ဗျား

ကော့စ်ဘဇားမှာရောက်နေတဲ့ ရခိုင်ပြည်နယ်မှာ နေထိုင်ခဲ့ဖူးကြသော နေရပ်စွန့်ခွာသူ တွေထဲမှာ နေထိုင်ခွင့် အဆင့်အတန်း အမျိုးမျိုးရှိသူများ ပါဝင်ကြပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားတဲ့ နှစ်နိုင်ငံသဘောတူညီချက်နဲ့ အညီ ၎င်းတို့ကို ပြန်လည်လွှဲပြောင်းလက်ခံလိုတဲ့ ဆန္ဒရှိပါတယ်။ ပြန်လည်ဝင်ရောက်မယ့်သူတွေ ကို သက်သေခံကတ်ပြား ထုတ်ပေးဖို့အတွက် အဆိုပါ သဘောတူညီချက်မှာ ဖော်ပြထားပါတယ်။ ကျွန်တော်တို့ရဲ့ နိုင်ငံသားဥပဒေနဲ့ ကိုက်ညီတဲ့သူတွေကို နိုင်ငံသားကတ်ပြားတွေ ထုတ်ပေးမှာ ဖြစ်ပါတယ်။ ကျန်တဲ့သူတွေကိုတော့ NVC ကတ်ပြားတွေ ထုတ်ပေးမှာဖြစ်ပါတယ်။ ဒီကတ်များ ဟာ အမေရိကန်နိုင်ငံမှာ အခြေချရန် ဝင်ရောက်လာသူတွေ လိုလိုလားလား လျှောက်ထားကြတဲ့ “green card” နဲ့ ဆင်တူပါတယ်။

အိမ်နီးချင်းနိုင်ငံများကြား ဖြစ်ပေါ်တဲ့အရေးကိစ္စတွေကို နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ဖြေရှင်းနိုင်မယ်၊ ဖြေရှင်းရမယ်လို့ မြန်မာနိုင်ငံအနေနဲ့ အခိုင်အမာ ယုံကြည်ပါတယ်။ ကော့စ်ဘဇားမှာရှိတဲ့ နေရပ်စွန့်ခွာသူများရဲ့ လက်ရှိအရေးကိစ္စကို မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံအကြား အထူးသဖြင့် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလကတည်းက လက်မှတ်ရေးထိုးခဲ့တဲ့ နှစ်နိုင်ငံ သဘောတူညီချက်အရ ဖြေရှင်းနိုင်ပြီး၊ ဖြေရှင်းသွားရမှာလည်း ဖြစ်ပါတယ်။ သို့သော်လည်း မြန်မာနိုင်ငံအပေါ် ဖိအားပေးဖို့ တောင်းဆိုမှုတွေ ဆက်တိုက်ပြုလုပ်နေတာတွေ ရှိပါတယ်။ မြန်မာနိုင်ငံအတွင်း “Safe Zone” တည်ထောင်ဖို့ တောင်းဆိုမှုလည်းရှိပါတယ်။ ဒီလို တောင်းဆိုမှု ဟာ ခွင့်ပြုမှာလည်းမဟုတ်သလို ဘယ်လိုနည်းနဲ့မျှ ဖြစ်နိုင်မှာလည်း မဟုတ်ပါဘူး။ ဒီနေရာမှာ တင်ပြချင်တာက အာဆာအဖွဲ့ရဲ့ သတ်ဖြတ်မှုများ၊ ခြိမ်းခြောက်ဟန့်တားမှုများ ရှိတဲ့ကြားထဲက နေရပ်စွန့်ခွာသူ (၃၀၀) ခန့်ဟာ သူတို့ရဲ့ဆန္ဒသဘောအရ သူတို့အစီအစဉ်နဲ့  ပြန်လည်ဝင်ရောက်လာပြီး လုံခြုံပြီး သိက္ခာရှိတဲ့ ဘဝတွေကို ပြန်လည်ထူထောင်နေပြီ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်အနေနဲ့ နေရပ်စွန့်ခွာသူများအရေးကိစ္စ ဖြေရှင်းရေးအတွက် အသင့်လျော်ဆုံး နည်းလမ်းဖြစ်တဲ့ နှစ်နိုင်ငံသဘောတူညီချက်တွေကို တိတိကျကျ လိုက်နာဆောင်ရွက်ဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်။ ဒါ့အပြင် ဟိန္ဒူဘာသာဝင် (၄၀၀) ကျော်အပါအဝင် မြန်မာနိုင်ငံကို ပြန်လိုကြောင်း ယခင်ကတည်းက ဆန္ဒပြုထားပြီးဖြစ်တဲ့သူများကိုလည်း ဆောလျင်စွာ ပြန်လည်လွှဲပြောင်းပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တောင်းဆိုပါတယ်။ ဟိတ်ဟန်ကြီးကြီးနဲ့ တောင်းဆိုမှု အသစ်တွေ၊ ခြွင်းချက်အသစ်တွေ ပြုလုပ်နေမှုဟာ အချည်းနှီးသာဖြစ်ပါတယ်။ မြန်မာပြည်သူများဟာ လက်တွေ့ကျပြီး၊ ကြံ့ကြံ့ခံနိုင်ကြပါတယ်။ ကျွန်တော်တို့အနေနဲ့ အခြားနိုင်ငံများနဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို တန်ဖိုးထားသော်လည်း အချုပ်အခြာအာဏာ ပိုင်ဆိုင်ပြီး လွတ်လပ်တဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်တာနဲ့အညီ မျှတမှုနဲ့ စဉ်းစား ချင့်ချိန်မှု မရှိတဲ့ အကျပ်ကိုင်မှုတွေကိုတော့ လက်ခံပြန်ကြားမှာ မဟုတ်ပါဘူး။

ယခု စက်တင်ဘာလ ၁၅ ရက်နေ့က မြန်မာနိုင်ငံ လွှတ်တော်မှာ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကျင်းပရာမှာ နိုင်ငံရေးပါတီအသီးသီးက နိုင်ငံရေးလှုပ်ရှားသူများ မိန့်ခွန်းပြောကြားခဲ့ကြပါတယ်။ ရခိုင်အရေးကိစ္စနဲ့ပတ်သက်ပြီး တိုင်းရင်းသား လူနည်းစု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့ ပြောကြားချက်ကို အလေးထားပြောကြားလိုပါတယ်။ ၎င်းက မြန်မာနိုင်ငံအပေါ် ဖိအားပေးမှုတွေနဲ့ ပတ်သက်ပြီး “သူတို့ဟာ ကျွန်တော်တို့ရဲ့ ပိုင်နက်နယ်မြေ တည်တံ့မှုနဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို မထီမဲ့မြင်လုပ်နေကြတယ်။ အချုပ်အခြာအာဏာ ပိုင်ဆိုင်ပြီး လွတ်လပ်တဲ့နိုင်ငံတွေက ပြည်သူများသာ ဒီမိုကရေစီရဲ့ အနှစ်သာရကို ခံစားနိုင်မှာ ဖြစ်တယ်" လို့ ပြောကြားခဲ့ပါတယ်။

တာဝန်ခံမှု

သဘာပတိကြီးခင်ဗျား၊

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာများကြောင့် ထိခိုက်ခံစားရသူများအားလုံးကို ကျွန်တော်တို့အနေနဲ့များစွာ စာနာထောက်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ‌အလုံးအရင်းနဲ့ နေရပ်စွန့်ခွာမှုများဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး  မမှန်မကန် လုပ်ရပ်တွေရှိခဲ့ပါက တာဝန်ခံမှုရှိစေရေးအပေါ် မြန်မာနိုင်ငံအနေနဲ့ ဆန့်ကျင် ရပ်တည်နေခြင်းမဟုတ်ပါ။ ကျွန်တော်တို့အနေနဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေကြောင်းရဲ့ အခြေခံ မူဝါဒများအပေါ် စွဲမြဲစွာ ရပ်တည်ဆောင်ရွက်လျက်ရှိပါတယ်။

၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့မှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အထူးစုံစမ်း စစ်ဆေးရေး အစီအစဉ်တစ်ရပ်အနေနဲ့ ဖွဲ့စည်းခဲ့တဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ လုပ်ငန်းအကြံပြုချက်များ ပါဝင်တဲ့အစီရင်ခံစာကို တင်သွင်းနိုင်ရန် ပြင်ဆင်လျက်ရှိပါတယ်။ အခြားကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေလိုဘဲ မြန်မာနိုင်ငံမှာလည်း ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ စစ်ဘက်တရားစီရင်မှုစနစ် ရှိပါတယ်။ ရခိုင်ပြည်နယ်ဆိုင်ရာ စွပ်စွဲချက်များနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများကို စစ်ဥပဒေချုပ်ရုံးက ဆောင်ရွက်လျက်ရှိပါတယ်။ မကြာသေးမီက ကြေညာချက်များအရ စစ်ဘက်ဆိုင်ရာခုံရုံးတစ်ခု ထူထောင်သွားမယ်လို့ သိရှိရပါတယ်။ လွတ်လပ်တဲ့ ပြည်တွင်းစုံစမ်းစစ်ဆေးမှုများရဲ့ သမာသမတ် ဂုဏ်သိက္ခာရှိမှုကို နိုင်ငံတကာက လှုပ်ရှားဆောင်ရွက်သူများကြောင့် ထိခိုက်လျော့ပါးစေခြင်း မပြုသင့်ကြောင်းကိုလည်း ပြောကြားလိုပါတယ်။

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၄ ရက်မှာ အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး (ICC) ရဲ့ ရှေ့နေက ရခိုင်ပြည်နယ်ကိစ္စ စွပ်စွဲချက်များနဲ့ ပတ်သက်ပြီး ကနဦး စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နိုင်ဖို့ တောင်းဆိုခဲ့ပါတယ်။  ဒီတောင်းဆိုမှုမှာ နေရပ်စွန့်ခွာမှုတွေ ဖြစ်ပေါ်စေခဲ့တဲ့ အာဆာအဖွဲ့ရဲ့ ပြစ်မှုတွေကို တမင်ချန်လှပ်ထားခြင်း၊ သူမအနေနဲ့ အပြည်ပြည်ဆိုင်ရာနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းဥပဒေများနဲ့ပတ်သက်ပြီး အချက်အလက် အမှားအယွင်းများစွာ ပါဝင်တဲ့ လူ့အခွင့်အရေး အစီရင်ခံစာတွေပေါ်မှာ အလွန်အကျွံ ယုံကြည်ထားခြင်းနဲ့ မြန်မာနိုင်ငံရဲ့ ပြစ်မှုဆိုင်ရာ တရားစီရင်မှုစနစ်ကို လွဲမှားစွာ ပုံဖော်နေခြင်းတို့ကြောင့် ဒီတောင်းဆိုမှုဟာ ရှုပ်ထွေးတဲ့ ပြဿနာရပ်ဖြစ်ကြောင်း သီးခြားလွတ်လပ်သော ပညာရှင်များက သုံးသပ်ကြပါတယ်။ မြန်မာနိုင်ငံဟာ ရောမသဘောတူစာချုပ် (Rome Statute) မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့နိုင်ငံ မဟုတ်တဲ့ အတွက် ဒီဝေဖန်မှုတွေက ပိုမိုပြင်းထန်လာရတာ ဖြစ်ပါတယ်။ ယင်းတရားရုံးအနေနဲ့ မြန်မာနိုင်ငံ အပေါ် စွပ်စွဲထားတဲ့ ပြစ်မှုများအတွက် တရားစီရင်ပိုင်ခွင့် မရှိဘူးဆိုတဲ့ မိမိတို့ရဲ့ ရပ်တည်ချက် ဟာ ပြောင်းလဲမှာ မဟုတ်ဘူး ဆိုတာကိုလည်း  ပြောကြားလိုပါတယ်။

            ICC ရှေ့နေဟာ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို လူအမြောက်အမြား စွန့်ခွာထွက်ပြေးတဲ့ကိစ္စကိုသာ အလေးထားနေပြီး၊ နေရပ်စွန့်ခွာမှုကို ဖြစ်စေတဲ့ ကျယ်ပြန့်တဲ့ လက်တလောနဲ့ ရေရှည်အကြောင်းတရားတွေ၊ ပါဝင်ပတ်သက်သူတွေနဲ့ စပ်လျဉ်းလို့တော့ ရေငုံ နှုတ်ပိတ်လျက်ရှိပါတယ်။ ဒီလိုရေငုံနှုတ်ပိတ်နေခြင်းဟာ ICC နဲ့ မြန်မာပြည်သူတွေအကြား သဘောထား ပိုမိုဝေးကွာစေမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယခုလိုဆောင်ရွက်ချက်ဟာ မြန်မာပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုကို အလေးမထားဘဲ မြေပြင်အခြေအနေကို အပေါ်ယံလောက်သာ သိထားကြတဲ့ ဩဇာညောင်းတဲ့ နိုင်ငံကြီးတွေ၊ အဖွဲ့အစည်းတွေရဲ့ သဘောထားကသာ ပိုပြီး အရေးကြီးကြောင်း ICC က ပြသနေတယ်လို့ မြန်မာပြည်သူတွေ ထင်မြင်ခံစားရခြင်းကြောင့် ဖြစ်ပါတယ်။

သဘာပတိကြီးခင်ဗျား၊

 မြန်မာနိုင်ငံဟာ နှစ်ပေါင်း (၁၀၀) ကျော် ဗြိတိသျှကိုလိုနီအဖြစ် ကျရောက်ခဲ့ပါတယ်။ အဲ့ဒီ အချိန်ကာလအတွင်းမှာ ကိုလိုနီနယ်ချဲ့တွေက ဆန်စပါးထုတ်လုပ်တင်ပို့မှု မြန်ဆန်စေဖို့အတွက် ဗြိတိသျှအိန္ဒိယကနေ မြန်မာနိုင်ငံထဲကို လူသိန်းနဲ့ချီပြီး ပို့ဆောင်ခဲ့ပါတယ်။ ၁၉၂၇ ခုနှစ် တစ်နှစ် တည်းမှာ သိမ်းပိုက်ခံ မြန်မာနိုင်ငံထဲကို လူ ၄၈၀,၀၀၀ ကျော် ဝင်ရောက်ခဲ့ပါတယ်။ မြန်မာ နိုင်ငံသားတွေဟာ သူတို့ရဲ့ အဓိကမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့မှာပင် လူနည်းစု ဖြစ်ခဲ့ရပါတယ်။ ဗြိတိသျှလက်ထက် ၁၈၇၂ ခုနှစ်၊ သန်းခေါင်စာရင်းအရ ယနေ့ စစ်တွေလို့ ခေါ်တဲ့ Akyab ခရိုင်မှာ မွတ်စလင် ၅၈,၂၅၅ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။ ၁၉၁၁ ခုနှစ်မှာ မွတ်စလင် ဦးရေဟာ ၁၇၈,၆၄၇ အထိ ရောက်ရှိလာခဲ့ပါတယ်။ နေရပ်ရွှေ့ပြောင်းမှုဟာ အဓိကအားဖြင့် လုပ်ခသက်သာတဲ့ ဗြိတိသျှအိန္ဒိယက အလုပ်သမားတွေကို စပါးစိုက်ပျိုးထုတ်လုပ်မှုအတွက် အလုပ်လုပ်ကိုင်ဖို့ လိုအပ်ခြင်းကြောင့်သာဖြစ်ပါတယ်။ ဘင်္ဂလားဒေသ အထူးသဖြင့် စစ်တကောင်းဒေသက သူတွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေကို အစုလိုက် အပြုံလိုက် ရောက်ရှိလာခဲ့ကြတာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်က အခြားကိုလိုနီအုပ်ချုပ်ခံနယ်မြေ တွေလိုပဲ ကျွန်တော်တို့ရဲ့ ဒေသခံလူထုဟာ သူတို့ရဲ့မြေပေါ်မှာ ဒီလိုကြီးမားတဲ့ လူဦးရေ ပြောင်းလဲမှုများ၊ လုပ်ဆောင်မှုများအပေါ် ပြောဆိုပိုင်ခွင့် မရရှိခဲ့ကြပါဘူး။ မည်သို့ပင်ဖြစ်စေ အကွက်ချပုံဖော်ထားတဲ့ အမွေဆိုးကို ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိချိန်မှာ  တာဝန်တစ်ရပ်အဖြစ် ကျွန်တော်တို့ လက်ခံရယူခဲ့ပါတယ်။ ၁၉၄၉ ခုနှစ်မှာမှ အရပ်သားတွေကို သိမ်းပိုက်ခံ နယ်မြေတွေထဲ လွှဲပြောင်းပို့ဆောင်ခြင်းကို အပြည်ပြည်ဆိုင်ရာဥပဒေမှာ အတိအလင်း တားမြစ်တဲ့ စတုတ္ထမြောက်ဂျီနီဗာကွန်ဗင်းရှင်းကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့် ဒီလိုလုပ်ရပ်တွေရဲ့ ဒုက္ခဖြစ်စေတဲ့ အကျိုးဆက်တွေကိုတော့ အသိအမှတ်ပြုခြင်း အလျဉ်း မရှိခဲ့ပါဘူး။

နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အဖြစ်အပျက်တစ်ခုတည်းအပေါ်မှာ မတူညီတဲ့ ဝေဖန် သုံးသပ်မှုတွေ ပြုလုပ်နေမယ်ဆိုရင် စံနှုန်းနှစ်မျိုး ကျင့်သုံးမှုလည်း ပိုမိုကြီးထွားလာမှာပဲဖြစ်ပါတယ်။ ဒီကိစ္စကို မဖြေရှင်းဘူးဆိုရင် ဒီလိုအယူအဆမျိုး တွေကြောင့် အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားစီရင်ရေးကို အားနည်းစေမှာဖြစ်ပြီး၊ အစွန်းရောက်သဘောထားကွဲလွဲမှု အန္တရာယ် တွေကို ပိုမိုဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။

ယခု အထွေထွေညီလာခံဟာ  အားလုံးအကျုံးဝင်တဲ့  နိုင်ငံစုံ ကြိုးပမ်းအားထုတ်မှုများကို လှုံ့ဆော်ရေးအတွက် အလေးထားတာကြောင့် ကျွန်တော်တို့အနေနဲ့ အကြမ်းဖက် ပဋိပက္ခများ၊ တာဝန်ခံမှု၊ လူမှုပေါင်းစည်းမှုနဲ့ အစွန်းရောက်မှုတွေရဲ့ ဆက်စပ်မှုနဲ့ အကြောင်းရင်းတွေကို ပြည့်စုံစွာ စဉ်းစားသုံးသပ်သင့်ပါတယ်။ နိုင်ငံတကာက တာဝန်ရှိသူများအနေနဲ့ နိုင်ငံအဆင့် တာဝန်ခံနိုင် မှု စွမ်းဆောင်ရည်ကို ပိုမိုခိုင်မာအားကောင်းစေရန်နဲ့ တစ်ချိန်တည်းမှာ သူတို့ကိုယ်တိုင်လည်း လူ့အခွင့်အရေးနဲ့ ပြစ်မှုဆိုင်ရာ တရားစီရင်ရေးကိစ္စတွေမှာ အမြင့်မားဆုံး အရည်အသွေးကို ထိန်းသိမ်းသွားစေရန် အတတ်နိုင်ဆုံး အစွမ်းကုန် ကြိုးပမ်းကြစေလိုပါတယ်။

ဒါရူစမင်ရဲ့ အစီရင်ခံစာများ

သဘာပတိကြီးခင်ဗျား၊

မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ရဲ့ ဖွဲ့စည်းမှု၊ လုပ်ပိုင်ခွင့်နဲ့ ဘက်မလိုက်ဘဲ တရားမျှတစွာ လုပ်ဆောင်နိုင်မှုတို့အပေါ် မြန်မာနိုင်ငံအနေနဲ့ အထူးစိုးရိမ်မှုတွေ ရှိတဲ့အတွက် ဒီအဖွဲ့ကို စတင်ဖွဲ့စည်းစဉ်ကတည်းက ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ စိုးရိမ်မှုဟာ ကျိုးကြောင်းဆီလျော်ကြောင်း အဖြစ်အပျက်တွေက သက်သေပြခဲ့ပါတယ်။ ဒါရူစမင်ရဲ့ အစီရင်ခံစာတွေဟာ အလုံးစုံ တစ်ဖက်စောင်းနင်းဖြစ်ပြီး၊ အချက်အလက်မှား များစွာ ပါဝင်ကာ ခိုင်လုံတဲ့ အချက်အလက်တွေကို အခြေမခံဘဲ နှုတ်ပြောဇာတ်ကြောင်းတွေကိုသာ အခြေခံထားပါတယ်။ နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတွေက ပိုလို့တောင် ဆိုးရွားပါသေးတယ်။ ရခိုင်ပြည်နယ်ရဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ စစ်မှန်တဲ့ စိတ်ဆန္ဒထက် ဒီမိုကရေစီ နည်းလမ်းတကျ တင်မြှောက်ထားတဲ့ မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့ ပြည်သူတွေကို ရန်လိုမုန်းထားမှုတွေနဲ့ လုပ်ဆောင်ခဲ့တယ်လို့ပဲ သုံးသပ်ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံ ကို ခုံရုံးများတင်ဖို့အတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရားအသစ် တည်ထောင်မှုကိုလည်း ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ ဒီအထဲမှာ အပြည်ပြည်ဆိုင်ရာ ပြစ်မှု ဆိုင်ရာ တရားရုံး (ICC) လည်း အပါအဝင်ဖြစ်ပါတယ်။ ICC နဲ့ ပတ်သက်လို့  ကျွန်တော်တို့ရဲ့ ရပ်တည်ချက်က ရှင်းပါတယ်။ ICC ဟာ မြန်မာနိုင်ငံအပေါ်မှာ တရားစီရင်ပိုင်ခွင့် မရှိပါဘူး။

ရိုဆင်သယ် အစီရင်ခံစာ

သဘာပတိကြီးခင်ဗျား-

ရိုဆင်သယ်ရဲ့ အစီရင်ခံစာအပေါ်မှာလည်း ကျွန်တော်တို့ အလွန်စိတ်ပျက်မိပါတယ်။ အစီရင်ခံစာမှာ တင်ပြတဲ့ အချက်အလက်တွေဟာ တိကျမှုမရှိဘဲ၊ လိုသလိုဆွဲယူထားတာတွေ ပါဝင်ပြီး၊ ပညာရှင်ပီသစွာနဲ့ အရှိအတိုင်း တင်ပြရမှာဖြစ်ပေမယ့် တင်ပြပုံ နည်းစနစ် မှားယွင်းနေ ပြီး၊ အလွန်အကျွံဘက်လိုက်ပြီး ကြိုတင်ကောက်ချက်ချထားတဲ့ ထင်မြင်ယူဆချက်တွေပေါ်မှာ အခြေခံထားတာတွေ့ရပါတယ်။

အစီရင်ခံစာမှာ မြန်မာအစိုးရနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်တွေ၊ နှစ်နိုင်ငံနဲ့ နိုင်ငံတကာ သဘောတူညီချက်တွေအရ အကူအညီပေးနေတဲ့ အစီအစဉ်တွေကို သိသိသာသာ ချန်လှပ်ထားပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဒီညီလာခံကြီးရဲ့ နောက်ကွယ်က လုပ်ဆောင်ချက်တွေရဲ့ တကယ့်ရည်ရွယ်ချက်ဟာ လူ့အခွင့်ရေးကို ကာကွယ်ဖို့ စစ်မှန်တဲ့ ဆန္ဒလား၊ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ လူ့အခွင့်အရေးကို အပိုင်စီး အသုံးချနေတာလားဆိုတာ ခွဲခြားသိမြင်ကြစေလို ပါတယ်။

နက်နဲသိမ်မွေ့တဲ့ ရခိုင်အရေးကိစ္စကို ဖြေရှင်းရာမှာ အမှန်တရား၊ မျှတမှုနဲ့ အပြုသဘော ဆောင်တဲ့ ကူညီပံ့ပိုးမှုတွေ လိုအပ်ပါတယ်။ ခွဲခြားဆက်ဆံတဲ့ လေ့လာစောင့်ကြည့်မှုတွေနဲ့ မလိုမုန်းထားရည်ရွယ်ချက်နဲ့ နိုင်ငံရေးဖိအားတွေဟာ ပြဿနာတွေ ဖြေရှင်းနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုတွေကို အထောက်အကူ မဖြစ်စေပါဘူး။

မြန်မာအစိုးရနဲ့ ပြည်သူတွေက မိတ်ဆွေတွေ မိတ်ဖက်တွေရဲ့ စစ်မှန်တဲ့ စိတ်ကောင်း စေတနာပေါ် အခြေခံတဲ့ အကူအညီနဲ့ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အတွက် အမှန်တကယ် ကျေးဇူးတင်ရှိလျက်ရှိကြပါတယ်။ ဒါဟာ မြန်မာပြည်သူများအတွက် သာမက နိုင်ငံကြီးငယ်အားလုံးအတွက် တရားမျှတမှုနဲ့ ဘက်လိုက်မှုမရှိတဲ့ လုပ်ဆောင်မှုတွေကို တန်ဖိုးထားကြတဲ့ တစ်ကမ္ဘာလုံးမှာရှိတဲ့ ပြည်သူများအတွက်ပါ အကျိုးဖြစ်ထွန်းစေမှာ ဖြစ်ပါ တယ်။

နိဂုံး

သဘာပတိကြီးခင်ဗျား-

မြန်မာပြည်သူပြည်သားများဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ပေါ်ပေါက်လာဖို့အတွက် ဆယ်စုနှစ်များစွာ စောင့်ဆိုင်းခဲ့ကြရပါတယ်။ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရေးဟာ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီစိန်ခေါ်မှုကို အစိုးရနဲ့ ပြည်သူများက ယုံကြည်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုတို့နဲ့ ရင်ဆိုင်ဖြေရှင်းနေကြပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲများအတွက် အားလုံးပါဝင်တဲ့ မူဘောင်ပေါ်မှာ အခြေခံတဲ့ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူအားလုံး လိုလားတောင့်တတဲ့ ဒီမိုကရေစီ ဖက်ဒရယ် နိုင်ငံတော်ကို ဖန်တီးပုံဖော်ရာမှာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၊ (၂၁) ရာစု ပင်လုံစင်မြင့်ကို အသုံးပြုသွားမှာဖြစ်ပါတယ်။ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်များကို လေးစားလိုက်နာတဲ့ လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်၊ ပြည်သူများအားလုံး ငြိမ်းချမ်းသာယာဝပြောရေးနဲ့ အကြောက်တရားများကင်းဝေးတဲ့ လူ့ဘောင်အဖွဲ့အစည်းတစ်ရပ် တည်ဆောက်ဖို့  ကျွန်တော်တို့ ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ခိုင်မာစွာ အမြစ်တွယ်စေဖို့အတွက် နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ ကျွန်တော်တို့နဲ့ အပြုသဘောနည်းလမ်းဖြင့် လက်တွဲဆောင်ရွက်သွားကြဖို့ ဖိတ်ခေါ်ရင်း နိဂုံးချုပ်ပါတယ်။

ကျေးဇူးတင်ပါတယ် သဘာပတိကြီးခင်ဗျား။