မောင်တောမြို့တွင် ပြန်လည်စည်ကားလာ၊ မကြာမီနဂိုအတိုင်း ပြန်လည်အသက်ဝင်လာမည်ဟု မျှော်လင့်နေ

Printer-friendly versionSend by email

မောင်တော နိုဝင်ဘာ ၁၇

မောင်တောမြို့ မြို့မအနောက်ရပ်ကွက်ရှိ ဆောက်လုပ်ရေးလမ်း လက်ဖက်ရည် ဆိုင်တန်းတွင်  မိမိတို့သတင်း အဖွဲ့ရောက်ကတည်းက နေ့စဉ် နံနက် ၇ နာရီ ကျော်လောက်မှစတင်ပြီး နံနက် ၉ နာရီခန့်အထိ လာရောက်စား သောက်သူများနှင့် စုစုဝေးဝေးရှိနေသည်ကို မြင်တွေ့ရသည်။ မွန်းလွဲပိုင်း ၂ နာရီ၊ ၃ နာရီဝန်းကျင် တွင်တစ်ကြိမ် ပြန်လည်စည်စည်ကားကား တွေ့ရသည်။

နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်း မြို့ထဲလှည့်လည်စဉ် ဦးဥတ္တမလမ်းဘက်ရှိ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင် တို့တွင်လည်း အလားတူ စည်စည်ကားကား တွေ့ရသည်။ ပိတ်ထားဆဲဆိုင်များ ရှိသေးကြောင်း၊ ယခင်ကတော့ ယခုထက် ပိုမိုစည်ကားကြောင်း နယ်မြေခံ ဦးကျော်ထူးမွန်က ပြောသည်။ ညနေပိုင်းတွင်လည်း နံနက်ပိုင်း ကလောက်မဟုတ်သော်လည်း ဈေးရောင်းဈေးဝယ်များ အသင့်အတင့် တွေ့ရသည်။

မြို့မစည်ပင်သာယာဈေးမှာ နံနက် ၆ နာရီခွဲ၊ ၇ နာရီခန့်ကတည်းက စဖွင့်သည်ဟုဆိုသော်လည်း နံနက် ၈ နာရီကျော်မှ ဆိုင်များစုံလင်လာသည်ကို ယခုရက်များအတွင်း သတိထားမိသည်။ မောင်တောအနီးဝန်းကျင်ရှိ ကျေးရွာများမှ ဈေးဝယ်များလာရောက်မှု နည်းပါးသေးသည့်အတွက် မွန်းလွဲပိုင်း ဆိုင်ပိတ်လိုက်ကြကြောင်း၊ ဈေးပိတ်ချိန်မှာ ညနေ ၆ နာရီခန့် ဖြစ်ကြောင်း သိရသည်။

“လူသုံးကုန်ပစ္စည်းတွေဖြစ်တဲ့ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ အိပ်ရာခင်း၊ ဖက်လုံး၊ ဖျာ အသုံးအဆောင် ပစ္စည်း တွေကို ပြည်တွင်းဖြစ်ရော၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဝင်လာတာတွေပါ အကုန်တင်ပြီး ရောင်းပါတယ်။ ပြီးခဲ့တဲ့လက အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုမဖြစ်ပွားခင် နယ်တွေက လာဝယ်ကြတော့ တော်တော်လေး ရောင်းရပါတယ်။ အရင်နှစ်တွေကဆို အခုလို ဆောင်းရာသီ အဝင်မှာ ရောင်းအား အတော်လေးကောင်းခဲ့တယ်။ ဒီနှစ် အခုလို ဖြစ်လိုက်တာ ကျွန်တော်တို့အတွက် စီးပွားရေးအတော်ထိခိုက်ပါတယ်။ အခုဆိုရင် တစ်နေ့ တစ်နေ့ကို ဝယ်လိုအားက အရင်ထက် ထက်ဝက်မက လျော့နည်းသွားတယ်။ ဈေးဝယ်သူမရှိတော့ ဆိုင်ဖွင့်ချိန် လည်း နောက်ကျမှဖွင့်ပြီး နေ့လယ်ပိုင်းဆို ၂ နာရီလောက်ဆိုင်ပိတ်ပါတယ်”ဟု မြို့မဈေးမှ ဦးအောင်လောင်က ပြောသည်။

မြို့မစည်ပင်သာယာဈေးတာဝန်ခံ ဦးဘသန်းက “ဈေးမှာ ဆိုင်ခန်းပေါင်း ၄၅၃ ခန်းရှိပြီး ဆိုင်ခန်း ၃၀၀ ကျော် ဖွင့်ပါတယ်”ဟု ပြောသည်။

ဈေးလမ်းတစ်လျှောက်ရှိ ရွှေဆိုင်များ၊ ကုန်မာဆိုင်များ၊ ရေထွက်ကုန်ပစ္စည်း အရောင်းဆိုင်များ၊ စားသောက် ကုန် ဆိုင်များအပါအဝင် ဆိုင်အားလုံး၌လည်းနံနက်ပိုင်းစည်ကားမှုရှိပြီး နဂိုအတိုင်း မကြာမီ ပြန်လည် အသက်ဝင်လာ မည်ဟု မျှော်လင့်နေကြသည်။

“အခုနောက်ပိုင်း မြို့ပေါ်ရွှေဆိုင်တွေအနေနဲ့ ရောင်းအားသိသိသာသာ ကျသွားတယ်။ အရင်ကထက် လေးပုံတစ်ပုံ လောက်ပဲ ရောင်းရတယ်။ အရင်က ဆိုရင် ညနေအထိဆိုင်ဖွင့်ပေမယ့် အခုတော့ မနက် ၁၁ နာရီလောက်ဆိုရင် ဆိုင်ပိတ်ပါတယ်။ ဒီဈေးတန်းမှာ စုစုပေါင်း ရွှေဆိုင် ၁၅ ဆိုင်လောက်ရှိပေမယ့် တချို့ဆိုင် တွေက အခုချိန်ထိ မဖွင့်သေးပါဘူး။ မြို့ပေါ်ရွှေဆိုင်တွေအနေနဲ့ မောင်တောမြောက်ပိုင်းကို အားထား ပြီးရောင်းခဲ့ရတာပါ။ ဒီနေ့ ရွှေဈေးက ၁၅ ပဲရည်က ငွေကျပ် ၈၃၀၀၀၀၊ ၁၆ ပဲရည်က ၈၆၈၀၀၀ ရှိပါတယ်”ဟု ရွှေနှင့် ရတနာရောင်းဝယ်ရေး ဆိုင်ရှင်တစ်ဦးဖြစ်သူ ဦးဒေါန်နော်ဇော်က ပြောသည်။

အနော်ရထာလမ်းတွင် ကားများ၊ သုံးဘီးဆိုင်ကယ်များ၊ ဆိုင်ကယ်၊ ဆိုက်ကားများ၊ ခြေကျင်ဖြတ်သန်း သွားလာ နေသူများဖြင့် မပြတ်လှုပ်ရှားမှုရှိနေပြီး သာမန်နေထိုင်မှု ပုံစံမျိုးသာရှိကာ ကြောက်ရွံ့ထိတ်လန့်မှု၊ စိုးရိမ်မှု တစ်စုံတစ်ရာ မရှိသည်ကို တွေ့မြင်ရသည်။ အမှတ်(၄) အခြေခံပညာအလယ်တန်း ကျောင်းခွဲ ရှေ့မှဖြတ်သန်းစဉ် ကျောင်းတက်ချိန် မရောက်သေးသဖြင့် ကျောင်းသား ကျောင်းသူများ ပျော်ရွှင်စွာ ကစား  ခုန်စား ပြုလုပ်နေကြ သည်ကို တွေ့ရသည်။

မောင်တောမြို့အထွက် လယ်ကွင်းများ၊ သုံးမိုင် - သာစည်ရွာနှင့် လေးမိုင် သွားလမ်းဘေးရှိ လယ်ကွင်းများ တွင်လည်း စပါးရိတ်သိမ်းသူများ၊ ကျွဲ၊ နွား များဖြင့် ရိတ်သိမ်းခြွေလှေ့သူများကို စုစုဝေးဝေး လှမ်းတွေ့ရသည်။

မောင်တောမြို့အထွက်ရှိ ဆောက်လုပ်ဆဲ ခရိုင်တရားရုံး၊ မြို့နယ်ပညာ ရေးမှူးရုံးနှင့် အခြားအဆောက်အအုံများ တွင်လည်း လုပ်ငန်းများ ပြန်လည် လုပ်ကိုင်နေကြသည်ကို မြင်ရသည်။

သာစည်ကျေးရွာရှိ ဒေါ်မဦးက ပဲ၊ မုန်လာ၊ ငရုတ်၊ ဂေါ်ဖီ၊ ရုံးပတီ၊ ခရမ်း စသည့် အသီးအနှံများ စိုက်ပျိုးထား ကြောင်း၊ နယ်မြေတည်ငြိမ်အေးချမ်းမှုကို လိုလားကြောင်း ပြောပြသည်။

ဘူးသီးတောင်ဘက်သို့ မောင်တောမှ ဆိုင်ကယ်ကယ်ရီများအပါအဝင် ခရီးသည်တင်ကားများလည်း တစ်နေ့ ထက် တစ်နေ့ ပိုမိုပြေးဆွဲနေသည်ကို ယနေ့လှည့်လည်စဉ် တွေ့မြင်ခဲ့ရသည်။

ညနေပိုင်းတွင် မောင်တောမြို့ မြောက်ပိုင်းရှိ ရွှေဇားရွာကြီးနှင့် အောင်ဗလကျေးရွာတို့သို့ ရောက်သည်။ ရွှေဇား ချောင်းကို ဖြတ်ကျော်ဖောက် လုပ်ထားသည့် ရွှေဇားတံတားကို ဖြတ်သန်းလျှင် ရွှေဇားကျေးရွာသို့ရောက် သည်။ ရွှေဇားရွာမှာ ရွာကြီးဖြစ်ပြီး အစ္စလာမ်ဘာသာဝင်များ နေထိုင်ကြသည်။

အောင်ဗလကျေးရွာအဝင်တွင် ကျေးရွာနေ ဦးအောင်လှတို့အဖွဲ့နှင့်တွေ့ရာ ၎င်းတို့က ကျေးရွာအခြေအနေ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း အခြေအနေတို့ကို ပြောပြသည်။

အောင်ဗလကျေးရွာတွင် အိမ်ခြေ ၁၂၀ ခန့်ရှိပြီး တိုင်းရင်းသားများ နေထိုင်ကြသည်။ လူဦးရေ ၅၀၀ ကျော်ရှိပြီး ရေလုပ်ငန်း၊ ပန်းထိမ်လုပ်ငန်းတို့ဖြင့် အသက်မွေး ဝမ်းကျောင်းပြုကြသည်။ ကျေးရွာဘုန်းတော်ကြီးကျောင်း တစ် ကျောင်းရှိပြီး ရွာထိပ်တွင် စေတီတစ်ဆူတည်ထားသည်။

ကျေးရွာအနေဖြင့် လတ်တလောတွင် ရေလုပ်ငန်းများ ခေတ္တရပ်ဆိုင်း ထားရသဖြင့် စားဝတ်နေရေး အခက်အခဲ ရှိကြောင်း၊ ယခင်က ရေလုပ်ငန်းမှ တစ်နေ့လျှင် ကျပ်တစ်သောင်းကျော် ဝင်ငွေရရှိကြောင်း၊ ပန်းထိမ် လုပ်ငန်းမှာလည်း ယခင်လက်ကျန်အလုပ်လေးကို လုပ်ကိုင်နေရသဖြင့် အလုပ်အကိုင် မကောင်းကြောင်း ရွာသားများက ပြောသည်။ ရွာထဲမှ ဖြတ်သန်းစဉ် ဈေးဆိုင်ငယ်များတွင် ဈေးဝယ်နေသူများ၊ မုန့်ဆိုင်တွင်ထိုင်၍ စားသောက် နေသူများကို တွေ့ရပြီး ပိုက်ကျော်ခြင်းခတ် ကစားနေသူများဖြင့် ပုံမှန်တွေ့နေကျ ကျေးလက် မြင်ကွင်းအတိုင်း မြင်တွေ့ရသည်။

“ပြီးခဲ့တဲ့လက ဖြစ်စဉ်ဖြစ်ပွားခဲ့ပေမယ့် ကျွန်တော်တို့ရွာက ပုံမှန်အတိုင်းပါပဲ။ ရွာမှာ နယ်ခြားစောင့် လုံခြုံရေး ကင်းအဖွဲ့တွေလည်းရှိပါတယ်။ ၂၀၁၂ ခုနှစ်တုန်းကလည်း ဘာမှသိပ်မထူးခြားပါဘူး။ အေးအေးချမ်းချမ်း ပါပဲ”ဟု ဦးလူဝက ပြောသည်။

ရွှေဇားတံတားထိပ်ရှိ ရွှေဇားရွာတွင်လည်း ပုံမှန်သွားလာ လှုပ်ရှားနေသူများကို တွေ့မြင်ခဲ့ရသည်။