မောင်တောမြို့နယ်ရှိ ကျေးရွာအချို့မှ အိမ်ထောင်စုများကြောက်ရွံ့ထိတ်လန့်မှုကြောင့် နေရပ်မှခေတ္တစွန့်ခွာ

Printer-friendly versionSend by email

မောင်တော နိုဝင်ဘာ ၁၆

မောင်တောမြို့နယ် သရက်အုပ်ကျေးရွာမှ လူငါးဦးပါ အိမ်ထောင်စုတစ်စုသည် ကြောက်ရွံ့ထိတ်လန့်မှုကြောင့် နေရပ်မှခေတ္တစွန့်ခွာလာရာမောင်တောမြို့နယ် သာသနာ့ဗိမာန်တော်သို့ ယနေ့ညနေပိုင်းတွင် ရောက်ရှိလာသည်။

 

မောင်တောမြို့နေ ကိုဝင်းသိန်းက”အခုညနေ သရက်အုပ်က နေရပ်ကိုစွန့်ခွာလာတဲ့ အိမ်ထောင်စုတစ်စုကို ကျွန်တော်တို့ မောင်တောမြို့နယ် သာသနာ့ဗိမာန်တော်မှာ နေရာချပေးထားပါတယ်။ သူတို့ကကျွန်တော်တို့ တိုင်းရင်းသားတွေပါ။ ဖားဝပ်ချောင်းကလာတဲ့ ကားတစ်စီးကတော့ ဘူးသီးတောင်အထိ ဆက်တက်သွားတယ်။ သူတို့လည်းကြောက်လို့ နေရပ်စွန့်ခွာလာတာလို့ ပြောပါတယ်။ အိမ်ထောင်စုဝင် အရေအတွက်တော့ မသိလိုက်ပါဘူး” ဟု ပြောသည်။

 

သရက်အုပ်ကျေးရွာမှ ခေတ္တတိမ်းရှောင်လာသူ ဒေါ်ဖြူယိုင်စိန်က ”ကျွန်မတို့က သရက်အုပ်က ထွက်လာတာပါ။ အားလုံးငါးယောက်ပါ။ ဟိုမှာယောက်ျားနဲ့ သမက်ကျန်ခဲ့ပါတယ်။ သရက်အုပ်က ဆေးမှူးကားနဲ့ အကူအညီတောင်းပြီး လိုက်လာတာပါ။ လုံခြုံရေးကားတွေ့လို့ သူတို့ရဲ့ကားနောက်က ခွင့်တောင်းပြီး လိုက်ခဲ့တာပါ။ ကျန်တဲ့သူတွေလည်း စိုးရိမ်နေကြပါတယ်။ ကူညီမယ့်သူမရှိလို့ပါ။ နေ့ရော ညရော မအိပ်ရဲပါဘူး။ ကောင်းကောင်းလည်း မစားနိုင်ပါဘူး။ ယောက်ျားနဲ့ သမက် ကျန်ခဲ့တာက ဟိုမှာရှိနေတဲ့ပစ္စည်းတွေ၊ အိမ်တွေကို စောင့်ရှောက်ဖို့ပါ။ ရွာမှာတိုင်းရင်းသားလူဦးရေက ၃၅ ယောက် ရှိပါသေးတယ်။ သူတို့တွေလည်း လာချင်နေပါတယ်။တိုက်ပွဲဖြစ်နေတော့ ကြောက်လို့ပါ။ လုံခြုံရေးလည်း မရှိပါဘူး။ ဘယ်မှာဖြစ်နေတာလဲဆိုတော့ ဂွဆုံကျေးရွာမှာပါ။ လုံခြုံရေးချပေးရင်တော့ ပြန်နေချင်ပါတယ်” ဟု ပြောသည်။

 

သရက်အုပ်ကျေးရွာမှ ခေတ္တတိမ်းရှောင်လာသူ ဒေါ်ဖြူယိုင်စိန်တို့ မိသားစုတွင် ကလေးငယ်သုံးဦးနှင့် အမျိုးသမီးနှစ်ဦးပါဝင်ကာ သရက်အုပ်ကျေးရွာတွင် ကျန်ရှိနေသည့် တိုင်းရင်းသားများသည်လည်း လုံခြုံရေးပေး နိုင်မည့်အချိန်ကို စောင့်နေကြကြောင်း သိရသည်။