မောင်တောမြို့ပေါ်နှင့် မောင်တောတောင်ပိုင်းတွင် တည်ငြိမ်အေးချမ်းလျက်ရှိသည်ကို တွေ့မြင်ရ

Printer-friendly versionSend by email

မောင်တော နိုဝင်ဘာ ၁၆

မိမိတို့ သတင်းအဖွဲ့ နိုဝင်ဘာ ၁၆ ရက်တွင် မောင်တော-အလယ်သံကျော်ကွန်ကရစ်လမ်းမကြီးအတိုင်း ခရေမြိုင်ရွာဘက်သို့ သွားရောက်၍ ရခိုင်လူမှုစီးပွားတိုးတက်ရေးအဖွဲ့ (ARG)က နယ်မြေအတွင်း ကူညီထောက်ပံ့ မှုများပြုလုပ်နေသည့်သတင်းကို သွားယူခဲ့သည်။

 

အပြန်တွင် ခရေမြိုင်ရွာထဲသို့ ဝင်ရောက်ပြီး ကျေးရွာဘုန်းကြီးကျောင်းဆရာတော်ထံ ဝင်ရောက်ဖူးမြော် ခဲ့သည်။ ဆရာတော်က တိုင်းရင်းသားကျေးရွာများ၏ လုံခြုံရေးပိုမိုဆောင်ရွက်ပေးစေလိုမှု၊ ကျေးရွာနေ ပြည်သူများဘာသာ၊ သာသနာကို ပိုမိုကိုးကွယ်ဆည်းကပ်စေလိုမှုနှင့် ပိုမိုစည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ်ဖြင့် ရှိစေလိုမှုစသည့် စေတနာစကားများကို မိန့်ကြားခဲ့သည်။

 

ထို့နောက် ဗောဓိကုန်း၊ ဝေသာလီ စသည့်ကျေးရွာများကို ဖြတ်သန်းလာခဲ့ရာ စပါးရိတ်သိမ်းနေသူများ၊ ခြွေလှေ့နေသူများ၊ ရာသီသီးနှံစိုက်ပျိုးနေသူများ၊ ငါးရှာသူများ၊ ကျောင်းဆင်းလာသော ကျောင်းသား ကျောင်းသူများ၊ အငှားယာဉ် သုံးဘီးဆိုင်ကယ်များဖြင့် သွားလာနေသူများ စသည်ဖြင့် အေးချမ်းနေ သော နယ်မြေအခြေအနေကို မျက်မြင်တွေ့ခဲ့ရသည်။

 

နိုဝင်ဘာ ၁၂ ရက် မောင်တောမြောက်ပိုင်းဖြစ်သည့် မောင်တော-ကြိမ်ချောင်းလမ်းဘက်ဖြတ်သန်းစဉ် တိုက်ပွဲဖြစ်ပွားမှုနှင့် လမ်းတွင် ကားကိုမိုင်းခွဲတိုက်ခိုက်ခံရမှုသတင်းကို ကြားသိရပြီး ထိခိုက်မှုများ လည်း ရှိသည်ကိုသိခဲ့ရသည်။ နိုဝင်ဘာ ၁၂ ရက် ညပိုင်းနှင့် ၁၃ ရက် သတင်းစာများတွင်လည်း အဆိုပါတိုက်ပွဲသတင်းနှင့် ပတ်သက်၍ သိရှိခဲ့ရပြီးဖြစ်သည်။ နောက်နေ့တွင်လည်း နယ်မြေဆက်လက် ရှင်းလင်းရေး ဆောင်ရွက်နေသည့် သတင်းများကိုကြားရသည်။

 

မိမိတို့ နိုဝင်ဘာ ၁၃ ရက်က မောင်တောတောင်ပိုင်းဒေသဖြစ်သည့် ကံပူး၊ အလယ်သံကျော်၊ မောရဝတီ၊ ဥဒေါင်း၊ ကိုင်းကြီး၊ ဒုချီးရားတန်း၊ ရွှေဗဟိုရ်စသည့် ကျေးရွာများကို ကားလမ်းမကြီးအတိုင်း ဖြတ်သန်းကြည့်ရှုခဲ့စဉ် နဂိုအခြေအနေအတိုင်း မဟုတ်သေးသည့်တိုင် နယ်မြေအခြေအနေ အေးချမ်းပြီး တည်တည်ငြိမ်ငြိမ်ရှိနေသည်ကို တွေ့ခဲ့ရသည်။

 

နိုဝင်ဘာ ၁၀ ရက် မောင်တောမြို့သို့ မိမိတို့ ရောက်ကတည်းကမြို့ပေါ်တွင် ဈေးဆိုင်အများစု ဖွင့်လှစ် ထားခြင်း၊ ထမင်းဆိုင်များ၊ လက်ဖက်ရည်ဆိုင်များတွင်လည်း လူများစုစုဝေးဝေးဖြင့် အေးအေးချမ်းချမ်းရှိနေခြင်းတို့ကို တွေ့မြင်ရပြီး နိုဝင်ဘာ ၁၄ ရက် တန်ဆောင်မုန်းလပြည့်နေ့ကလည်း မြို့ပေါ်ဘုန်းကြီး ကျောင်းများနှင့် သာသနာ့ဗိမာန်တို့တွင် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းများ၊ အလှူအတန်းများ စည်စည်ကားကား ပြုလုပ်နိုင်ကြသည်ကို တွေ့ခဲ့ရသည်။

 

နိုဝင်ဘာ ၁၆ ရက် မောင်တောမြို့အတွင်း လှည့်လည်သတင်းယူစဉ်မောင်တောမြို့မဈေး၌ စိန်ရွှေ ရတနာဆိုင်များ၊ အထည်ဆိုင်များ၊ ကုန်မာဆိုင်များ၊ စားသောက်ကုန်ဆိုင်များ၊ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များ၊ စတိုးဆိုင်များ၊ ရေလုပ်ငန်းသုံးပစ္စည်း အရောင်းဆိုင်များ၊ နာရီနှင့် မျက်မှန်ဆိုင်၊ ခရီးဆောင်အိတ် အမျိုးမျိုးအရောင်းဆိုင်စသည်တို့၌ ရောင်းဝယ်နေသူများဖြင့် အေးအေးချမ်းချမ်း ရှိနေသည်ကို တွေ့ရသကဲ့သို့ ရပ်ကွက် (၂) ဈေးတွင်လည်း ဈေးရောင်းဈေးဝယ်များဖြင့် စည်ကားလျက် ရှိသည်ကို တွေ့မြင်ခဲ့ရသည်။

 

မောင်တောမြို့ဝန်းကျင်ရှိ ကျေးရွာများမှလည်း ၎င်းတို့ကျေးရွာမှ ထွက်ရှိသည့် သီးနှံများ လာရောက် ရောင်းချခြင်း၊ လိုအပ်သည့်ပစ္စည်းများ ပြန်လည်ဝယ်ယူခြင်း စသည်တို့ကိုလည်း တွေ့မြင်ရသည်။

 

ထို့ပြင် မောင်တောမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၊ ကမ္ဘောဇဘဏ်၊ ကမ္ဘာ့ရတနာဘဏ် စသည့်ဘဏ်ခွဲများလည်း ပြန်လည်ဖွင့်လှစ်ထားသည်ကို တွေ့မြင်ခဲ့ရပါကြောင်း မောင်တောမြို့ပေါ်နှင့် အနီးတစ်ဝိုက် အေးချမ်းတည်ငြိမ်နေမှုအခြေအနေကို ရေးသားတင်ပြလိုက်ရပါသည်။