မောင်တောဆေးရုံတွင် ကျန်းမာရေးဝန်ဆောင်မှု ၂၄ နာရီ တာဝန်ချထား

Printer-friendly versionSend by email

ကျွန်တော်တို့သတင်းအဖွဲ့ မောင်တောမြို့သို့ ရောက်ရှိစဉ် မောင်တောမြို့နယ် ဆေးရုံသို့သွားရောက် သတင်းရယူရာ ဆေးရုံရှိ ခွဲစိတ်အထူးကုဆရာဝန် ဒေါက်တာစိုးအောင်သန်းက သိရှိလိုသည်များကို ပြောပြသည်။

 

၎င်းက မောင်တောဆေးရုံ၌ လက်ရှိကျန်းမာရေးစောင့်ရှောက်ပေးနေမှုများ၊ အဖြစ်များသောရောဂါများ၊ ကျေးလက်ဒေသများတွင် ကျန်းမာရေးဝန်ဆောင်မှုများနှင့် ပတ်သက်၍ ပြောကြားခဲ့သည်များကို တင်ပြ လိုက်ပါသည်-

 

“ကျွန်တော်တို့ မောင်တောမြို့နယ်ဆေးရုံမှာ မြို့နယ်ဆရာဝန်ကြီးရယ်၊ ခွဲစိတ်အထူးကုဆရာဝန်အနေနဲ့ ကျွန်တော်ရှိပါတယ်။ သမားတော်ရှိပါတယ်။ မေ့ဆေးအထူးကုရှိပါတယ်။ လက်ထောက်ဆရာဝန် လေးယောက် ရှိပါတယ်။ သူနာပြုဆရာမကတော့ ၁၈ယောက်ရှိပါတယ်။

 

“ကျန်းမာရေးဝန်ဆောင်မှုအနေနဲ့ ၂၄ နာရီလုံးဆေးရုံမှာ ဆရာဝန်ရော၊ ဆရာမတွေရော တာဝန်ချထား ပေးပါတယ်။ လက်ထောက်ဆရာဝန် လေးယောက်ကတော့ တစ်ရက်ခြားစီ တာဝန်ယူပါတယ်။ ကျွန်တော်တို့ကတော့ သူတို့ခေါ်တာနဲ့ အမြဲတမ်းလာကြည့်ပါတယ်။ သမားတော်ကလည်း နေ့စဉ်လာပါ တယ်။ ညဘက်လိုရင်လည်း လာပါတယ်။ နောက်ဆေးဝါးကလည်း ကျွန်တော်တို့ ဝန်ကြီးဌာနက ချပေးတဲ့ ဆေးဝါးတွေရှိပါတယ်။ အဲဒီထက်ပိုပြီးလိုအပ်ရင် ကျွန်တော်တို့ဆီမှာ မရှိရင်တော့ အပြင်က ဝယ်ခိုင်းတာ မျိုးရှိပါတယ်။ ဒါကလည်း မဖြစ်မနေသုံးဖို့လိုအပ်မှပါ။ ဘယ်လိုလူနာမဆို လက်ခံကုသပေးနေပါတယ်။ အကြမ်းဖက်မှု ဖြစ်စဉ်တွေရှိပေမယ္ံ တစ်လျှောက်လုံးမှာလည်း ၂၄ နာရီ အချိန်ပြည့်ဖွင့်ထားပါတယ်။ အမြဲတမ်းဝန်ဆောင်မှုပေးနေပါတယ်။ ဆေးရုံကို မပိတ်ပါဘူး။ ရောဂါဖြစ်ပြီဆိုတာနဲ့ လာကြပါတယ်။ ကျွန်တော်တို့အားလုံး ကျန်းမာရေးဝန်ဆောင်မှုအတွက် အဆင်သင့် ရှိနေပါတယ်။

 

“အဖြစ်များတာက တီဘီနဲ့ ဖျားနာမှုပါပဲ။ နောက်သွေးတိုးပေါ့။ ကလေးတွေဆို အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းတွေဖြစ်ပါတယ်။ အခုက အရေးပေါ်အခြေအနေနဲ့ ထိခိုက်ဒဏ်ရာရတာတွေ ကုသပေးနေပါတယ်။ သေနတ်ဒဏ်ရာတို့၊ နောက်ဓားခုတ်ခံရတဲ့ ဒဏ်ရာတွေကုသပေးရပါတယ်။

 

“လူနာတွေကို တတ်နိုင်သလောက်တော့ ဒီမှာကုသပေးပါတယ်။ လိုအပ်ရင်တော့ စစ်တွေနဲ့ ရန်ကုန်ဆေးရုံကိုလွှဲပို့ပေးပါတယ်။

 

“လာတဲ့ လူနာအရေအတွက် နည်းနည်းတော့နည်းသွားတယ်။ ဒါပေမယ့် ထိခိုက်ဒဏ်ရာကတော့ ပိုတိုးလာပါတယ်။ ဓားဒဏ်ရာတို့၊ သေနတ်ဒဏ်ရာတို့ပေါ့။ ကျေးရွာတွေကနေ မဖြစ်မနေ လာကိုလာမှရမယ့် လူနာဆိုမှပဲ ရောက်လာကြတယ်။ ဖျားနာတာတို့ ဘာတို့တော့လျော့သွားပါတယ်။ နယ်ကလူတွေက မလာနိုင်တော့ဘူးလေ။

 

“ပေါင်းစုထားတဲ့ နေရာတွေမှာ ကျေးလက်ကျန်းမာရေးဌာန REC ဆိုတာရှိပါတယ်။ အဲဒီစုရပ်မှာ ကျန်းမာရေးမှူးရှိမယ်၊ ဆရာမတွေရှိမယ်၊ သားဖွားဆရာမတွေရှိမယ်၊ အဲဒီစုရပ်ကနေပဲ ကျန်းမာရေး စောင့်ရှောက်မှု တွေပေးပါတယ်။ လိုအပ်ရင်တော့ သူတို့သွားရောက်ကြည့်ရှုပါတယ်။ ပြီးရင် စုရပ်ကို ခေါ်လာတာမျိုး လုပ်ကြပါတယ်။ စုရပ်တွေက ဒီဘက်မှာ အလယ်သံကျော်၊ ငါးခူရ၊ သရက်အုပ်၊ တမန်းသားနဲ့ တောင်ပြိုလက်ဝဲ စသဖြင့်ရှိပါတယ်။ အဲဒီနေရာတွေမှာ အခြေခံထားပြီး လုပ်ပါတယ်။

 

“ဆရာဝန်၊ ဆရာမတွေကို လုံခြုံရေး စိတ်ချရပြီဆိုတော့မှ လွှတ်ပါတယ်။ လုံခြုံရေးမရှိရင် သူတို့မသွားနိုင်ပါဘူး။ လုံခြုံရေးစိတ်ချရတယ်လို့ အာမခံချက်ပေးမှပဲစေလွှတ်ပါတယ်။ လုံခြုံရေးမရှိလို့ ပြန်လာခဲ့ရတာတွေလည်း ရှိပါတယ်။

 

“ထိခိုက်ဒဏ်ရာရရှိထားတဲ့ ရာဇဝတ်မှုကျူးလွန်သူတွေကိုလည်း ကုသပေးပါတယ်။ ရာဇဝတ်မှုနဲ့ ပတ်သက်ရင်တော့ ရဲအစောင့်တွေပါလာပါတယ်။ ကုသမှုအပိုင်းကတော့ ဒီပုံစံအတိုင်းပါပဲ။ ဘယ်သူလာလာ ဒီပုံစံ အတိုင်းပါပဲ။ ဘယ်သူဘယ်ဝါ မခွဲခြားပါဘူး”ဟု ပြောပြသည်။

 

မောင်တောခရိုင်တွင် မောင်တောမြို့နယ်ဆေးရုံ ၊တောင်ပြိုလက်ဝဲမြို့နယ်ခွဲဆေးရုံ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန တစ်ခု၊ တိုက်နယ်ဆေးရုံ လေးရုံ၊ ကျေးလက်ကျန်းမာရေးဌာန ငါးခုနှင့် ကျေးလက် ကျန်းမာရေးဌာနခွဲလေးခုတို့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ဒေသတည်ငြိမ်အေးချမ်းမှသာ ကျေးရွာများအထိ ကွင်းဆင်းပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း။