ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ စစ်တွေမြို့သို့ရောက်ရှိ

Printer-friendly versionSend by email

စစ်တွေ နိုဝင်ဘာ ၁၅

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့မှ အဖွဲ့ဝင် ခုနစ်ဦးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် ထွက်ခွာရာ စစ်တွေမြို့သို့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် ရောက်ရှိကြသည်။

 

ကော်မရှင်အဖွဲ့ဝင်များမှာ ဦးဝင်းမြ၊ ဒေါက်တာသာလှရွှေ၊ မစ္စ လက်တီတီရာ ဗန်ဒန်အာဆမ်၊ ဦးအေးလွင်၊ ဒေါက်တာမြသီတာ၊ ဦးခင်မောင်လေး၊ ဒေါ်ခင်စောတင့်တို့ဖြစ်ပြီး မွန်းလွဲ ၁ နာရီ မိနစ် ၅၀ တွင် ပြည်နယ် အစိုးရအဖွဲ့ရုံးဧည့်ခန်းမ၌ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့နှင့်လည်းကောင်း၊ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် စစ်တွေဟိုတယ်ခန်းမ၌ စစ်တွေမြို့ မြို့မိမြို့ဖ ဦးမောင်သာစိန် ဦးဆောင်သော အဖွဲ့ဝင်ကိုးဦးနှင့် လည်းကောင်း၊ စစ်တွေမြို့နယ် ဘင်္ဂါလီ ရပ်မိရပ်ဖ ဦးကျော်လှအောင် ဦးဆောင်သောအဖွဲ့ဝင်ငါးဦးနှင့်လည်းကောင်း တွေ့ဆုံခဲ့သည်။

 

အဆိုပါ ကော်မရှင်အဖွဲ့သည် နိုဝင်ဘာ ၁၆ ရက်တွင် စစ်တွေမြို့ရှိ ကျေးရွာများနှင့် ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်၍ လူမှုအသိုက်အဝန်းနှစ်ခုမှ မြို့မိမြို့ဖများ၊ ရပ်မိရပ်ဖများ၊ ဒေသခံများနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။