မောင်တောမြို့နယ် ဂွဆုံကျေးရွာအနီးတဝိုက် နယ်မြေရှင်းလင်းခြင်းဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းနှင့် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများ ထိတွေ့တိုက်ပွဲဖြစ်

Printer-friendly versionSend by email

နေပြည်တော် နိုဝင်ဘာ ၁၃

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မယင်းတောင်ကျေးရွာ၊ ပွင့်ဖြူချောင်းကျေးရွာနှင့် ဂွဆုံကျေးရွာများအနီး၌ နိုဝင်ဘာ ၁၂ ရက်က ဖြစ်ပွားခဲ့သောဖြစ်စဉ်များနှင့် ပတ်သက်၍ တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

 

ယနေ့နံနက် ၉ နာရီခန့်တွင် တပ်မတော်စစ်ကြောင်းက ဂွဆုံကျေးရွာသို့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ကျေးရွာအတွင်း မီးလောင်ကျွမ်းလျက်ရှိသည့် အိမ်ခြေအလုံး ၅၀ ကိုတွေ့ရှိရပြီး ဓားရှည်ကိုယ်စီကိုင်ဆောင်ထားသည့် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ ခုနစ်ဦးခန့်ကတိုက်ခိုက်ရန် ပြေးထွက်လာသဖြင့် တပ်မတော်စစ်ကြောင်းက ပစ်ခတ်ရှင်းလင်းရာ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ ခြောက်ဦးကို အသေဖမ်းဆီးရမိခဲ့သည်။

 

ထို့အတူ တပ်မတော်စစ်ကြောင်းနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒါးကြီး ဇားတောင်ရွာသို့ ယနေ့မွန်းလွဲ ၁ နာရီခန့်တွင် ရောက်ရှိရှင်းလင်းစဉ် ကျေးရွာအတွင်းမှ တုတ်၊ ဓားများကိုယ်စီ ကိုင်ဆောင်ထားသည့် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ ၂၀ ခန့်ကတိုက်ခိုက်ရန် ပြေးထွက်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ရှင်းလင်းရာ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ ၁၉ဦး ကိုအသေဖမ်းဆီးရမိခဲ့သည်။

 

ဆက်လက်ပြီး တပ်မတော်စစ်ကြောင်းက ဂွဆုံကျေးရွာနှင့် ဒါးကြီးဇားကျေးရွာဝန်းကျင်အား အသေးစိတ် ဆက်လက်ရှင်းလင်းရာ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ အလောင်းသုံးလောင်းကို ထပ်မံရှာဖွေတွေ့ရှိ ခဲ့ကြောင်း သတင်းရရှိသည်။