ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ပြည်နယ်ဝန်ကြီး မောင်တော မြို့နယ်အတွင်း ကြည့်ရှုစစ်ဆေး

Printer-friendly versionSend by email

မောင်တော နိုဝင်ဘာ ၁၂

နယ်မြေအေးချမ်းတည်ငြိမ်လာပြီ ဖြစ်သည့်အတွက် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံနှင့်အဖွဲ့သည် ယနေ့တွင် မောင်တောမြို့နယ်အတွင်း မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုပျက်စီးနေမှုများနှင့် မောင်တော- တောင်ပြိုလက်ဝဲလမ်း၊ တံတားများအခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

 

ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် နံနက်ပိုင်းတွင် မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာ၌ မြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုပျက်စီးနေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ကြိမ်ချောင်း - ဗန္ဓုလ ကားလမ်းကိုကြည့်ရှုစစ်ဆေးရာ ယင်းလမ်းကြောင်းပေါ်ရှိ ဝက်ကျိန်း တံတားတွင် ချောင်းရေတိုက်စားမှုကြောင့်တံတားချဉ်းကပ်လမ်း ယိုယွင်းပျက်စီးနေမှုကို ကြည့်ရှုပြီး အမြန်ပြုပြင်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားသည်။

 

ဆက်လက်၍ မောင်တော- တောင်ပြိုလက်ဝဲကားလမ်းကို ကြည့်ရှုစစ်ဆေးစဉ် လမ်းခရီး၌ တာရိန်းကျေးရွာနေ မြိုတိုင်းရင်းသားလူမျိုးများဒေသထွက်သီးနှံများ လှည့်လည်ရောင်းချနေမှုကိုကြည့်ရှုပြီး အသက်မွေးဝမ်းကျောင်းနှင့် နယ်မြေတည်ငြိမ်အေးချမ်းမှုအခြေအနေကို ရင်းရင်းနှီးနှီးတွေ့ဆုံ မေးမြန်းသည်။

 

ယင်းနောက် တောင်ပြိုလက်ဝဲမြို့ရှိ မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြား နယ်နိမိတ်တံတားကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် နတ်မြစ်ကြောင်းတွင် မြစ်ရေတိုက်စားမှုကြောင့်မြန်မာနိုင်ငံဘက်ခြမ်း၌ မြစ်ကမ်းပါးပြိုကျ ပျက်စီးနေမှုကို ကြည့်ရှုစစ်ဆေးရာ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူး ဦးမောင်မောင်နိုင်က မြစ်ကြောင်းအခြေအနေနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

 

ညနေပိုင်းတွင် ကျီးကန်းပြင်နယ်ခြားစောင့်ကွပ်ကဲမှုဌာနချုပ်အတွင်းရှိ ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံကို ကြည့်ရှုစစ်ဆေးသည်။

 

အဆိုပါ စက်ရုံမှာ၂၀၀၈ခုနှစ်တွင် စတင်လည်ပတ်ခဲ့ပြီး ၅၀ ကီလိုဝပ်နှင့်၁၈ ကီလိုဝပ် ဂျင်နရေတာ နှစ်လုံးဖြင့်နယ်ခြားစောင့်ဌာနချုပ်အတွက် လျှပ်စစ်ဓာတ်အား လုံလောက်စွာထုတ်လုပ်ပေးနိုင်ခဲ့သည်။ လက်ရှိတွင် အကြီးစားပြင်ဆင်မှုများ ပြုလုပ်ရန်လိုအပ်လျက်ရှိပြီး လျှပ်စစ်ဓာတ်အား အပြည့်အဝ ထုတ်လုပ်နိုင်မှု မရှိကြောင်းသိရသည်။

 

ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ယမန်နေ့ မွန်းလွဲပိုင်းက မောင်တောမြို့သို့ ရောက်ရှိပြီး နတ်မြစ်ကြောင်း အခြေအနေကို ရေယာဉ်များဖြင့်သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။