မောင်တောမြို့နယ်မှာ လူမျိုးပေါင်းစုံ အတူတကွနေထိုင်ပြီး တည်ငြိမ်အေးချမ်းနေသည့် အလယ်သံကျော်ကျေးရွာ

Printer-friendly versionSend by email

မောင်တော နိုဝင်ဘာ ၇

ရခိုင်ပြည်နယ် မောင်တောခရိုင် အတွင်း အောက်တိုဘာ ၉ ရက်က နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းများအား အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဝင်အချို့ ကျဆုံးဒဏ်ရာရရှိခဲ့သည့် အပြင် လက်နက်ခဲယမ်းနှင့် ဆက်စပ် ပစ္စည်းများ ဆုံးရှုံးခဲ့ရသည်။

ထို့ကြောင့် တပ်မတော်စစ်ကြောင်းများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး နယ်မြေရှင်းလင်းရေး နှင့်  လုံခြုံရေးဆောင်ရွက်လျက်ရှိရာ မောင်တောမြို့နယ်ရှိ လူမျိုးပေါင်းစုံ အတူတကွ နေထိုင်လျက်ရှိသည့် အလယ် သံကျော်ကျေးရွာမှာ တည် ငြိမ်အေးချမ်းလျက်ရှိသည်။

“ကျွန်တော်တို့ရွာက စိုက်ပျိုးရေးနဲ့ ရေလုပ်ငန်းလုပ်ကိုင်ကြသူတွေ များပါတယ်။ တည်ငြိမ်အေးချမ်းမှုရှိ တဲ့ရွာပါ။ ဒီရွာမှာ ရခိုင်တိုင်းရင်းသား၊ ဟိန္ဒူနဲ့ အစ္စလာမ်ဘာသာဝင်တွေ အတူတကွ ပူးတွဲနေထိုင်ကြပါတယ်။ ဘာပြဿနာမှ မရှိပါဘူး။ အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ ဂယက်ကြောင့် အရောင်းအဝယ်၊ အသွားအလာ နည်းသွား တာတော့ ရှိပါတယ်။ ကျောင်းနဲ့ဈေးတွေလည်း ပုံမှန်ဖွင့်လှစ်နေပါတယ်” ဟု အလယ် သံကျော် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ထူးက ပြောသည်။

အလယ်သံကျော်ကျေးရွာ ဈေးတွင် ပိတ်ရက်မရှိ ရောင်းချနေသည်ကို တွေ့ရပြီး ဈေးဆိုင် ၁၆၀ ခန့်ရှိ ကြောင်း၊ အပတ်စဉ် ဈေးနေ့ဖြစ်သော တနင်္ဂနွေနှင့် ကြာသပတေးနေ့များတွင် အရောင်းအဝယ်စည်ကား ကြောင်း၊ အလယ် သံကျော်ကျေးရွာတွင် လူမျိုးပေါင်းစုံ အတူတကွယှဉ်တွဲနေထိုင် ကြသော်လည်း တည်ငြိမ် အေးချမ်းစွာ နေထိုင်လျက် ရှိကြပြီး အကြမ်းဖက် စီးနင်းတိုက်ခိုက်မှုများကို လက်မခံဘဲ ရှုတ်ချလျက်ရှိကြောင်း သိရသည်။

“အလယ်သံကျော်ကျေးရွာဟာ လူမျိုး၊ ဘာသာပေါင်းစုံ အတူတကွ နေထိုင်ကြတဲ့ရွာဖြစ်ပါတယ်။ ရခိုင်၊ ဟိန္ဒူ၊ အစ္စလာမ်ဘာသာဝင်တွေ နေထိုင်ကြပြီး အချင်းချင်းချစ်ခင် ရင်းနှီးမှုလည်းရှိကြပါတယ်။ ကျွန်တော် တို့ကတော့ အကြမ်းဖက်စီးနင်းတိုက် ခိုက်မှုတွေကို လုံးဝလက်မခံပါဘူး။ အကြမ်းဖက်လုပ်ရပ်တွေကိုလည်း မကြိုက်ပါဘူး။ အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုတွေကို ရှုတ်ချပါတယ်။ အဲဒီလိုဖြစ်ရပ်တွေက ဒေသဖွံ့ဖြိုး တိုးတက်ရေးကို နောက်ကျစေမှာဖြစ် ပါတယ်” ဟု အလယ်သံကျော် ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးဆွေရော့ဒူလာက ပြောသည်။

အလယ်သံကျော်ကျေးရွာ အုပ်စုသည် ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်း ရှိသည့်အတွက် ငါးဖမ်းလုပ်ငန်းဖွံ့ဖြိုးသည့် ဒေသဖြစ်ကြောင်း မောင်တောခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းသိန်းက ပြောကြား သည်။

“ကျွန်တော်တို့မောင်တောမြို့နယ် ထဲမှာ ငါးဖမ်းဆီးရေးအပိုင်းနဲ့ ပတ် သက်ပြီးတော့ လုပ်ငန်းနှစ်မျိုးရှိပါ တယ်။ ကမ်းနီးငါးဖမ်းလုပ်ငန်းရယ်၊ ကုန်းတွင်းပိုင်း ရေချိုငါးဖမ်းလုပ်ငန်း ရယ်ရှိပါတယ်။ ကမ်းဝေးငါးဖမ်း လုပ်ငန်းကတော့ မောင်တောခရိုင် အတွင်းမှာမရှိပါဘူး။ မောင်တော ခရိုင်ထဲမှာ ငါးဖမ်းဆီးတဲ့ ရေလုပ်သား စုစုပေါင်း ၁၅၀၀၀  ကျော်ရှိပါတယ်။ စက်တပ်ငါးဖမ်းရေယာဉ်က အစင်း ၁၂၀ ရှိပါတယ်။ စက်မဲ့ ငါးဖမ်း ရေယာဉ်ကတော့ အစင်း ၁၇၀၀ ခန့် ရှိပါတယ်။ ရေလုပ်ငန်းတွေအနေနဲ့ ငါးဖမ်းဆီးပြီးရင် ရတဲ့ငါးတွေကို ဒီဒေသမှာ ငါးခြောက်လှန်းတာနဲ့ ဒေသစားသုံးရေးအတွက်သာ ဖြစ်ပါ တယ်။ နိုင်ငံခြားတင်ပို့မှုအနေနဲ့က တော့ ထွက်ရှိလာတဲ့ ငါးခြောက်တွေ ကို တစ်ဖက်နိုင်ငံကို တင်ပို့လျက်ရှိပါ တယ်။ ငါးဖမ်းဆီးရေးနဲ့ပတ်သက်ပြီး ငါးလုပ်ငန်းဦးစီးဌာနကနေ ငါးဖမ်း ဆီးခွင့်လိုင်စင် ထုတ်ပေးပြီးတော့ ပင်လယ်ပြင်ထွက်ပြီး ငါးဖမ်းဆီးမယ် ဆိုရင် လုံခြုံရေးအဖွဲ့အစည်းတွေရဲ့ စစ်ဆေးမှုကိုခံယူပြီးမှသာ ထွက်ခွာ ခွင့်ပြုပါတယ်။ ဖမ်းဆီးပြီးပြန်လာတဲ့ အချိန်မှာလည်း လုံခြုံရေး အဖွဲ့အစည်းတွေကို သတင်းပို့ပြီးမှ ပြန်ဝင်ရပါတယ်”ဟု ဦးနိုင်ဝင်းသိန်းက ဆက်လက်ပြောကြားသည်။

အလယ်သံကျော်ကျေးရွာသည် စိုက်ပျိုးရေးလုပ်ငန်းအပြင် ရေလုပ်ငန်းလည်း အဓိကထားလုပ်ကိုင် ကြရာ ဘင်္ဂလားပင်လယ်အော်အတွင်း သို့ ငါးဖမ်းစက်လှေအပြင် သာမန် လှေများဖြင့်လည်း နေ့စဉ်ငါးဖမ်း ထွက်လေ့ရှိရာမှ ယခုအခါ နယ်မြေ လုံခြုံရေးအခြေအနေအရ ငါးဖမ်း စက်လှေများနှင့် လှေများ ပင်လယ် ထွက်ခွင့်  တားမြစ်ထား၍ ငါးမဖမ်း နိုင်ကြောင်း သိရသည်။

“ကျွန်တော်တို့ရွာမှာ ငါးဖမ်း စက်လှေ ၆၄ စင်းနဲ့ ရိုးရိုးငါးဖမ်းလှေ ၃၂ စင်းရှိပြီး အဲဒီလှေတွေအားလုံး အရင်က ပင်လယ်ပြင်ကို ငါးဖမ်း ထွက်ကြတာပါ။ အကြမ်းဖက်စီးနင်း တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွေဖြစ်ပွားပြီး နောက် ငါးဖမ်းစက်လှေတွေကို လုံခြုံ ရေးအရ ပင်လယ်ပြင်ငါးဖမ်းထွက်ခွင့် မပေးတော့ပါဘူး။ ဒါကြောင့် ဒီရွာက ငါးဖမ်းတဲ့လူတွေ အဆင်မပြေတာမို့ အဲဒီအကြမ်းဖက်တိုက်ခိုက်မှုတွေကို မကြိုက်ပါဘူး၊ မလိုလား ပါဘူး။ စီးပွားရေး ထိခိုက်ပါတယ်။ အေးအေးချမ်းချမ်းပဲ နေချင်ပါတယ်”ဟု အလယ်သံကျော်ရွာမှ ငါးဖမ်း စက်လှေများအသင်း ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။

ဆက်လက်ပြီး ငါးဖမ်းစက်လှေ ပိုင်ရှင် ဦးမောင်မြင့်ကလည်း “ကျွန်တော်တို့ရွာမှာ ဘာပြဿနာမှ မရှိပါဘူး။ အခုတော့ အဲဒီအကြမ်းဖက် စီးနင်းတိုက်ခိုက်မှုဖြစ်ရပ်တွေရဲ့ ရိုက် ခတ်မှုကြောင့် ငါးဖမ်းလုပ်ငန်းတွေ ရပ်ထား ရပါတယ်။ စားဝတ်နေရေးတွေ ထိခိုက်တာပေါ့။ ဒါ့ကြောင့် အဲဒီအကြမ်းဖက်တိုက်ခိုက်မှုတွေကို လုံးဝမလိုလား ပါဘူး။ ရှုတ်ချပါတယ်၊ မကြိုက်ပါဘူး”ဟု ပြောကြားသည်။

အလယ်သံကျော်ကျေးရွာအုပ်စုသည် ရွာသိမ်၊ ရွာငယ် ခုနစ်ခုဖြင့် ပေါင်းစု ဖွဲ့စည်းထားပြီး အိမ်ခြေ ၁၃၀၄ အိမ်၊ အိမ်ထောင်စု ၁၂၁၀ နှင့် လူဦးရေ ၁၁၁၈၆ ဦးရှိကာ လူမျိုးပေါင်းစုံ အတူတကွပူးပေါင်းနေထိုင် လျက်ရှိကြသည်။