ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူး မစ္စရီနားတားနှင့် တွေ့ဆုံမေးမြန်းခြင်း

Printer-friendly versionSend by email

မစ္စရီနားတား (ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး)

ရန်ကုန် နိုဝင်ဘာ ၄

''ကျွန်မတို့ သွားတဲ့အချိန်မှာ ဘာတွေတွေ့ရသလဲဆိုတော့ အကြမ်းဖက် သမားတွေကို ဖမ်းဆီးတဲ့ အကြောင်း၊ လက်နက်တွေ သိမ်းဆည်းရမိတဲ့အကြောင်း၊ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လိုအပ်နေတဲ့ အကြောင်းအရာတွေကို တွေ့ခဲ့ရပါတယ်။ ကျွန်မတို့ စစ်တွေက ပြန်ခါနီး အချိန် ခြောက်နာရီလောက်မှာ မောင်တောမှာ နယ်ခြားစောင့်တပ်စခန်းတစ်ခုကို ထပ်မံပြီး တိုက်ခိုက် ခံရတာကို သိခဲ့ရပါတယ်။ အသေးစိတ်ကိုတော့ မသိခဲ့ရပါဘူး။ ဒီအခြေအနေမှာပိတ်မိပြီး ခံစားရတဲ့ သူတွေကို စိတ်မကောင်း ဖြစ်မိကြောင်း ပြောချင်ပါတယ်''ဟု ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး၊ လူသားချင်း စာနာမှု အကူအညီပေးရေး ညှိနှိုင်းရေးမှူး မစ္စရီနားတားက ပြောကြားသည်။

 

ရခိုင်ပြည်နယ်သို့ နှစ်ရက်တာ သွားရောက်လေ့လာခဲ့သည့်ခရီးစဉ်နှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို ယနေ့ နံနက် ၁ဝ နာရီက ကန်တော်ကြီးပဲလေ့စ်ဟိုတယ်တွင် ပြုလုပ်စဉ် ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူးက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

 

အိမ်တွေမီးလောင်တယ်

ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးက ''ကျွန်မတို့သွားတဲ့အခါ ရွာတွေမှာ အချို့အိမ်တွေ မီးလောင် ထားတာ တွေ့ရပါတယ်။ အချို့အိမ်တွေက အခုထက်ထိ ရှိနေသေးတာ တွေ့ရပါတယ်။ အိမ်တွေမီးလောင်တယ်။ ဘယ်လောက်အထိ ဆုံးရှုံးတယ်ဆိုတာ မသိခဲ့ပေမယ့် လက်ရှိကျန်နေတဲ့ အိမ်တွေရှိနေသေးတာတော့ တွေ့ခဲ့ပါတယ်။ ကျွန်မတို့သွားခဲ့တဲ့ ရွာတွေမှာ ထွက်ပြေးသွားတာ သိရပေမယ့် အချို့ကလည်း ပြန်လာ နေပြီ ဆိုတာသိရပါတယ်။ ထွက်ပြေးသွားတဲ့သူတွေက ရွာနီးချုပ်စပ်က သူတို့နဲ့ နီးစပ်တဲ့ အိမ်တွေမှာ နေကြတာလည်း သိရပါတယ်။ ပြန်လာဖို့အတွက်လည်း ကြိုးစားနေကြပါတယ်။ ပြန်လာမယ့် ရွာသားတွေ အတွက်ကို လုံခြုံရေးနဲ့ ကာကွယ် စောင့်ရှောက်မှုတွေရဖို့ အစိုးရကို တိုက်တွန်းခဲ့ပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေကတစ်ဆင့် လူသားချင်း စာနာထောက်ထားတဲ့ အထောက်အကူတွေ ပေးဖို့ကိုလည်း အစိုးရက လက်ခံခဲ့ပါတယ်''ဟု ပြောသည်။

 

စုံစမ်းစစ်ဆေးဖို့ ထောက်ခံပြောဆို

''အစိုးရက လုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်ကိုလည်း ကျွန်မတို့အနေနဲ့ ထောက်ခံ ခဲ့ပါတယ်။ အကြမ်းဖက်မှု၊ တိုက်ခိုက်မှုတွေ ဖြစ်တုန်းက စွပ်စွဲပြောဆိုမှုရှိတာတွေ၊ တိုက်ခိုက်မှုတွေ အကြောင်း ကြားသိခဲ့ရပါတယ်။ အကြမ်းဖက်မှုတွေ ဘာကြောင့်ဖြစ်လာတယ်ဆိုတဲ့ မှန်ကန်တဲ့ အကြောင်း အရာတွေကို ဆက်လက်ပြီး စုံစမ်းစစ်ဆေးဖို့၊ ပွင့်လင်းမြင်သာမှု ရှိအောင်လုပ်ဖို့ ကျွန်မတို့ ထောက်ခံ ပြောဆိုခဲ့ပါတယ်။ ကျွန်မတို့သွားခဲ့တာ နှစ်ရက်တည်းဆိုပေမယ့် ကျေးရွာတော်တော် များများကို ကျွန်မတို့ ရောက်ရှိခဲ့ပါတယ်။ ကျွန်မတို့သွားဖို့ပြောခဲ့တဲ့ ကျေးရွာတွေ အကုန်လုံးကို သွားခွင့်ရခဲ့ပါတယ်။ ကျေးရွာ တစ်ရွာပဲ သွားခွင့်မရတာပါ။ ဒါကလည်း နောက်ဆုံးကျန်တဲ့ရွာကိုသွားဖို့ ပစ္စည်းကိရိယာ၊ ရိက္ခာစတဲ့ အခက်အခဲတွေကြောင့် သွားခွင့်မရတာ''ဟု မစ္စရီနားတားက ပြောသည်။

 

ကောက်ချက်ချလို့မရ

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံ အမတ်ကြီး မစ္စတာ မာစီရယ်လ်က ''အခုခရီးစဉ် ပထမဆုံးနေ့မှာ ရွာတွေကို တိုက်ခိုက်တုန်းကစပြီး တိုက်ခိုက်ခံရတဲ့ရွာ၊ နောက်အဲဒီရွာတွေမှာ လူတွေမနေတော့ဘူး ထွက်ပြေး သွားတယ်ဆိုတဲ့ ရွာတွေကို စတင်သွားခဲ့ပါတယ်။ ကျွန်တော်တို့ ရောက်သွားတဲ့ အချိန်မှာ ရွာသားတွေက ကျွန်တော်တို့လာမှာ ကြိုသိလို့ ထွက်လာကြပါတယ်။ နောက်ထပ် တစ်ရွာရောက်တော့ အဲဒီရွာတွေက ရွာသားတွေက ထွက်ပြေးသွားခဲ့တဲ့သူတွေ မဟုတ်ပါဘူး။ သူတို့က အောက်တိုဘာ ၉ ရက် တိုက်ခိုက်မှုဟာ သူတို့အတွက် ကြီးကြီးမားမား ပြောင်းလဲသွားတာမရှိဘူးလို့ ပြောပါတယ်။ ကျွန်တော်တို့ မြင်တဲ့အတိုင်း တွေ့တဲ့အတိုင်း တွေ့ဆုံ မေးမြန်းခဲ့တာဖြစ်ပါတယ်။ အဲဒီအပေါ်မှာ ကြည့်ပြီးတော့ အကြောင်းအရာတစ်ခုလုံးကိုတော့ ကောက်ချက်ချလို့မရပါဘူး'' ဟု ပြောသည်။

 

ကြီးကျယ်တဲ့ထိခိုက်မှုမရှိ

''ကျွန်တော်တို့ ဒီလို သွားခဲ့တဲ့ ခရီးစဉ်က ရှေ့ဆက်လုပ်ရမယ့် လုပ်ငန်းတွေအတွက် ပထမဦးဆုံးချတဲ့ ခြေလှမ်းဖြစ်ပါတယ်။ နောက်ထပ်လည်း လုပ်ဆောင်စရာတွေ အများကြီးရှိပါသေးတယ်။ ဒါကတော့ လူသားချင်း ဆိုင်ရာ အကူအညီပေးဖို့ အထောက်အပံ့ပေးဖို့ ဖြစ်ပါတယ်။ ရွာတွေကို သွားတယ်။ ရွာသားတွေနဲ့ စကားပြောကြည့်တဲ့အခါ တွေ့ရှိချက်က နှစ်ခုဖြစ်ပါတယ်။ အဲဒါက ဘာလဲဆိုရင် ဖြစ်စဉ်တွေ အကုန်လုံးက အားလုံး စွပ်စွဲထားသလို ကြီးကျယ်တဲ့ ထိခိုက်မှုတွေ မရှိဘူးဆိုတာနဲ့ နောက်တစ်ခုက နယ်ခြားစောင့်တပ်ကနေ လုံခြုံရေးအကူအညီပေးတာကို ရွာသားတွေအနေနဲ့ ကြိုဆိုတယ်ဆိုတာ ဖြစ်ပါတယ်''ဟု မြန်မာနိုင်ငံဆိုင်ရာဗြိတိန်သံ အမတ်ကြီး မစ္စတာ အင်ဒရူး ပက်ထရစ်က ပြောသည်။

 

အင်မတန်ကျေနပ်

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး မစ္စတာ ရိုလန်က ''ကျွန်တော်တို့ အခုသွားခဲ့တဲ့ ခရီးက တစ်ဖက်မှာ ဘာတွေ ဖြစ်နေလဲဆိုတဲ့ မမြင်နိုင်တဲ့ တံခါးတစ်ချပ်ကို ဖွင့်လိုက်တာ ဖြစ်ပါတယ်။ ဒါဟာ ပထမဆုံး ခြေလှမ်းအဖြစ် အလွန်အရေးကြီးပါတယ်။ နောက်တစ်ခုက မြေပြင်မှာ ဖြစ်နေတာကို ကျွန်တော်တို့ မြင်ဖို့၊ တွေ့ဖို့ အခွင့်အရေး ပေးလိုက်တာ ဖြစ်ပါတယ်။ အဲဒီမှာ ရှိတဲ့ နယ်ခံတွေက ကျွန်တော်တို့ကို တွေ့တဲ့အခါ အင်မတန်ကျေနပ်သွားတယ်ဆိုတာသိခဲ့ရပါတယ်။

 

''ကျွန်တော်တို့သွားချင်တဲ့ ရွာတွေက အများကြီးဖြစ်ပေမယ့် ရွာတွေအကုန်လုံးကို သွားဖို့အတွက် အချိန်မလုံလောက်ပါဘူး။ သွားခွင့်ရတဲ့ နေရာတွေက ဒေသခံတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် အခွင့်အရေးတစ်ခု ဖြစ်ခဲ့ပါတယ်။ ရခိုင်ပြည်နယ် လွှတ်တော်နဲ့ တွေ့ဆုံဆွေးနွေးပြီး အခုအခြေအနေကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ အခွင့်အရေးတစ်ခု ရခဲ့ပါတယ်။ လူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပွင့်လင်းမြင်သာမှုရှိရေးဆိုတဲ့ အကြောင်းတွေကို ကျွန်တော်တို့ ခဏခဏ ပြောခဲ့တာရှိပါတယ်။ နောက် ဒီပြဿနာရဲ့ အကြောင်းရင်းတွေ အဖြေရှာဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့သွားခဲ့တဲ့အခါ နှစ်ဖက်စလုံးက ဒုက္ခ သုတ်ခတွေနဲ့ ခံစားနေရပါတယ်။ စိတ်မကောင်းဖြစ်နေတဲ့သူတွေ၊ ဘာလုပ်လို့ လုပ်ရမှန်းမသိတဲ့ သူတွေ၊ ဘဝပျက်နေတဲ့သူတွေ အများကြီးတွေ့ပါတယ်။ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ အဖြေတစ်ခုကို ကျွန်တော်တို့ ရှာရမှာ ဖြစ်ပါတယ်''ဟု ပြောသည်။

 

အစိုးရကို အမြန်ဆုံးကူညီ

မစ္စ ရီနားတားက ''တချို့ရွာတွေမှာ စာသင်ကျောင်းတွေ ပြန်ပြီးဖွင့်နေပါပြီ။ ဆရာ ဆရာမတွေလည်း ပြန်ပြီးရောက်နေပါပြီ။ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်တဲ့သူတွေရနိုင်ဖို့ အစိုးရကို အမြန်ဆုံးအကူအညီပေးဖို့ တိုက်တွန်းခဲ့ပါ တယ်။ နဂိုကတည်းက အထောက်အကူပေးနေ တဲ့ အဖွဲ့တွေ အကြမ်းဖက်မှုတွေ မဖြစ်ခင်ကတည်းက အကူအညီပေးနေတာဆိုတော့ ဆက်ပြီး အကူအညီ ပေးနိုင်အောင် ပြောဆိုခဲ့ပါတယ်။

 

''အစိုးရအနေနဲ့ ကျွန်မတို့ကို သဘောတူညီမှုပေးတာက ရှိပြီးသား လူသားချင်းစာနာမှု အထောက် အကူတွေ ဆက်ပြီးလုပ်နိုင်အောင် စပြီးပေးနိုင်ပါပြီလို့ ပြောပါတယ်။ အစိုးရကို အကြံပေးခဲ့တာက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်နေတဲ့ ကိစ္စတွေကို ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရအောင်လို့ ပြဿနာရဲ့ အရင်းအမြစ်နဲ့ အရင်းအမြစ်တွေကို ဖော်ထုတ်နိုင်ဖို့ အတူယှဉ်တွဲပြီး နေထိုင်တဲ့ ဒေသတွေ မှာလည်း ဖွံ့ဖြိုးတိုးတက်ဖို့၊ တရားဥပဒေ စိုးမိုးမှုရှိဖို့၊ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေ ထိုင်ဖို့ဆိုတဲ့ အကြောင်းအရာတွေ အစိုးရကို အကြံပေးခဲ့ပါတယ်''ဟု ပြောသည်။

 

ကြီးကျယ်တဲ့အဖြစ်အပျက်

ဥရောပသမဂ္ဂ သံအမတ်ကြီးက ''လုံခြုံ ရေးတပ်သား ၁၅ ဦးလောက် အသတ်ခံရတယ်ဆိုတာ တရားဥပဒေ စိုးမိုးရေးရှိနေတဲ့ အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတစ်ခုမှာ အင်မတန်ကြီးကျယ်တဲ့ အမှုတစ်ခု ဖြစ်ပါတယ်။ ဒါကိုလည်း မေ့လို့မဖြစ်ပါဘူး။ ကျွန်တော့်အနေနဲ့က အခုဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေ၊ မြေပြင်မှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ၊ အောက်တိုဘာ ၉ ရက်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေဟာ တကယ့်ကို ကြီးကျယ်တဲ့ အဖြစ်အပျက်တွေ ဖြစ်ပါတယ်။ ဒီပြဿနာတွေကို လောလောဆယ် လက်ငင်းဖြေရှင်းလို့ ရမယ့် အရာတွေကိုလည်း ရှုမြင်သုံးသပ်ရပါမယ်။ နောက်တစ်ခါ ရေရှည်မှာရော ဘယ်လို ဖြေရှင်းမလဲ ဆိုတာ ရှာရပါမယ်။ ဒါမှသာ ကျွန်တော်တို့ လူသားချင်းစာနာထောက်ထားမှု ဘက်ကကြည့်ပြီး နောက်ကို ဒီလို ပြဿနာတွေ မဖြစ်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်''ဟု ပြောသည်။

 

''ကျွန်တော်တို့ ဥရောပသမဂ္ဂအနေနဲ့ရော နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ကော ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ အင်မတန် နှိမ့်ချစွာနဲ့ ဘယ်လိုအကူအညီတွေ၊ ဘယ်လိုဖြေရှင်းချက်တွေ ဝိုင်းပြီးပေးရင် ကောင်းမလဲဆိုတဲ့ ဝိုင်းပြီးစဉ်းစား၊ ဝိုင်းပြီးကူညီရတဲ့ အလုပ်ပဲလုပ်ရမှာ ဖြစ်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းရမယ့်အလုပ်ကတော့ နိုင်ငံရေး ပြဿနာဖြစ်တဲ့အတွက် ဒီနိုင်ငံမှာနေတဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံသူ နိုင်ငံသားတွေကပဲ လိုက်နာဖြေရှင်းရမှာဖြစ်ပါတယ်။

 

''ကျွန်တော်တို့သွားခဲ့တာက ပထမခြေလှမ်းပါ။ပိတ်နေတဲ့ တံခါးတစ်ချပ်ပွင့်သွား တာသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ သွားခဲ့တဲ့ နေရာမှာ အစိုးရက ဒီလိုကိစ္စတွေကို ဇောက်ချပြီး လုပ်မယ်။ သန္နိဋ္ဌာန်ချထားပြီး လုပ်မယ်လို့ ပြောခဲ့တာတွေလည်း တွေ့ခဲ့ရပါတယ်။ ဒါကို ကျွန်တော်တို့ ကြိုဆိုပါတယ်။ အခုသွားခဲ့တဲ့ ခရီးစဉ်ကို ကြည့်လိုက်ရင် နိုင်ငံပေါင်းစုံက သံအမတ်တွေပါတယ်ဆိုတာကို တွေ့ခဲ့ရပါ တယ်။ ဒါဟာ ဘာကို ပြောပြသလဲဆိုရင် ဒီခရီးစဉ်ဟာ ဘက်လိုက်မှု မရှိဘူးဆိုတာကို ပြောပြနေတာ ဖြစ်ပါတယ်''ဟု ဥရောပသမဂ္ဂ သံအမတ်ကြီးက ပြောသည်။

 

အင်မတန်ပွင့်လင်း

မြန်မာနိုင်ငံဆိုင်ရာတူရကီနိုင်ငံ သံအမတ်ကြီး Mr. Kerem Divanliogler က ''ကျွန်တော်တို့ အားလုံးဟာ မြန်မာနိုင်ငံရဲ့ မိတ်ဆွေတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို အောင်မြင်စေချင်ပါတယ်။ ဒီလိုသွားမယ် ဆိုတာကလည်း ကျွန်တော်တို့ အပြုသဘောဆောင်တဲ့ စိတ်ဓာတ်တွေနဲ့ ချိတ်ဆက်ပြီးသွား မယ်ဆိုပြီး သွားခဲ့ကြတာပါ။ အခုသွားတဲ့အခါမှာ အာဏာပိုင်တွေနဲ့ တွေ့ရတဲ့အခါ အင်မတန်ပွင့်လင်းပြီး ဖော်ရွေတဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့ရပါတယ်။

 

''ကျွန်တော်ပြောချင်တဲ့ အချက်သုံးချက် ရှိပါတယ်။ နံပါတ်တစ်က လုပ်ငန်းစဉ်က အခုမှ အစပဲရှိပါ သေးတယ်။ အဆုံးမဟုတ် သေးပါဘူး။ နောက်တစ်ခုက ပွင့်လင်းမြင်သာတဲ့ အပြန်အလှန်ဆွေးနွေးခြင်းပဲ ဖြစ်ပါတယ်။ အပြန်အလှန်ဆွေးနွေးခြင်းသည် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ဒါမှ ကျွန်တော်တို့ အစိုးရတွေကိုလည်း မြေပြင်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ သတင်းပေးနိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်ခုက ဒီပြဿနာတွေကို ဖြေရှင်းရာမှာ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အထောက် အကူတွေပေးခြင်း က စတင်ရမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက ရေရှည်ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ဘယ်လို နည်းနဲ့ ချဉ်းကပ်မလဲဆိုတာ အရေးတကြီး ပြဿနာအနေနဲ့ စဉ်းစားရမယ့် အပိုင်းဖြစ်ပါ တယ်''ဟု ပြောသည်။

 

''လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကတော့ အင်မတန်နက်နက်နဲနဲနဲ့ ဆုံးဖြတ်ရမယ့် ကိစ္စပါ။ ဒီကိစ္စကို အင်မတန်စိုးရိမ်ပူပန်နေတယ်ဆိုတဲ့အကြောင်း အစိုးရသိအောင် ပြောပြခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မတို့က လူသားချင်းစာနာ ထောက်ထားမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အဓိက ထားစဉ်းစားခဲ့ပါတယ်''။

 

''မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုရှိတယ်ဆိုတာ တစ်ယောက်ယောက်က ရှိတယ်လို့ စွပ်စွဲပြောဆို လိုက်တာ ဖြစ်ပါတယ်။ တကယ်ရှိ/ မရှိတော့ UN အဖွဲ့တွေကော၊ နိုင်ငံတကာအသိုင်းအဝိုင်းကော စစ်ဆေးနိုင်တာ မရှိပါဘူး။ ကျွန်မတို့အနေနဲ့ ဝင်ပါလို့မရပါဘူး။ ရှိနေတယ်ဆိုရင်တော့ အင်မတန်စိုးရိမ် စရာကောင်းမှန်း ကျွန်မတို့သိပါတယ်။ ဒါကြောင့် လွတ်လပ်ပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ပါလို့ တိုက်တွန်းခဲ့ပါတယ်''။

 

''ရွာသားတွေ ဘာကိုစိုးရိမ်လဲ၊ အိမ်တွေမီးလောင်တာဘာလဲဆိုတာ နှစ်ခုပေါင်း ပြောပါမယ်။ ဘယ်နေရာမှာ ဖြစ်သလဲဆိုတာ မူတည်ပါတယ်။ အချို့နေရာတွေမှာတော့ လူ့အခွင့်အရေးချိုးဖောက်မှု အချို့ရှိတယ်။ လူတွေကို ဖမ်းဆီးထိန်းသိမ်းတာတွေ၊ အချို့ နေရာတွေမှာ အိမ်တွေ မီးရှို့တာတို့ပေါ့။ ရခိုင် မြောက်ပိုင်းမှာပါ။ လုံခြုံရေးတပ်ဖွဲ့တွေ ရှိတယ်ဆိုတာတောင် ရွာသူရွာသားတွေ စိုးရိမ်ကြောက်လန နေတယ်လို့ ဆိုပါတယ်။

 

''နောက်တစ်ခုက တစ်နေရာကျတော့ ဒီလိုမဟုတ်ပြန်ဘူး။ လုံခြုံရေးတပ်ဖွဲ့တွေ ရှိနေတဲ့အတွက် ရွာထဲမှာပဲ နေချင်တယ်။ ဒါဟာ သူတို့အတွက် ပိုလုံခြုံစိတ်ချသလို ခံစားရတယ်။ စိတ်ထဲမှာထင်တယ်လို့ ပြောပါတယ်။ ရွာနှစ်ရွာ သုံးရွာလောက်ဆိုရင် ဖြစ်ပြီးတော့ကော၊ မဖြစ်ခင်ကော သူတို့အတွက် ဘာမှ ထိခိုက်မှုမရှိဘူးလို့ ပြောကြပါတယ်''။

 

လွတ်လွတ်လပ်လပ်ကြည့်ရှုခွင့်ရ

''ကျွန်တော်တို့သွားခဲ့တဲ့ မျက်မြင်အခြေအနေမှာ ရွာတစ်ရွာမှာ အိမ်သုံးလေးအိမ်လောက် မီးလောင်နေ ပါတယ်။ အထဲမှာတော့ ဘာမှမဖြစ်ဘူးဆိုတာ တွေ့ရပါတယ်။ တစ်နေရာမှာဆိုလည်း ရွာကထွက်သွားတဲ့ ရွာသူရွာသားတွေက မီးလောင်နေတဲ့ အိမ်တွေ ဟာ ဒီထက်မကဘူး။ ပိုများတယ်လို့ပြောတယ်။ တစ်ရွာလုံးကို ဝင်ကြည့်နိုင်ဖို့တော့ ကျွန်တော်တို့ အချိန်မရပါဘူး။ ကျွန်တော်တို့ စုံစမ်းစစ်ဆေးဖို့ သွားတာမဟုတ်ပေမယ့် လွတ်လွတ် လပ်လပ်နဲ့ ကြည့်ရှုခွင့်ရတဲ့ခရီးစဉ် ဖြစ်ခဲ့ပါတယ်''။

 

''လူသားချင်းဆိုင်ရာ ကူညီထောက်ပံ့မှု တွေ တစ်ရက် နှစ်ရက်နေရင် စတော့မှာ ဖြစ်ပါတယ်။ အသေးစိတ်ကို ထပ်ပြောပါမယ်''ဟု လူ့အခွင့်အရေးချိုးဖောက်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ နေအိမ်များ မီးရှို့ဖျက်ဆီး ခံရမှုတို့နှင့် ပတ်သက်သည့် မေးခွန်းများကို ဖြေကြားခဲ့ကြသည်။