ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသည့် အခြေအနေများကိုသိရှိနိုင်ရန် ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးအချို့၏ မေတ္တာရပ်ခံချက်အတိုင်း အစိုးရမှဖြည့်ဆည်းပေးနိုင်ဟု ပြောကြား

Printer-friendly versionSend by email

 

စစ်တွေ နိုဝင်ဘာ ၃

 

ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများ နှင့်ပတ်သက်၍ အစိုးရအဖွဲ့၏ လက်ရှိဆောင်ရွက်ထားသည့် အခြေအနေများကို သိရှိနိုင်ရန်နှင့် အခြေအနေကို ကွင်းဆင်းလေ့လာရန်အတွက် စစ်တွေမြို့သို့ ရောက်ရှိနေသည့် ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး၊ လူသားချင်းစာနာမှုအကူအညီပေးရေး ညှိနှိုင်းရေးမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများသည် ယနေ့နံနက် ၈ နာရီခွဲက စစ်တွေမြို့ရှိ ပြည်နယ်အစိုးရဧည့်ဂေဟာတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်တို့နှင့် တွေ့ဆုံ၍ ရခိုင်ပြည်နယ်နှင့်ပတ်သက်သည့် ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေးနှင့် အကူအညီပေးနိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ဦးဆောင်၍ UNDP ကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများသည် စစ်တွေမြို့မှ ရဟတ်ယာဉ်ဖြင့် မောင်တောမြို့နယ်ရှိ ရခိုင်လူမျိုးများ နေထိုင်သည့် မောရဝတီကျေးရွာသို့ သွားရောက်ကာ လက်ရှိနေထိုင်လျက်ရှိသည့် အခြေအနေများကို တွေ့ဆုံမေးမြန်းခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် အစ္စလာမ်ဘာသာဝင်များ နေထိုင်သည့် ဇော်မတက်ကျေးရွာသို့ သွားရောက်ပြီး နယ်မြေအေးချမ်းမှုအခြေအနေ၊ နေထိုင်စားသောက်မှုနှင့် ပညာရေးအခြေအနေ တို့ကို တွေ့ဆုံမေးမြန်းရာ ဒေသခံများက ငြိမ်းချမ်းမှုရှိကြောင်း၊ ယခုဖြစ်ပွားသည့် အကြမ်းဖက်မှုတွင် ပါဝင်ခြင်း မရှိကြောင်း၊ ဥပဒေနှင့်အညီနေထိုင်၍ အဆင်ပြေအေးချမ်းစွာ နေထိုင်လျက်ရှိကြောင်း ပြောသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ဦးဆောင်၍ UNDP ကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများသည် အစ္စလာမ်ဘာသာဝင်များနှင့် ရခိုင်လူမျိုးများ အတူတကွနေထိုင်သည့် အလယ်သံကျော်ကျေးရွာသို့ သွားရောက်ကြည့်ရှုသည်။ အလယ်သံကျော် ကျေးရွာအုပ်စုတွင် လူဦးရေ ၁၁၀၀၀ ကျော်နေထိုင်ပြီး ရခိုင်တိုင်းရင်းသား အနည်းငယ်သာ နေထိုင်သော်လည်း အစ္စလာမ်ဘာသာဝင်များနှင့် အတူတကွ ရင်းနှီးခင်မင်စွာနေထိုင်လျက်ရှိကြောင်း သိရသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အောက်တိုဘာ ၉ ရက်က အကြမ်းဖက်ဝင်ရောက်စီးနင်းခံရသည့် ရသေ့တောင်မြို့နယ်ရှိ ကိုးတန်ကောက်ရဲစခန်းနှင့် ကိုးတန်ကောက်ကျေးရွာတို့သို့ သွားရောက်ခဲ့သည်။ ကိုးတန်ကောက်ကျေးရွာတွင် အစ္စလာမ်ဘာသာဝင်များသာ နေထိုင်ပြီးသွားရောက် တွေ့ဆုံရာတွင် ကျေးရွာသားများက အင်္ဂလိပ်စာဘာသာစကားဖြင့်ရေးသားထားသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့သို့ ပြန်လည်ရောက်ရှိကြသည်။ ညနေ ၄ နာရီတွင် ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး/ လူသားချင်းစာနာမှု အကူအညီပေးရေးညှိနှိုင်းရေးမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအချို့သည် ရခိုင်ပြည်နယ်လွှတ်တော်ရုံးခန်းမ၌ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် တွေ့ဆုံသည်။

 

ဆက်လက်၍ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး/ လူသားချင်းစာနာမှု အကူအညီပေးရေး ညှိနှိုင်းရေးမှူး နှင့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများသည် မောင်တောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ်ရှိ ကျေးရွာများသို့ နှစ်ရက်တာ သွားရောက်လေ့လာခဲ့သည့် အခြေအနေကိုရှင်းလင်းရန် သတင်းမီဒီယာ များနှင့် စစ်တွေလေဆိပ်၌ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် UNDP ကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများက အကြမ်းဖက်ဖြစ်စဉ် ကြောင့်ကျေးရွာများအား စွန့်ခွာထွက်ပြေးသူများ၏ လိုအပ်ချက်ကိုကူညီပေးရန် အစိုးရအား အကြံပြုခဲ့ ကြောင်း၊ ထွက်ပြေးတိမ်းရှောင်သူများသည် ကိုယ့်ရပ်ကိုယ်ရွာသို့ ပြန်လာစပြုနေပြီဖြစ်ကြောင်း၊ ထိုသို့ ပြန်လည်ရောက်ရှိရာတွင် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် စောင့်ကြည့်လေ့လာရန် အစိုးရကခွင့်ပြုခဲ့ကြောင်း၊ ရပ်ဆိုင်းထားသည့် အပြည်ပြည်ဆိုင်ရာကူညီထောက်ပံ့မှုများ ဆက်လက်ပေးအပ်ရန် တိုက်တွန်းမည်ဖြစ်ကြောင်း၊ မိမိတို့သည် စုံစမ်းစစ်ဆေးရေးအဖွဲ့မဟုတ်ဘဲ အခြေအနေကိုလာရောက် လေ့လာသုံးသပ်ခြင်းသာ ဖြစ်ကြောင်း။

 

မြေပြင်အခြေအနေကို လေ့လာခြင်းဖြစ်ပြီး အစိုးရနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် မိမိတို့ အနေဖြင့် အခွင့်အရေးများရရှိခဲ့ပါကြောင်း၊ ဖြစ်ပေါ်နေသည့် စိန်ခေါ်မှုများအားလုံးကို အဖြေရှာရန် အစိုးရနှင့် ညှိနှိုင်းခဲ့ပြီးဖြစ်ကြောင်း၊ စွပ်စွဲချက်များဟုတ်၊ မဟုတ်ကို သေချာပြော၍ မရသေးကြောင်း၊ တွေ့ရှိရသည့် ဖြစ်စဉ်တွင် မည်သည့်အမျိုးသမီးတစ်ဦးတစ်ယောက်မျှ အဓမ္မပြုကျင့်ခံရသည်ဟု မပြောခဲ့ကြောင်း၊ အရေးကြီးသည့်အရာမှာ တရားဥပဒေစိုးမိုးရေးကိုလိုက်နာရန်ဖြစ်ကြောင်း၊ လုံခြုံရေးအတွက် စီမံချက်ချ ဆောင်ရွက်နေသည်များလည်း ရှိပါကြောင်း၊ မည်သည့်နိုင်ငံမဆို ယခုကဲ့သို့ တိုက်ခိုက်မှုများ ရှိလာပါ လုံခြုံရေး အရေးယူဆောင်ရွက်မှုများရှိမည်ဖြစ်ကြောင်း။

 

အစိုးရအနေဖြင့် ယခုလက်ရှိတွင် အပြည်ပြည်ဆိုင်ရာလုပ်ထုံးကို လိုက်နာဆဲဖြစ်ပြီး ဆက်လက် လိုက်နာရန် တိုက်တွန်းခဲ့ကြောင်း၊ မိမိတို့သွားချင်သည့်ရွာများအား အစိုးရထံမေတ္တာရပ်ခံခဲ့ရာ အစိုးရမှ လည်း မိမိတို့ ဆန္ဒအတိုင်း လိုက်လံပို့ဆောင်ခဲ့ကြောင်း၊ စွပ်စွဲမှုများရှိနေသော်လည်း အစိုးရအနေဖြင့် ကန့်သတ်ချက်များ မပြုလုပ်ခဲ့ကြောင်း၊ မိမိတို့သွားချင်သည့်နေရာနှင့် တွေ့ဆုံမှုတောင်းခံခဲ့သည် များလည်း ရရှိခဲ့ကြောင်း၊ စွပ်စွဲမှုများ မှန်ကန်ခြင်းရှိ၊ မရှိ စုံစမ်းစစ်ဆေးနိုင်ရန်နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ဝင်ရောက်ခွင့်ရရန် အစိုးရကိုတိုက်တွန်းခဲ့ကြောင်း၊ မိမိတို့တွေ့ဆုံခဲ့သည့် အစိုးရ တာဝန်ခံအရာရှိကြီးများအားလုံး မိမိတို့၏ အကြံပြုချက်များအပေါ် လက်ခံရန်အသင့်ရှိကြောင်း၊ မိမိတို့တွေ့ဆုံခဲ့သည့် သူများသည် ၎င်းတို့ ပြောချင်သည်များကို ပြောခွင့်ရကြောင်း၊ လေ့လာသူများ၊ စုံစမ်းစစ်ဆေးမည့်သူများ လာရောက်ရန် အခွင့်များလည်း ရရှိခဲ့ပါကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့် အစိုးရအဖွဲ့ဝင်များ၊ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး/ လူသားချင်းစာနာမှု အကူအညီပေးရေးညှိနှိုင်းရေးမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများသည် ညနေပိုင်းတွင် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည် ရောက်ရှိကြသည်။