အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အကြမ်းဖက်တိုက်ဖျက် ရေးဥပဒေ၊ တည်ဆဲဥပဒေများနှင့်အညီ အမျိုးသားလုံခြုံရေးနှင့် ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို အစွမ်းကုန်ကာကွယ်စောင့်ရှောက်သွားမှာဖြစ်

Printer-friendly versionSend by email

 

မောင်တော နိုဝင်ဘာ ၃

 

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီး ဦးကျော်တင်၊ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး Ms. Renata Dessallinနှင့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများသည် နိုဝင်ဘာ၂ ရက် နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ် အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ် (ကျီးကန်းပြင်)သို့ ရောက်ရှိခဲ့ကြသည်။

 

ထိုသို့ရောက်ရှိစဉ် ရဲမှူးချုပ် သူရစန်းလွင်က အောက်တိုဘာ ၉ ရက် နံနက်ပိုင်းက မောင်တောခရိုင် အတွင်းရှိ ကျီးကန်းပြင်ဌာနချုပ်၊ ကိုးတန်ကောက် ရဲကင်းစခန်းနှင့် ငါးခူရနယ်မြေရုံးတို့သို့ အကြမ်းဖက် သမားများကအလစ်အငိုက်ရယူ၍ အကြမ်းဖက်စီးနင်း တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် ၎င်းက ဆက်လက်၍ “အဲဒီလို ဖြစ်စဉ်များ ဖြစ်ပွားပြီးနောက်မှာ တပ်မတော် စစ်ကြောင်းများနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့များ ပူးပေါင်းကာ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများ ဆုတ်ခွာရာနောက်သို့ လိုက်လံရှင်းလင်းတာ၊ ပိတ်ဆို့တာတွေ ဆောင်ရွက်ခဲ့ရာမှာအောက်တိုဘာ ၉ ရက် နံနက်ပိုင်းမှာ ကျီးကန်းပြင်ဌာနချုပ်မှ ဆုံးရှုံးခဲ့တဲ့ လက်နက်များအနက် ၁၃ လက်ကို ပြန်လည်သိမ်းဆည်းရမိခဲ့ပါတယ်။

 

“တိုက်ခိုက်မှုဖြစ်ပွားပြီး နောက်တစ်ရက် အောက်တိုဘာ ၁၀ ရက်ကစပြီး တာဝန်ရှိသူတွေအနေနဲ့ နယ်မြေ ဒေသလုံခြုံရေး၊ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ခဲ့ ပါတယ်။

 

“ပထမအဆင့်အနေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို အခြေပြုပြီး ဘာသာရေး၊ လူမှုရေးဆိုင်ရာ ပဋိပက္ခများ အသွင်ဖန်တီးကူးပြောင်းမသွားစေဖို့ တာဝန်ရှိသူတွေနဲ့ ပေါင်းစပ်ညှိနှိုင်းစီမံ ဆောင်ရွက်ခဲ့ ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒေသတွင်း လုံခြုံရေးတိုးမြှင့်ဆောင်ရွက်နိုင်ဖို့ တပ်မတော်မှ တပ်အင်အားများ တိုးမြှင့်ချထားတာတွေ၊ ရဲတပ်ဖွဲ့ဝင်အင်အားများ တိုးမြှင့်ချထားတာတွေကို တပ်မတော်မှ ရဟတ်ယာဉ်များနဲ့ လျင်မြန်စွာ ရွှေ့ပြောင်းပို့ဆောင်ခဲ့ပါတယ်။

 

ဒုတိယအဆင့်အနေနဲ့ ဒေသတွင်းရှိ မြို့ရွာများကို အကြမ်းဖက်သမားများ အင်အားသုံး တိုက်ခိုက်မှုများ မပြုလုပ်နိုင်စေဖို့ အဓိကကျတဲ့ မြို့ရွာတွေရဲ့လုံခြုံရေးနဲ့ နယ်မြေအတွင်းရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်နဲ့ လုံခြုံရေးကို အင်အားတိုးမြှင့်ချထားခဲ့ပါတယ်။

 

တတိယအဆင့်မှာ ဒေသတွင်းရှိ ရေလမ်းကြောင်းအပါအဝင် အဓိကဆက်သွယ်ရေး လမ်းကြောင်းတွေ ဆက်သွယ်မှုမပြတ်တောက်စေဖို့ လုံခြုံရေးတိုးမြှင့်ခဲ့ပါတယ်။ မြို့ရွာဆက်သွယ်ရေးလမ်းကြောင်းတွေရဲ့ လုံခြုံရေးဆောင်ရွက်ထားသော်လည်း စိုးရိမ်ပူပန်မှုကြောင့် သွားလာမှုနည်းပါးတဲ့အတွက် ဌာနဆိုင်ရာ အစီအစဉ်နဲ့ ပို့ဆောင်ပေးမှုတွေဆောင်ရွက်နေပါတယ်။

 

စတုတ္ထအဆင့်မှာ ဒေသတွင်း ရပ်ရွာတွေရဲ့ တည်ငြိမ်အေးချမ်းရေးအတွက် အုပ်ချုပ်ရေးအဖွဲ့အစည်း များမှ တစ်ဆင့် ရပ်ကွက်၊ ကျေးရွာများမှ တာဝန်ရှိသူများကို နည်းလမ်းစုံနဲ့ ဆက်သွယ်ပြီး ဒေသခံများ မိမိတို့သက်ဆိုင်သည့်ရပ်ကွက်၊ ကျေးရွာများမှာ ဆက်လက်နေထိုင်ရေး၊ စိုးရိမ်ပူပန်မှုကြောင့် နေအိမ်စွန့်ခွာ တိမ်းရှောင်သူများအနေနဲ့လည်း မိမိတို့နေအိမ်များကို အေးချမ်းစွာ ပြန်လည်နေထိုင်ရေး တိုက်တွန်းဆောင်ရွက်လျက်ရှိပါတယ်။

 

တစ်ချိန်တည်းမှာ ဒေသအတွင်း အမြန်ဆုံးတည်ငြိမ်အေးချမ်းမှုကို အထောက်အကူဖြစ်စေဖို့ ပြည်နယ် အစိုးရရဲ့ လမ်းညွှန်ချက်နဲ့ မြို့နယ်အလိုက် ပုဒ်မ ၁၄၄ ကို သက်တမ်းတိုးတာ၊ အချိန်ကန့်သတ်ချက် ပြင်ဆင်တာတွေ ထုတ်ပြန်ပြီးလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် အလေးထား ဆောင်ရွက်လျက် ရှိပါတယ်။

 

ပဉ္စမအဆင့်မှာ ဒေသတွင်းပြည်သူတွေရဲ့ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စတဲ့ အခြေအနေတွေ ပုံမှန်ဖြစ်လာစေဖို့ အရေးကြီးတဲ့အချက်ဖြစ်တဲ့ ဌာနဆိုင်ရာအသီးသီးရဲ့ မူလလုပ်ငန်း တာဝန်တွေ ရပ်တန့်မသွားစေဘဲ အုပ်ချုပ်ရေးယန္တရား ပုံမှန်လည်ပတ်စေဖို့ အလေးထား ကြိုးပမ်း ဆောင်ရွက်ခဲ့ပါတယ်။ အုပ်ချုပ်ရေး ယန္တရားအတွက် ဌာနအသီးသီးမှ ဝန်ထမ်းများအနေနဲ့ မိမိတို့ တာဝန်ကျရာ နယ်မြေအလိုက် ပုံမှန်အတိုင်း စနစ်တကျ နေထိုင်တာဝန်ထမ်းဆောင်နိုင်ဖို့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်ထားပါတယ်။

 

ဖြစ်စဉ်ဖြစ်ပွားမှုကြောင့် ဝေးလံတဲ့ကျေးရွာတွေမှာ စားဝတ်နေရေးခက်ခဲနေတာ ကြားသိရတဲ့အတွက် တပ်မတော်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနဲ့ ပြည်နယ်အစိုးရမှထောက်ပံ့တဲ့ ဆန်နဲ့စားသောက်ကုန်တွေကို သက်ဆိုင်ရာကျေးရွာများ ကို လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့ ပို့ဆောင်ပေးလျက်ရှိပါတယ်။

 

ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်များနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီး လိုအပ်ချက်တွေကို ပြင်ဆင် ဖြည့်စွက်လျက် ရှိပါတယ်။ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးဆောင်ရွက်ချိန်မှာ ကျေးရွာများအတွင်း ဝင်ရောက် ရှင်းလင်းမှုတွေမှာ ရဲတပ်ဖွဲ့ဝင်တွေက ရှေ့ကဝင်ရောက်ရှင်းလင်းပြီး တပ်မတော်က နောက်ပိုင်းလုံခြုံရေးကို ဆောင်ရွက်ပါတယ်။

 

ရွာသားတွေ၊ လူအုပ်စုတွေ ထိန်းသိမ်းကာကွယ်နိုင်ဖို့ ရဲတပ်ဖွဲ့ဝင်တွေကို Non- Lethal Weapons တပ်ဆင်ထားရှိပါတယ်။ ရွာအပြင်ဘက် တောတောင်တွေမှာ နယ်မြေရှင်းလင်းမှုတွေမှာ တပ်မတော်က ရှေ့မှဦးဆောင်ရှင်းလင်းပြီး ဆောင်ရွက်လျက်ရှိပါတယ်။ ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ဥပဒေနဲ့ အညီ အမှုဖွင့်လှစ်ထားပြီး စစ်ဆေးမှုတွေမှာလည်း နှိပ်စက်ညှဉ်းပန်းမှုမပြုဘဲ အိပ်ချိန်၊ စားချိန်တွေ စနစ်တကျ စီစဉ်ထားပါတယ်။ စစ်ဆေးမှုအားလုံးကို ဗီဒီယိုမှတ်တမ်းထားရှိပါတယ်။ သေဆုံးသွားတဲ့ အကြမ်းဖက် တိုက်ခိုက်သူတွေကိုလည်း သက်ဆိုင်ရာရပ်ရွာလူကြီးတွေနဲ့အတူ ဘာသာရေးထုံးစံတွေနဲ့ အညီ သင်္ဂြိုဟ်ပေးခဲ့ပါတယ်။ လူ့အသိုက်အဝန်း (Community) အချင်းချင်း ထိပ်တိုက်မဖြစ်စေဖို့ လုံခြုံမှုနဲ့ ယုံကြည်မှု ရရှိစေဖို့ ကြိုးစားဆောင်ရွက်နေပါတယ်။ အင်အားသုံးရာမှာလည်း ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကာကွယ်ဖို့ အမြင့်ဆုံးမူဝါဒထားရှိပြီး ဆောင်ရွက်နေပါတယ်။ အင်အားသုံးတဲ့ အခါမှာ အချိုးအစားမျှတဖို့၊ ဥပဒေနှင့်အညီဖြစ်စေဖို့၊ တာဝန်ခံနိုင်ဖို့ လိုအပ်သလောက်သာ အသုံးပြုတဲ့ အချက်များနဲ့အညီ ဆောင်ရွက်နေပါတယ်။

 

ဖြစ်စဉ်မှာ ပါဝင်ပတ်သက်တဲ့ ပြစ်မှုကျူးလွန်သူတွေကိုဖမ်းဆီးရမိအရေးယူနိုင်ဖို့၊ နယ်မြေအလိုက် တည်ငြိမ်အေးချမ်းဖို့၊ လုံခြုံရေး၊ ဆုံးရှုံးသွားတဲ့ လက်နက်ခဲယမ်းတွေ ပြန်လည်ရရှိဖို့ တပ်အင်အားတွေ ဖြည့်တင်းပြီး တပ်မတော်စစ်ကြောင်းတွေနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး နယ်မြေပိတ်ဆို့ ရှင်းလင်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးကိစ္စတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပါတယ်။

 

အောက်တိုဘာ ၁၉ ရက်အထိ ထိတွေ့မှု ၁၂ ကြိမ်၊ မိမိဘက်မှ တပ်မတော်သားငါးဦးနဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်ကိုးဦးကျဆုံးပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်ခြောက်ဦးနဲ့ အရပ်သားသုံးဦး ဒဏ်ရာရရှိခဲ့ ပါတယ်။ တပ်မတော်မှ လက်နက်ငယ်နှစ်လက်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ လက်နက်ငယ် ၆၄ လက်၊ ခဲယမ်း ၁၀၁၄၀၊ကျည်အိမ် ၁၇၃ ခု၊ လှံစွပ် ၄၇ ချောင်း ဆုံးရှုံးခဲ့ပါတယ်။ အကြမ်းဖက် တိုက်ခိုက်မှုတွေမှာ ပါဝင်တဲ့ မသင်္ကာသူ ၈၉ဦးကို ဖမ်းဆီးစစ်ဆေးနေပြီး ၃၃ ဦး အသေရရှိခဲ့ကာ လက်နက်ငယ်မျိုးစုံ ၁၀ လက် သိမ်းဆည်းရမိထားပါတယ်။

 

ဖမ်းဆီးရမိသူတွေကို စစ်ဆေးဖော်ထုတ်ချက်အရ အကြမ်းဖက်တိုက်ခိုက်မှုတွေကို မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ခိုအောင်းလှုပ်ရှားနေတဲ့ RSO အဖွဲ့နဲ့ ဆက်နွှယ်တဲ့ ဘာသာရေးအစွန်းရောက် ဟာဗစ်တူဟာရ် ဦးဆောင်သည့် အကာလ်မူလ်မူဂျာဟီဒင်န်အဖွဲ့က ပြုလုပ်ခဲ့တာဖြစ်ကြောင်းနဲ့ ပြည်တွင်း၊ ပြည်ပ ဆက်စပ်လုပ်ဆောင်ခဲ့မှုအခြေအနေတွေကို အောက်တိုဘာ ၁၄ ရက်မှာ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါတယ်။

 

ဟာဗစ်တူဟာရ်ဟာ မောင်တောဒေသအတွင်း ဂျီဟတ်ပြုလုပ်ရန် သူတို့ထံလာရောက်ရေး ဖိတ်ခေါ်မှုတွေ၊ အသေခံတိုက်ခိုက်ဖို့ တိုက်တွန်းမှုတွေ၊ အခွင့်အရေးတောင်းဆိုမှုတွေ ပါဝင်တဲ့ ဝါဒဖြန့် ပြောကြားချက် ဗီဒီယိုဖိုင်လေးခုကို အောက်တိုဘာ ၁၂ ရက်မှ ၁၅ ရက်အတွင်း လူမှုကွန်ရက်တွေမှာ လွှင့်တင်ခဲ့တာ တွေ့ရှိရပါတယ်။

 

ယခုနှစ် ဩဂုတ် ၂၄ ရက်က ဖွဲ့စည်းခဲ့တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဟာ မြန်မာနိုင်ငံကို ယခုတိုက်ခိုက်မှု ဖြစ်စဉ်မတိုင်မီ စက်တင်ဘာ ၃ ရက်မှ ၈ ရက်ထိ လာရောက်ခဲ့ပြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ နှစ်ဖက်လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့်တွေ့ဆုံပြီး တွေ့ရှိချက်တွေကို အစီရင်ခံစာတင်ပြနိုင်ဖို့ ဆောင်ရွက်နေပါတယ်။

 

တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကောင် အထည်ဖော်ရေး ဗဟိုကော်မတီကလည်း အစည်းအဝေးနှစ်ကြိမ် ကျင်းပခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ စီမံခန့်ခွဲမှုလုပ်ငန်းများ ချမှတ်ဆောင်ရွက်ခဲ့ပါတယ်။

 

ဒါ့အပြင် ကော်မတီဝင်များ၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများဟာ ရခိုင်ပြည်နယ်ကို ကွင်းဆင်း ရောက်ရှိပြီး ဒေသဆိုင်ရာ အာဏာပိုင်တွေ၊ တပ်မတော်နဲ့ ရဲတပ်ဖွဲ့တွေပေါင်းစပ်ကာ လုပ်ဆောင်သင့် တာတွေကို ဆောင်ရွက်နေကြပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်လွှတ်တော်ကလည်း စုံစမ်းရေးအဖွဲ့ကို ဖွဲ့စည်းထားပြီး တိုက်ခိုက်မှုနဲ့ ပတ်သက်တာတွေကို အခြေခံကျကျ လေ့လာစုံစမ်းမှုတွေ ပြုလုပ်နေ ပါတယ်။

 

မြန်မာနိုင်ငံအနေနဲ့ မည်သို့သော အကြမ်းဖက်မှုမျိုးကိုမဆို လက်ခံမှာမဟုတ်ဘဲ အကြမ်းဖက် တိုက်ခိုက်မှုများနဲ့ အားပေးကူညီထောက်ပံ့သူတွေကို ပြင်းပြင်းထန်ထန်ထိထိ ရောက်ရောက် တုံ့ပြန်သွားမှာဖြစ်ပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ တည်ဆဲဥပဒေများနှင့်အညီ အမျိုးသားလုံခြုံရေး နှင့် ပြည်သူ့အသက်အိုးအိမ် စည်းစိမ်ကို အစွမ်းကုန်ကာကွယ်စောင့်ရှောက်သွားမှာ ဖြစ်ပါတယ်လို့ ရှင်းလင်းတင်ပြအပ်ပါတယ်ဟု ပြောကြားသည်။

 

ထို့နောက် ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးနှင့် သံတမန်များ၏ မေးမြန်းချက်များအား တာဝန်ရှိသူများ က အောက်ပါအတိုင်း ရှင်းလင်းဖြေကြားခဲ့ကြသည်။

 

ဖမ်းဆီးရမိထားသည့်အကြမ်းဖက်ဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့သော မသင်္ကာသူတစ်ဦး စစ်ဆေးစဉ် သေဆုံးခဲ့မှုနှင့် ပတ်သက်၍ မေးခွန်းကို ဖြေကြားရာတွင် မိမိတို့ဥပဒေနှင့်အညီ မေးမြန်း စုံစမ်းခဲ့ကြောင်း၊ ၎င်းသေဆုံးသွားသည်ဆိုသည်မှာ ပင်ကိုရောဂါကြောင့် သေဆုံးသွားခြင်းဖြစ်ကြောင်း၊ မသေဆုံးမီ ဆေးရုံပို့ပေးခဲ့ကြောင်း၊ သေဆုံးသွားပြီးနောက် ၎င်းတို့၏ ဘာသာရေးဓလေ့ထုံးစံနှင့်အညီ သင်္ဂြိုဟ်ခွင့် ဘပေးခဲ့ကြောင်း၊ ထိန်းသိမ်းထားစဉ်အတွင်း သေဆုံးခဲ့ပါက လုပ်ထုံးလုပ်နည်းအရ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ကြောင်း၊ သေဆုံးသည်ဟု ကြေးနန်းရသည်နှင့် ညွှန်ကြားချက်ကို ချက်ချင်းတောင်းခံပြီး စုံစမ်းစစ်ဆေးဖို့ ခုံရုံးဖွဲ့ကြောင်း၊ သက်သေအားလုံး၏ ထွက်ဆိုချက်များ ကိုယူကြောင်း၊ အဓိကကျသည့်ဆရာဝန်၏ သေမှုသေခင်း ထွက်ဆိုချက်ကို ရယူပါ ကြောင်း၊ ပြင်ပဒဏ်ရာ ရှိ/ မရှိ၊ ပြင်ပဒဏ်ရာကြောင့် သေဆုံးခြင်း ရှိ/မရှိက ဆရာဝန်ထွက်ဆိုချက်သည် အဓိကကျပါကြောင်း၊ စုံစမ်းစစ်ဆေးရေးအဖွဲ့မှ စုံစမ်းစစ်ဆေးပြီး ဆက်လက်တင်ပြပါကြောင်း ဖြေကြားသည်။

 

အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုဖြစ်စဉ်တွင် အစွန်းရောက်အသေခံ ဗုံးခွဲတိုက်ခိုက်မှုများ ပါဝင်ခြင်း ရှိ/ မရှိ မေးခွန်းကို ဖြေကြားရာတွင် ယခုဖြစ်စဉ်တွင်တော့ အသေခံဗုံးခွဲတိုက်ခိုက်မှုများ မပါဝင်ပါကြောင်း၊ ယခုဖြစ်စဉ်ကိုဦးဆောင်သူမှာ ပါကစ္စတန်နိုင်ငံတွင် လေ့ကျင့်ထားသည့်အကြမ်းဖက်သမားဖြစ်ကြောင်း စုံစမ်းသိရှိရသည်ဟု နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ပြီး ဖြစ်ပါကြောင်း၊ ထိုသူတွေက မောင်တော ဒေသရှိ ဒေသခံအချို့ကို လေ့ကျင့်ပေးခဲ့သည်ဟု ဖော်ထုတ်စုံစမ်းသိရှိရပါကြောင်း၊ ယင်းမူဂျာဟီဒင်န် အဖွဲ့သည် ပါကစ္စတန်နိုင်ငံမှအကြမ်းဖက်အဖွဲ့နှင့် ဆက်နွှယ်မှုရှိသည်ဟု အိန္ဒိယနိုင်ငံမှ သတင်းစာအချို့က အထောက်အထားနှင့်တကွ ရေးသားဖော်ပြခဲ့ပါကြောင်း၊ မောင်တောမြို့နယ်အတွင်းရှိ နယ်ခြားစောင့်တပ်စခန်းများကို တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်အုပ်စုများ သည် ပါကစ္စတန်နိုင်ငံ အခြေစိုက်အကြမ်းဖက်အုပ်စုများသာမက ဂျမူး-ကက်ရှ်မီးယားမှ အကြမ်းဖက် အုပ်စုများနှင့် ဆက်စပ်မှုရှိသည်ဟု အိန္ဒိယနိုင်ငံထုတ်The Economic Times သတင်းစာက အထောက်အထားနှင့်တကွ ရေးသားဖော်ပြခဲ့သည်ကို လေ့လာမိပါကြောင်း၊ ထို့ကြောင့် အကြမ်းဖက်မှု ကို ဦးဆောင်သူက ပြည်ပမှာ လေ့ကျင့်ထားပြီး ဒေသခံများကို ဦးဆောင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖြေကြားသည်။

 

အစ္စလာမ်ဘာသာဝင်များကို ဖိနှိပ်တိုက်ခိုက်နေသည်ဟု သတင်းများထွက်ပေါ်နေကြောင်း မေးမြန်းမှု နှင့်ပတ်သက်၍ မိမိတို့သည် အစ္စလာမ်ဘာသာဝင်ဆိုပြီး တိုက်ခိုက်ခြင်းမဟုတ်ကြောင်း၊ အကြမ်းဖက် တိုက်ခိုက်လာမှုကြောင့် လုံခြုံရေးအရ ပြန်လည်ခုခံသည့်သဘောဖြင့် ကာကွယ်ခြင်းဖြစ်ပါကြောင်း၊ နယ်စပ်လုံခြုံရေး ဆောင်ရွက်နေသည့်တပ်ဖွဲ့ဝင်များကို တိုက်ခိုက်လာသဖြင့် အကြမ်းဖက်တိုက်ခိုက်သူ များကိုသာ ပြန်လည်တိုက်ခိုက်ခြင်းဖြစ်ပါကြောင်း၊ ဒါကလည်း အပြည်ပြည်ဆိုင်ရာ လုပ်ထုံးလုပ်နည်း နှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ လောလောဆယ်မှာတော့ ဝါးပိတ်ရွာနှင့် ကျီးကန်းပြင်ရွာ တို့သည် အကြမ်းဖက်တိုက်ခိုက်ခဲ့မှုမှာ ပါဝင်ပတ်သက်ခဲ့သည့်ရွာများဖြစ်၍ အကြမ်းဖက်သူများ ရွာကိုပြန်မလာကြ သေးပါကြောင်း၊ ပြောင်ပိုက်ကျေးရွာနှင့် ကြက်ရိုးပြင်ရွာသားများလည်း အကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင်ခဲ့သဖြင့်အခုအချိန်တွင် ရည်ရွယ်ချက်ရှိရှိ တိမ်းရှောင်ပုန်းအောင်း နေဆဲ ဖြစ်ပါကြောင်း၊ ထို့ကြောင့် အဲဒီ ရွာများမှ လူများသည် ဝင်ရောက်နေထိုင်ခြင်း မရှိသေးခြင်း ဖြစ်ပါကြောင်း၊ အေးချမ်းမှုနှင့်တည်ငြိမ်ရေး တိုးတက်လာသည့် ရွာများတွင်တော့ လုံခြုံရေး ဆောင်ရွက်မှုလျှော့ချထားပြီး ဖြစ်ပါကြောင်း ဖြေကြားသည်။

 

နိုင်ငံတကာနှင့် ပြည်တွင်းမီဒီယာအချို့တွင် ဖော်ပြနေသည့် တပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ်ကာလအတွင်း အကြမ်းဖက်မှုဖြစ်ပွားသည့်ကျေးရွာများတွင် မုဒိန်းမှုများ ကျူးလွန် နေသည်ဟူသော သတင်းများထွက်ပေါ်နေကြောင်း မေးခွန်းကို ဖြေကြားရာတွင် ယင်းတို့မှာ တမင် တကာ လုပ်ကြံဖန်တီးဖော်ပြထားခြင်း ဖြစ်ပါကြောင်း၊ ယင်းတို့ကိုလည်း အချိန်မရွေး စုံစမ်းမေးမြန်း နိုင်ပါကြောင်း၊ အကယ်၍ ကျူးလွန်ကြောင်းထင်ရှားပါက ထိရောက်စွာ ပြစ်ဒဏ်ပေး အရေးယူမှု ကိုလည်း ပွင့်လင်းမြင်သာစွာ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ယခုအကြမ်းဖက် တိုက်ခိုက်မှုမှာ အများဆုံးပါဝင်ခဲ့သည့် ရွာများမှာ ကျီးကန်းပြင်၊ ဝါးပိတ်၊ ပြောင်ပိုက်နှင့် ကြက်ရိုးပြင်ဆိုသည့် ရွာလေးရွာဖြစ်ပါကြောင်း၊ ယင်းရွာများကို လေ့လာရန် ယခုရောက်ရှိလာသည့် နိုင်ငံတကာမှ သံတမန် များကိုခေါ်ယူပြသပေးသွားမှာ ဖြစ်ပါကြောင်း ဖြေကြားခဲ့သည်။