ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာတွင် နယ်မြေတည်ငြိမ်အေးချမ်းလာပြီဖြစ်၍ စာသင်ကျောင်းနှင့်ဈေးများ ပြန်လည်ဖွင့်လှစ်

Printer-friendly versionSend by email

မောင်တော နိုဝင်ဘာ ၂

 

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်စခန်းနှင့် နယ်မြေရုံးတို့ကို ပြီးခဲ့သည့် အောက်တိုဘာ၉ ရက်က အကြမ်းဖက်စီးနင်းတိုက်ခိုက်ခံရပြီး လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ဆုံးရှုံးခဲ့ရာ မောင်တောမြို့နယ်အတွင်းရှိ ကြိမ်ချောင်းကျေးရွာမှ ပြည်သူများလည်း ထိတ်လန့်စိုးရိမ်မှုများ ဖြစ်ပေါ်ကာ ကျောင်းများ၊ ဈေးများ ပိတ်ထားခဲ့ရာမှ ယခုအခါ နယ်မြေတည်ငြိမ်အေးချမ်းလာပြီဖြစ်၍ စာသင်ကျောင်းနှင့် ဈေးများ ပြန်လည်ဖွင့်လှစ်ကာ ရောင်းဝယ်ဖောက်ကားမှုများနှင့် သွားလာမှုများ ပုံမှန်အတိုင်းရှိနေပြီဖြစ်သည်။

 

ကြိမ်ချောင်းကျေးရွာဈေးတွင် ဆိုင်ခန်းများအားလုံး ဖွင့်လှစ်ရောင်းချလျက်ရှိပြီး နံနက်ပိုင်းတွင် ဈေးရောင်း ဈေးဝယ်များဖြင့် စည်ကားလျက်ရှိသည်။ ကြိမ်ချောင်းကျေးရွာသည် အိမ်ခြေ ၁၀၀၁ အိမ်ရှိပြီး လူဦးရေ ၈၄၉၃ ဦးရှိကာ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာနှင့် ဟိန္ဒူဘာသာဝင်များ အတူတကွ ယှဉ်တွဲကာ အေးချမ်းတည်ငြိမ်စွာ နေထိုင်လျက်ရှိသည်။ ကြိမ်ချောင်းရွာ ဈေးသည် အနီးဝန်းကျင် ကျေးရွာများရှိ ဈေးများအနက် အကြီးဆုံးနှင့် အစည်ကားဆုံးသောဈေးတစ်ခုဖြစ်သည်။

 

“ကျွန်တော်တို့ ကြိမ်ချောင်းရွာဟာ တောင်ရွာ၊ မြောက်ရွာ၊ အလယ်ရွာဆိုပြီးတော့ ရွာသုံးရွာစု ပေါင်းထားတဲ့ ကျေးရွာဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားတွေနဲ့ အစ္စလာမ်ဘာသာဝင်တွေ စုပေါင်း နေထိုင်တဲ့ ရွာဖြစ်ပြီး တည်ငြိမ်အေးချမ်းတဲ့ရွာ ဖြစ်ပါတယ်။ အောက်တိုဘာ ၉ ရက်က အနီးဝန်းကျင် ကျေးရွာတချို့မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် စိုးရိမ်ထိတ်လန့်ပြီး စာသင် ကျောင်းနဲ့ ဈေးကို ပိတ်ထားခဲ့ပေမယ့် အခုတော့ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်နေပြီ ဖြစ်ပါတယ်။ ပြဿနာတစ်စုံတစ်ရာလည်း မရှိခဲ့ပါဘူး”ဟု ကြိမ်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်က ပြောသည်။

 

ကြိမ်ချောင်းကျေးရွာရှိ အချို့နေရာများတွင် နယ်မြေအေးချမ်းမှုရရှိစေရန်ရပ်မိရပ်ဖများ၊ အုပ်ချုပ်ရေးမှူးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းကာ ရွာသူ ရွာသားများအနေဖြင့် စိုးရိမ်ပူပန်ပြီး ကျေးရွာမှ ထွက်မပြေးကြရန်၊ နယ်မြေလုံခြုံရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရန်၊ ပြစ်မှုကျူးလွန်သူများကို သိရှိပါက ဖော်ထုတ်ကူညီပေးကြရန် လက်ကိုင်စပီကာဖြင့် ကြိုတင်အသိပေးမှုများ ပြုလုပ်ခဲ့သဖြင့် အထင်အမြင် လွဲမှားမှုများမရှိခဲ့ဘဲ ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ရွာသူရွာသားများ အတူတကွ ပူးပေါင်းကာ ရပ်ရွာတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နိုင်ခဲ့ကြသည်။

 

ကြိမ်ချောင်းကျေးရွာသို့ နိုဝင်ဘာ ၂ ရက် မွန်းလွဲပိုင်းက ပြည်ထောင်စုဝန်ကြီးများ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် သံတမန်အဖွဲ့ဝင်များ ရောက်ရှိခဲ့ချိန်တွင် ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာနှင့် ဟိန္ဒူဘာသာဝင်များ အတူတကွအေးချမ်းစွာ ယှဉ်တွဲနေထိုင်မှုနှင့် ပတ်သက်၍ သံတမန်တစ်ဦးက မေးမြန်းခဲ့ရာတွင်” ကျွန်တော်တို့အခုလို အတူတကွ ပူးတွဲပြီး အေးအေးချမ်းချမ်း နေထိုင်နိုင်တာဟာ စီးပွားရေးကောင်းပြီး အသိဉာဏ်ရှိကြတယ်၊ ပညာတတ်လို့လည်း ဖြစ်ပါတယ်”ဟု အစ္စလာမ်ဘာသာဝင်တစ်ဦးက ပြန်လည်ဖြေကြားခဲ့သည်။