မောင်တောခရိုင်အတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်နေပြီး ပါဝင်ပတ်သက်သူတွေကို ဖော်ထုတ်ကာ တရားဥပဒေနှင့်အညီ ပြတ်သားစွာ အရေးယူသွားမည်

Printer-friendly versionSend by email

စစ်တွေ နိုဝင်ဘာ ၁

 

ရခိုင်ပြည်နယ် မောင်တောခရိုင် အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ် (ကျီးကန်းပြင်)၊ ကိုးတန်ကောက်ရဲကင်းစခန်းနှင့် ငါးခူရနယ်မြေရုံးတို့သို့ အောက်တိုဘာ ၉ ရက် နံနက်ပိုင်းက အကြမ်းဖက်သမားများက အလစ်အငိုက်ရယူ၍ အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ကိုးဦးကျဆုံးခဲ့ပြီး လက်နက်ငယ်မျိုးစုံ၊ ကျည်မျိုးစုံနှင့် ဆက်စပ်ပစ္စည်းများ ဆုံးရှုံးခဲ့ရသည်။

 

နယ်မြေဒေသ မငြိမ်သက်မှုများကြောင့် ဒေသခံတိုင်းရင်းသားများသည် ကြောက်ရွံ့ ထိတ်လန့်ပြီး နေရပ်မှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ ယခုအခါ နယ်မြေလုံခြုံရေးကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ရာ ဒေသခံ တိုင်းရင်းသားများ ကယ်ဆယ်ရေးစခန်းများမှ မိမိတို့နေရပ်ဒေသအသီးသီးသို့ ပြန်လည် ထွက်ခွာနေကြပြီ ဖြစ်သည်။

 

နေရပ်ရွာများတွင် စိုက်ပျိုးခဲ့ကြသည့် စပါးများ ရင့်မှည့်နေပြီ ဖြစ်သည့်အပြင် ကျွဲ၊ နွားများလည်း ကျန်ခဲ့သဖြင့် ကယ်ဆယ်ရေးစခန်းများမှ နေ့စဉ်ထွက်ခွာလျက်ရှိသည်။

 

မောင်တောခရိုင်အတွင်း တိုက်ခိုက်မှုများ စတင်ဖြစ်ပွားခဲ့သည်မှ ယနေ့အထိပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင်အဖွဲ့အစည်းများက နယ်မြေလုံခြုံရေး၊ ထောက်ပံ့ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်း နယ်မြေရှင်းလင်းရေး လုပ်ငန်းများကို စနစ်တကျဆောင်ရွက်လျက်ရှိသည်။ သို့ရာတွင် အဖြစ်အပျက် အမှန်များကို ပုံဖျက်ကာ ပြည်ပအခြေစိုက်အဖွဲ့အစည်းများက မီဒီယာကိုအသုံးချ၍ အမှန်တရားကို ဝေဝါးစေမှုများလည်း လုပ်ဆောင်လျက် ရှိသည်။

 

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း နယ်မြေလုံခြုံရေးနှင့် ထောက်ပံ့ဖြည့်ဆည်းရေး လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေသည့် တာဝန်ရှိသူများနှင့် ကယ်ဆယ်ရေးစခန်းများမှနေရပ်သို့ ပြန်လည် ထွက်ခွာလာသူတချို့ကို အခြေအနေမှန်များ သိရှိရန်ကွင်းဆင်းတွေ့ဆုံမေးမြန်းခဲ့သည်။

 

“အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့ မောင်တောခရိုင်အတွင်းမှာ နယ်မြေရှင်းလင်းရေးကို တရားဥပဒေနဲ့အညီ ဆောင်ရွက်နေပါတယ်။ လက်ရှိမှာတော့ ကျွန်တော်တို့က ရည်မှန်းချက် သုံးရပ်နဲ့ ဆောင်ရွက်နေပါတယ်။ အဲဒီအချက်တွေကတော့ အကြမ်းဖက်တိုက်ခိုက်သူတွေ လက်ထဲပါသွားတဲ့ လက်နက်များ ပြန်ရရှိရေးကို တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ ရပ်ကျေးအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ နောက်တစ်ချက်က လက်နက်ကိုင်တိုက်ခိုက်မှုများ ဖြစ်ပွားရာမှာ ကိုယ်တိုင်ပါဝင် ပတ်သက်သူတွေကို ဖော်ထုတ်ပြီး တရားဥပဒေနဲ့အညီ ပြတ်သားစွာ အရေးယူသွားမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ စစ်ဆင်ရေးဧရိယာအတွင်း နယ်မြေတွေပိုင်းဖြတ်ပြီး စနစ်တစ်ကျ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ အဲဒီတိုက်ခိုက်သူတွေနဲ့ ပူးပေါင်း ပါဝင်ကူညီဆောင်ရွက်ခဲ့သူတွေကို စစ်ကြောမှုတွေအရဖော်ထုတ်ပြီး တရားဥပဒေနဲ့အညီ အရေးယူ နိုင်ရေး အဖွဲ့ပေါင်းစုံ ပူးပေါင်းဆောင်ရွက်နေပါတယ်” ဟု ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ပြောပြသည်။

 

မောင်တောခရိုင်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ကူညီဖြည့်ဆည်းပေးနေမှုများနှင့် ပတ်သက်ပြီး “မောင်တောခရိုင်အတွင်းမှာ စုစုပေါင်းစပါးစိုက်ဧက ရှစ်သောင်းခန့် ရှိပါတယ်။ ရခိုင်တိုင်းရင်းသား တွေက ဧကတစ်သောင်းခန့်စိုက်ပျိုးပြီး အစ္စလာမ်ဘာသာဝင်တွေက ဧကခုနစ်သောင်းခန့် စိုက်ပျိုးထား ပါတယ်။ အခုစပါးတွေ ရင့်မှည့်နေပြီး နယ်မြေမအေးချမ်းမှုကြောင့် အလုပ်သမားရှားပါးနေပါတယ်။ ဒါကြောင့် စပါးတွေရိတ်သိမ်းနိုင်ဖို့ စပါးခြွေလှေ့စက် အလုံး ၄ဝပို့ပေးဖို့ စီစဉ်နေပါတယ်။ စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး နည်းပညာ၊ သွင်းအားစု၊ စက်ပစ္စည်းတွေကို အမြန်ဆုံးထောက်ပံ့ပေးဖို့ စီစဉ်နေပါတယ်။ ဒီလိုနယ်မြေ မအေးချမ်းတာကြောင့် စိုက်ပျိုးသီးနှံတွေ ဆုံးရှုံးမှုမဖြစ်ရအောင် ဖြည့်ဆည်း ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါတယ်’’ ဟု ရခိုင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုရေးရာဝန်ကြီး ဦးကျော်လွင်က ပြောသည်။

 

ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များ ထောက်ပံ့ဖြည့်ဆည်းပေးမှုကိုလည်း ကျေးရွာများအထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ရခိုင်တိုင်းရင်းသားများနှင့် အစ္စလာမ်ဘာသာဝင်များကိုပါ ဖြည့်ဆည်းဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။

 

“နယ်မြေတည်ငြိမ်အေးချမ်းလာတာနဲ့အမျှ ဒေသခံတိုင်းရင်းသားတွေကို ပြန်လည်ပို့ဆောင်ပေးဖို့ စီစဉ်ခဲ့ ပါတယ်။ တစ်ချိန်တည်းမှာပဲ ပြည်နယ်ဝန်ကြီးချုပ်နဲ့အတူ မောင်တောမြို့ကို ကွင်းဆင်းပြီး ဒေသလိုအပ် ချက်တွေကို ဖြည့်ဆည်းပေးခဲ့ပါတယ်။ နယ်မြေအနေအထားတွေကို လေ့လာခဲ့ပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်လို့ မြို့နယ်ဆေးရုံတွေကတော့ လက်ရှိအချိန်ထိ ဖွင့်လှစ်ထားဆဲပါ။ အခင်းဖြစ်တဲ့အချိန်ကလည်းရောက်လာတဲ့ လူနာတွေ၊ ဒေသခံတိုင်းရင်းသားတွေအားလုံးကို ဆေးဝါး ကုသပေးခဲ့ပါတယ်။ တိုက်နယ် ဆေးရုံတွေကတော့ အစွန်အဖျားမှာရှိတဲ့အတွက် အဲဒီဆေးရုံမှာရှိတဲ့ ဒေသခံဝန်ထမ်းတွေက စိုးရိမ်ကြောင့်ကြစိတ်နဲ့ သက်ဆိုင်ရာမြို့ပေါ်တွေကို ပြောင်းရွှေ့လာကြပါတယ်။ အဲဒီအတွက် တပ်မတော်က ရဟတ်ယာဉ်နဲ့ ပို့ဆောင်ပေးတာတွေ ရှိပါတယ်။ အဲဒီလူတွေကို မောင်တောမြို့မှာပဲ စုစည်းထားပါတယ်။ အခုလဆန်းကစပြီး တိုက်နယ်ဆေးရုံတွေနဲ့ ကျန်းမာရေး ဌာနတွေကို ပြန်ဖွင့်မယ်။ အဲဒီဌာနက ဝန်ထမ်းတွေကို မောင်တောမြို့ပေါ်မှာ စုစည်းထားပါတယ်။ အခုအခြေအနေ တည်ငြိမ်လာပြီဖြစ်တဲ့ အတွက်ကြောင့် မောင်တောမြို့ရဲ့ မြောက်ပိုင်းဖြစ်တဲ့ ခမောက်ဆိပ်၊ တမန်းသား၊ ငါးခူရ၊ တောင်ပြိုလက်ဝဲ စတဲ့ဒေသတွေမှာ စုရပ်အဖြစ် ဖွဲ့စည်းပြီး ဆေးရုံတွေနဲ့ ဆေးခန်းတွေကို ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်ပြီး ဖြစ်ပါတယ်။

 

“တိုင်းရင်းသား ရွာလေးတွေကိုတော့ Mobile Health Team ပုံစံမျိုးနဲ့သွားပြီး ဆေးဝါးကုသမှုတွေ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ပညာရေးနဲ့ပတ်သက်လို့ အောက်တိုဘာ ၂၄ ရက်ကတည်းက ကျောင်းတွေပြန်ဖွင့်ပြီးပါပြီ။ စုရပ်တွေမှာရှိတဲ့ စာသင်ကျောင်းတွေကို ဒီနေ့စပြီး ဖွင့်လှစ်ပေးနေပါပြီ။ တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသား ကျောင်းသား ကျောင်းသူလေးတွေ ပြန်ရောက်လာရင် အဲဒီ တိုင်းရင်းသားရွာတွေကို ဆရာ၊ ဆရာမတွေစေလွှတ်ပေးရေး ဆောင်ရွက်ပေးနေပါတယ်။ ဆရာမတွေ မသွားနိုင်တဲ့ ဝေးလံတဲ့နေရာတွေကို စုရပ်တွေမှာ ဆရာမတွေကို ထားရှိပြီး စုရပ်တွေက တစ်ဆင့် အသွားအပြန် သင်ကြားပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်’’ ဟု ရခိုင်ပြည်နယ် ကျန်းမာရေးနှင့် လူမှုရေး ဝန်ကြီး ဒေါက်တာချမ်းသာက ပြောသည်။

 

နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာသူများအတွက် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ကာ ကူညီ ထောက်ပံ့ပေးမှုများကို တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့သည်။ စစ်တွေမြို့သို့ ရောက်ရှိလာသော နေရပ်စွန့်ခွာ ထွက်ပြေးလာသူများအား ဓညဝတီဘောလုံးကွင်းအတွင်း ကယ်ဆယ်ရေးစခန်းဖွင့်လှစ် ပေးခဲ့ပြီး လက်ခံစောင့်ရှောက်ခဲ့သည်။ စားနပ်ရိက္ခာနှင့် လိုအပ်သောအသုံးအဆောင် ပစ္စည်းများကို လည်း ထောက်ပံ့ပေးခဲ့သည်။

 

“မောင်တောဘက်က ရောက်လာတဲ့ ဒုက္ခသည်တွေကို ပထမဆုံး ကယ်ဆယ်ရေးစခန်းဖွင့်ပြီးတော့ အစိုးရအစီအမံနဲ့ စနစ်တကျအထောက်အပံ့တွေ ပေးခဲ့ပါတယ်။ စစ်တွေမြို့ ဓညဝတီကယ်ဆယ်ရေး စခန်းမှာ ရွက်ဖျင်တဲ ၃၆ လုံးရှိပါတယ်။ လူဦးရေ ၈၀၀ ကျော်ရှိခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ နယ်မြေ အေးချမ်းလာတာမို့ တချို့ကို နေရပ် ပြန်လည်ပို့ပြီးပြီဖြစ်လို့ ကယ်ဆယ်ရေးစခန်းမှာ လူဦးရေ၁၀၀ ကျော်လောက်ပဲ ရှိပါတယ်။ စားနပ်ရိက္ခာနဲ့ ပတ်သက်ပြီးတော့ အလှူအတန်းလာလုပ်တဲ့ သူတွေဆီက ရလာတာတွေကို ဒုက္ခသည်တွေဆီကို ဖြန့်ဝေပေးပါတယ်။ အလှူအတန်းလာလုပ်တဲ့ သူတွေက ကိုယ်တိုင်ကိုယ်ကျ ပေးလှူမယ်ဆိုရင်လည်း ခွင့်ပြုပေးခဲ့တာတွေရှိပါတယ်။ ကယ်ဆယ်ရေးစခန်းမှာ ကျန်ခဲ့တဲ့ စားနပ်ရိက္ခာတွေကိုလည်း အစိုးရအစီအမံနဲ့ မောင်တောမြို့နယ်မှာရှိတဲ့ အဖွဲ့အစည်းကို လွှဲပြောင်းပေးမှာဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာတော့ နယ်မြေအေးချမ်းလာပြီဖြစ်လို့ ပြန်ချင်တဲ့ ဆန္ဒရှိ တဲ့သူတွေကို သူတို့ရဲ့သဘောဆန္ဒအရ ပြန်ခွင့်ပြုခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဟိုမှာ နယ်မြေ အေးချမ်းနေပြီ၊ ပြန်ကြဆိုပြီးပြောတာ မဟုတ်ဘူး။ သူတို့ရဲ့ ဆန္ဒအရ ကျွန်တော်တို့က ပြန်ခွင့်ပြုတာပါ” ဟု ကယ်ဆယ်ရေးစခန်း တာဝန်ခံ ဂေါယာမြေ စောဝင်းက ပြောသည်။

 

လက်ရှိတွင် မောင်တောဒေသဘက်မှ စစ်တွေမြို့ရှိ ဓညဝတီကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိလာကြ သည့် လူဦးရေ ၈၀၀ ကျော်ကို အစိုးရ၏ အစီအစဉ်ဖြင့် နေ့စဉ်နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးလျက် ရှိရာ ယနေ့တွင်လည်း လူဦးရေ ၁၀၀ ခန့်အား မောင်တောဒေသသို့ ပို့ဆောင်ပေးခဲ့သည်။

 

ထိုသို့ ပို့ဆောင်ပေးခဲ့ရာတွင် ပါဝင်ခဲ့သည့် မောင်တောမြို့နယ် အောင်မင်္ဂလာကျေးရွာမှ မမြထွေးက “အောက်တိုဘာ ၉ရက်နေ့ ည ၁ နာရီ ၁၅ မိနစ်က စပြီးတော့ ပစ်ခတ်သံတွေကြားတယ်။ ဘယ်ကဖြစ် တယ်ဆိုတာတော့ မသိဘူး။ အဲဒီမှာ ညီမတို့လည်း တစ်ညလုံးမအိပ်ရဘူး။ ပစ်ခတ်သံတွေကြားတော့ ကြောက်လန့်ပြီးနေနေရတယ်။ အဝေးကိုလည်း ထွက်မပြေးရဲဘူး။ ပစ်ခတ်သံတွေကြားထဲက ထွက်ပြေး မယ်ဆိုရင် ညီမတို့ကကြားထဲမှာ ညပ်သွားမှာစိုးလို့ ရွာထဲ လုံခြုံတဲ့နေရာ တစ်နေရာမှာ နေခဲ့ရတယ်။ အဲဒီနေ့က   မိုးလင်းသွားတယ်။ မိုးလင်းသွားပြီး နောက်တစ်နေ့ ကျော်သေးတယ်။ တစ်နေ့လုံးလည်း ပစ်ခတ်နေလို့ ကြောက်လန့်ပြီး ထမင်းလည်း စောစောစီးစီးစားရတယ်။ ဝက်ပိတ် ဆိုတဲ့ရွာမှာ ဝင်စီးတယ် လို့ကြားပါတယ်။ ရွာနီးချင်းတွေမို့လို့ အဲဒီ အစ္စလာမ်ဘာသာဝင်တွေနေတဲ့ ရွာတွေကနေပြီး တော့ တချို့က ပြောပါတယ်။ ဝက်ပိတ်ရွာကို တပ်မတော်က ဝင်ရောက်စစ်ဆေးတဲ့အခါမှာ ကျည်ခွံတွေ အများအပြား တွေ့တယ်လို့ပြောပါတယ်။ လက်ရှိအချိန်မှာတော့ ရွာမှာ ဘာမှမဖြစ်တော့ဘူးလို့ ကြားတယ်။ ကြောက်ကြောက်လန့်လန့် နေနေရတော့ အဲဒီမှာ အမျိုးသားတွေပဲရှိတယ်။ ကလေးတွေနဲ့ အမျိုးသမီးတွေက ကယ်ဆယ်ရေးစခန်းတွေကို သွားနေရတယ်။ ကျည်ဆံတွေကြား၊ ပစ်ခတ်သံတွေ ကြားထဲက အသက်စွန့်ပြီး ကျွန်မတို့ ထွက်ပြေးခဲ့ရတာပါ။

 

အဲဒီကနေတစ်ဆင့် စစ်တွေကယ်ဆယ်ရေးစခန်းကို ရောက်တယ်။ စစ်တွေမှာ နေရင်းကနေ မိသားစုရှိလို့ မောင်တောကို တစ်ရက်နှစ်ရက်လောက် ပြန်သေးတယ်။ အဲဒီမှာ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်တယ်ပြောလို့ ပြန်သွားတာပါ။ အဲဒီကနေ စစ်တွေမြို့မှာရှိတဲ့ ဘောလုံးကွင်းထဲက ကယ်ဆယ်ရေး စခန်းကို ပြန်လည်ပြောင်းရွှေ့ပေးပါတယ်။ ကယ်ဆယ်ရေးစခန်းမှာ အစစအရာရာ အဆင်ပြေပါတယ်။ ကျွန်မတို့လို ဒုက္ခသည်တွေကို စားရေးသောက်ရေး၊ ကျန်းမာရေးကအစ အကူအညီပေးတဲ့အတွက် ပူပင်စရာ မရှိပါဘူး။ အခုတော့ စစ်တွေကယ်ဆယ်ရေးစခန်းကနေ မောင်တောမှာရှိတဲ့ ကယ်ဆယ်ရေး စခန်းကို ပြန်နေပါပြီ။”ဟု ပြောပြသည်။

 

တချို့မှာ နယ်မြေအေးချမ်းကာ လုံခြုံမှုများလည်း ရရှိနေပြီဖြစ်သောကြောင့် နေရပ်အသီးသီး ပြန်သွားခဲ့ သူများရှိသကဲ့သို့ အချို့မှာ ကယ်ဆယ်ရေးစခန်းများတွင် ဆက်လက်နေထိုင်လျက်ရှိသည်။ ထိုသို့ နေရပ် ပြန်ခြင်းနှင့် ကယ်ဆယ်ရေးစခန်းတွင် နေထိုင်ခြင်းတို့သည် တိမ်းရှောင်လာသူများ၏ သဘောဆန္ဒ အတိုင်း ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

 

“ဘယ်သူမဆို ကိုယ့်အိမ်ကိုတော့ ပြန်ချင်ကြတာပါပဲ။ စစ်တွေကယ်ဆယ်ရေးစခန်းမှာ နေခဲ့စဉ်က လည်း အစိုးရပိုင်းက စားရေးသောက်ရေးအပြင် ဝတ်စရာ အဝတ်အထည်၊ စောင်နဲ့ ကျန်းမာရေး စောင့်ရှောက်မှုပါ ထောက်ပံ့ပေးပါတယ်။ အခုလိုမျိုး နေရပ်ပြန်ပို့တဲ့အချိန်မှာ ကျွန်မတို့ကို အစိုးရက ကျပ် ၁၀၀၀၀ နဲ့ လူမှုကူညီရေးအဖွဲ့အစည်းက ကျပ် ၃၀၀၀၀ ထောက်ပံ့ပေးပါတယ်’’ ဟု မောင်တောမြို့ အမှတ် (၄) ရပ်ကွက်မှ မအေးအေးအောင်က ပြောသည်။