နယ်မြေတည်ငြိမ်အေးချမ်းသော နေရာများတွင် စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်

Printer-friendly versionSend by email

မောင်တော အောက်တိုဘာ ၂၈

 

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း အောက်တိုဘာ ၉ ရက်က အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် စာသင်ကျောင်းများ ယာယီပိတ်ထားခဲ့ရပြီး ဆရာ ဆရာမများ နေရပ်သို့ ပြန်သွား ခဲ့ကြရာမှ ယခုအခါ နယ်မြေတည်ငြိမ်အေးချမ်းသော နေရာများတွင်စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်သင်ကြားလျက် ရှိသည်။

 

မောင်တောခရိုင်တွင် အထက်တန်းကျောင်းကိုးကျောင်း၊ အလယ်တန်းကျောင်း ၁၈ ကျောင်းနှင့် မူလတန်းကျောင်း ၃၇၅ ကျောင်း စုစုပေါင်း စာသင်ကျောင်း ၄၀၂ ကျောင်းရှိပြီး ကျောင်းအားလုံး ယာယီပိတ်ထား ခဲ့ရာမှ ယခုအခါ အထက်တန်းကျောင်း ငါးကျောင်း၊ အလယ်တန်းကျောင်း ကိုးကျောင်းနှင့် မူလတန်းကျောင်း ၃၆ ကျောင်း စုစုပေါင်းကျောင်း ၅၀ ပြန်လည်ဖွင့်လှစ်၍ ပုံမှန်အတိုင်း စာသင်ကြားလျက်ရှိသည်။

 

လုံခြုံရေးအခြေအနေအရ ဖွင့်လှစ်ရန်ကျန်ရှိသည့် အထက်တန်းကျောင်း လေးကျောင်း၊ အလယ်တန်း ကျောင်း ကိုးကျောင်းနှင့် မူလတန်းကျောင်း ၃၃၉ကျောင်း စုစုပေါင်း ၃၅၂ ကျောင်းအား လုံခြုံရေးအခြေအနေပေါ် မူတည်ပြီး အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်မောင်တောခရိုင် ပညာရေးမှူးရုံး အနေဖြင့်အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ မောင်တောမြို့နယ်အတွင်းရှိ ၁၈၃ ကျောင်း အနက်ပထမအဆင့်၂၄ ကျောင်း၊ ဒုတိယအဆင့် ၈၂ကျောင်းနှင့် လုံခြုံရေးအခြေအနေပေါ် မူတည်ပြီး ပြန်လည်ဖွင့်လှစ်ရန် ၂၈ ကျောင်းဖြစ်ကြောင်း သိရသည်။

 

မောင်တောခရိုင်ရှိ ကျောင်းပေါင်း ၄၀၂ ကျောင်းတွင် အထက်တန်းပြ ဆရာ ဆရာမ ၂၁၈ဦး၊ အလယ်တန်းပြ ဆရာ ဆရာမ ၆၃၉ ဦးနှင့်မူလတန်းပြ ဆရာ ဆရာမ ၁၈၀၃ ဦး စုစုပေါင်း ဆရာ ဆရာမ ၂၂၆၀ ရှိသည့်အနက် အထက်တန်းပြ ၈၇ ဦး၊ အလယ်တန်းပြ ၁၅၁ဦးနှင့် မူလတန်းပြ ၁၉၅ ဦး စုစုပေါင်း ဆရာ ဆရာမ ၄၃၃ ဦးမှာ ၎င်းတို့၏ ဒေသရပ်ရွာများသို့ ပြန်လည်ထွက်ခွာသွားခဲ့ရာ အောက်တိုဘာ ၂၄ ရက်အထိ ပြန်လည်ရောက်ရှိ တာဝန်ထမ်းဆောင်မှုမှာ အထက်တန်းပြ နှစ်ဦး၊ အလယ်တန်းပြ သုံးဦးနှင့် မူလတန်းပြ ၁၁ ဦး စုစုပေါင်း ၁၆ ဦးဖြစ်ကြောင်း၊ အထက်တန်းပြ ၈၅ ဦး၊ အလယ်တန်းပြ ၁၄၈ ဦးနှင့်မူလတန်းပြ ၁၈၄ ဦး စုစုပေါင်း ၄၁၇ ဦးမှာ ပြန်လည်မရောက်ရှိ သေးကြောင်း မောင်တောခရိုင် ပညာရေးမှူးရုံးမှ သိရသည်။