ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့၏ ရခိုင်ပြည်နယ်ခရီးစဉ်နှင့်ပတ်သက်၍ သတင်းစာရှင်းလင်း

Printer-friendly versionSend by email

နေပြည်တော် အောက်တိုဘာ ၁၇

ရခိုင်ပြည်နယ် မောင်တောနှင့် ရသေ့တောင်မြို့နယ်တို့အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ အခြေအနေမှန်များ သိရှိနိုင်ရန်နှင့် တည်ငြိမ်အေးချမ်းမှုရရှိ စေရန်အတွက် သွားရောက် ရှင်းလင်း ပြောကြားခဲ့သည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဦးသိန်းဆွေ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် အဖွဲ့၏ ခရီးစဉ်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် ပြန်ကြားရေး ဝန်ကြီးဌာန စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အောက်တိုဘာ ၁၁ ရက်မှ ၁၄ ရက်အထိ ခရီးစဉ်အတွင်း စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်တို့တွင် တွေ့ဆုံခဲ့မှု အခြေအနေများ၊ ထောက်ပံ့ကူညီခဲ့မှုများ၊ မြို့မိမြို့ဖများ၊ ဆရာတော်၊ သံဃာတော်များ၊ အစ္စလာမ်ဘာသာ အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များ၊ နိုင်ငံရေးပါတီ များနှင့် ရခိုင်ပြည်နယ်ရှိ လူမှုကွန်ရက်အဖွဲ့အစည်းများနှင့် တွေ့ဆုံရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြောင်း။

ပြောဆိုဆွေးနွေးမှုများကို နားထောင်မှတ်သား

မိမိတို့ဘက်က ရှင်းလင်းပြောကြားမှုများပြုလုပ်သကဲ့သို့ ၎င်းတို့၏ ပြောဆိုဆွေးနွေးမှုများကို နားထောင် မှတ်သားခဲ့ပါကြောင်း၊ ယခုဖြစ်စဉ်သည် ရခိုင်ပြည်နယ်တွင်ဖြစ်ပွားသည့် အရေးကိစ္စ မှန်သော်လည်း မြန်မာနိုင်ငံတော်၏ အရေးကိစ္စဖြစ်ကြောင်း၊ ပြည်ထောင်စု၏ အရေးကိစ္စဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်နယ် အစိုးရ၊ ပြည်ထောင်စုအစိုးရ၊ တပ်မတော်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း။

ဆရာတော်၊ သံဃာတော်များက ယခုဖြစ်စဉ်နှင့်ပတ်သက်၍ စိတ်နှလုံး မသာမယာဖြစ်ရကြောင်း၊ နောင် အလားတူ မဖြစ်ရန် သတိဝီရိယနှင့် ဆောင်ရွက် ရန်လိုအပ်ကြောင်း၊ ယခင်က အကြိမ်ကြိမ်ဖြစ်ပွားခဲ့ပြီး ယခုအချိန်တွင် ပို၍ ကြီးကြီးမားမားဖြစ်သည့်အတွက်ကြောင့် ထပ်မဖြစ်ရန် ဂရုစိုက်ဆောင်ရွက်သင့် ကြောင်း၊ တပ်များ အင်အားဖြည့်တင်းပြီး လုံခြုံရေးစိတ်ချရအောင် ဆက်လက်ဆောင်ရွက်ပေးစေ လိုကြောင်း၊ ဒေသ အမြန်ဆုံးပြန်လည်တည်ငြိမ် အေးချမ်းအောင်ဆောင်ရွက်ပေးရန်၊ ဒေသခံပြည်သူ လူထု စိတ်လုံခြုံမှုရှိပြီး အကြောက်တရားများ လျော့ပါးအောင် ဆောင်ရွက်ပေးရန်၊ အကြမ်းဖက်စီးနင်း တိုက်ခိုက် သူများနောက်သို့ ပါရှိသွားသည့်လက်နက်များ အမြန်ဆုံးပြန်ရအောင် ဆောင်ရွက်ပေးရန်၊ တိုင်းရင်းသားရွာများ ဆက်လက်ရပ်တည်နေထိုင်နိုင်ရေး အစိုးရအနေဖြင့် ကူညီထောက်ပံ့ပေးရန်တို့ကို ဆွေးနွေးပါ ကြောင်း။

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ထိရောက်စွာအကောင်အထည်ဖော်

ယင်းနောက် ဒေသခံများဆွေးနွေးတင်ပြသည့် အချက်များတွင် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက် ပေးရန်၊ ပြည်သူ့စစ်များဖွဲ့စည်းပြီး လက်နက်တပ်ဆင် ပေးရန်၊ လူဝင်လူထွက်များကို စစ်ဆေးကြပ်မတ်မှုမရှိဖြစ်နေတာကို စိစစ်ဆောင်ရွက်ပေးရန်၊ ကျေးရွာ များတွင် တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးယန္တရားဆောင်ရွက်နိုင်ရေးအတွက် စီမံဆောင်ရွက်ပေး ရန် စသည့်အချက်များ ဆွေးနွေးပါကြောင်း။

 

ပြဿနာကို အရင်းအမြစ်ဝေဖန်သုံးသပ်ပြီး ဆွေးနွေးမှုများလည်း ရှိပါကြောင်း၊ ထိုအထဲတွင် ပုဂ္ဂိုလ် တချို့က အကြမ်းဖက်တိုက်ခိုက်သူများဘက်မှ Soft Power ၊ Hard Power နှင့် ပြည်သူ့စစ် မဟာဗျူဟာကို ကျင့်သုံးဆောင်ရွက်လာသည့်အတွက်ကြောင့် မိမိတို့ဘက်ကလည်း လုံခြုံရေးဆိုင်ရာ အစီအမံကို အစိုးရ လုံခြုံရေးအဖွဲ့နှင့် နယ်မြေခံပြည်သူလူထုတို့ ပူးပေါင်းပါဝင်သည့် မဟာဗျူဟာ တစ်ရပ် ပီပြင်စွာ စီမံချက် ရေးဆွဲဆောင်ရွက်ရန် စသည်ဖြင့် တိုက်တွန်းပြောဆိုမှုများလည်း ရှိပါ ကြောင်း။

 

အစ္စလာမ်ဘာသာရေး အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များနှင့် ပြောဆိုသည့်အခါတွင် သူတို့ဘက်က ဆွေးနွေး တင်ပြသည့်အထဲတွင် ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး ၎င်းတို့အနေဖြင့် များစွာ စိတ်မကောင်း ဖြစ်မိကြောင်း၊ ဘယ်အကြမ်းဖက်မှုမျိုးကိုမဆို လက်မခံဘဲရှုတ်ချကြောင်း၊ အစ္စလာမ်ဘာသာဝင် များအနေဖြင့် အစိုးရ အဖွဲ့အစည်းများနှင့် ဥပဒေနှင့်အညီ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အကြမ်းဖက်သူများနှင ပတ်သက်သည့် ရရှိသောသတင်းများကို သက်ဆိုင်ရာကို သတင်းပို့တင်ပြ မည်ဖြစ်ကြောင်းနှင့် ၎င်းတို့၏ လုံခြုံမှုအတွက်လည်း အစိုးရအနေဖြင့်ကူညီပြီး ဖြည့်ဆည်းဆောင်ရွက ်ပေးစေလိုသည်ဟု တင်ပြချက်များ ရှိပါကြောင်း။

ကဏ္ဍအသီးသီးအလိုက် သုံးသပ်မှုများ ပြုလုပ်လျက်ရှိ

 

ခရီးစဉ်တွင် တွေ့ရှိခဲ့သည့်အချက်များနှင့်စပ်လျဉ်းပြီး သွားရောက်ခဲ့သည့် အဖွဲ့အနေဖြင့် ကဏ္ဍတစ်ခု ချင်း အလိုက် ကာကွယ်ရေး၊ ပြည်ထဲရေး၊ လူဝင်မှုကြီး ကြပ်ရေးစသဖြင့် ကဏ္ဍအသီးသီးအလိုက် သုံးသပ်မှုများ ပြုလုပ်လျက်ရှိပါ ကြောင်း၊ စုပေါင်းပြီး သုံးသပ်ချက်ပြုလုပ်လျက်ရှိပါကြောင်း၊ အောက်တိုဘာ ၁၅ ရက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် အစည်းအဝေးတွင် မိမိတို့ ရှင်းလင်းတင်ပြခဲ့ပါကြောင်း။

 

လတ်တလောဖြစ်နေသည့်ကိစ္စရပ်များနှင့် ယင်းအပေါ် ဆက်လက်ပြီး ဆောင်ရွက်သည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြခြင်းဖြစ်ပြီး သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းလာသမျှကိုလည်း ဖြေကြားသွားမည် ဖြစ်ပါကြောင်း၊ ဆက်လက်ပြီး ဖြစ်စဉ်ဖြစ်ရပ်များကို ပွင့်လင်းမြင်သာစွာ ဆောလျင်စွာဖြေကြား ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

အကြမ်းဖက်မှုနှင့်ဆက်စပ်မှုရှိသည့် နိုင်ငံများနှင့် ဆက်သွယ်ဆောင်ရွက်မှု အခြေအနေသိလိုကြောင်း မေးခွန်းကို ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ဖြေကြားရာတွင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် လူ့အခွင့်အရေးအဆိုမူကြမ်းကို ဥရောပသမဂ္ဂက ကမကထလုပ်၍ တင်ပြပါကြောင်း၊ ယခုအချိန်တွင် မြန်မာနိုင်ငံ၌ ဒီမိုကရေစီတိုးတက်လာခြင်း၊ ဒီမိုကရေစီအရရွေးချယ်တင်မြှောက်ထားသည့် အစိုးရ ဖြစ်ပေါ်လာခြင်း၊ လူ့အခွင့်အရေးကိစ္စနှင့်ပတ်သက်၍ အစိုးရအနေဖြင့် အစွမ်းကုန် ကြိုးစားဆောင်ရွက် နေခြင်း တို့အပေါ်မူတည်ပြီး ဥရောပသမဂ္ဂ အနေဖြင့် အဆိုမူကြမ်းကို မတင်တော့ရန် ဆုံးဖြတ်ခဲ့ပါကြောင်း၊ အခြားသူများ တင်ပြခြင်းကိုလည်း ၄င်းတို့အနေဖြင့် မလိုလားဟု ဆုံးဖြတ်ခဲ့ ပါကြောင်း။

ကျေနပ်သူရှိသကဲ့သို့ မကျေနပ်သူများလည်းရှိ

 

အဆိုပါဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ကျေနပ်သူရှိသကဲ့သို့ မကျေနပ်သူ များလည်းရှိပါကြောင်း၊ ပြည်ပမှ ပါဝင်ပတ်သက်သူများ ရှိနေသည်ဆိုရာတွင် သက်ဆိုင်ရာ အစိုးရများအနေဖြင့် ပါဝင် ပူးပေါင်းဆောင်ရွက်ခြင်း မရှိစေရန်အတွက် မိမိတို့အနေဖြင့် သံတမန်လမ်းကြောင်းအရ ဆောင်ရွက်နေ ပါကြောင်း၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း အကြမ်းဖက်မှုမှန်သမျှ ၎င်းတို့ လက်မခံဟု ရပ်တည်ပေးထားပါကြောင်း၊ ထိုသို့ရပ်တည်ထားပြီး လက်နက်ကိုင် တိုက်ခိုက်ခဲ့သည့် ကိစ္စတွင် ပါဝင်ပတ်သက်ခဲ့သူ နှစ်ဦးလာရောက်ပြီး အပ်နှံထားခြင်း လည်း ရှိပါကြောင်း၊ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အဆိုမူကြမ်းကို OIC ဟုခေါ်သည့် အစ္စလာမ္မစ် နိုင်ငံများ အဖွဲ့အစည်းမှနေ၍ တင်ပြရန် ကြိုးစားနေမှုလည်းရှိပါကြောင်း၊ ထိုသို့ ကြိုးစားသည့် နေရာတွင် မိမိတို့ဘက်ကလည်း အဖြစ်မှန်ကို အားလုံးကိုတင်ပြနေပါကြောင်း၊ ဤအရေးကိစ္စတွင် တရားဥပဒေစိုးမိုးရေးအတွက် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ အင်အားသုံးသည့်အခါမှာပင် လိုအပ်သည့်အင်အားထက်ပိုပြီး မသုံးဘူးဆိုသည့်ကိစ္စကိုလည်း ရှင်းပြနေပါကြောင်း၊ အာဆီယံနိုင်ငံ များ ထဲတွင် အစ္စလာမ်ဘာသာကိုးကွယ်သည့် နိုင်ငံ သုံးနိုင်ငံ ရှိပါကြောင်း၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဘရူနိုင်းနိုင်ငံတို့ ဖြစ်ပါကြောင်း၊ အဆိုပါနိုင်ငံများမှ သံအမတ်ကြီး များအား ယနေ့ခေါ်တွေ့ပြီး အခြေအနေမှန်ကို ပိုမိုသိရှိအောင် ရှင်းပြပါကြောင်း။

တရားဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သုံးနိုင်ငံစလုံးက လက်ခံ

 

ထိုသို့ရှင်းပြသည့်အခါတွင် ၎င်းတို့၏ရပ်တည်ချက်ကိုလည်း ပြောပြပါကြောင်း၊ အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီးက အင်ဒိုနီးရှားအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးလွတ်လပ်ခွင့်နှင့် အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကို လေးစားပါကြောင်း၊ ထို့အတူ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ရန် မလိုလားပါကြောင်း ပြောကြားခဲ့ရာ ယင်းမှာ အင်မတန်မှ အရေးကြီးပါကြောင်း၊ နောက်မိမိတို့၏ လုပ်ဆောင်မှုနှင့်ပတ်သက်ပြီး ၎င်း၏ရပ်တည်ချက်ကို ပြောကြားရာတွင်လည်း မြန်မာနိုင်ငံအစိုးရ၏ ဆောင်ရွက်ချက်သည် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံတွင်ရှိသည့် လုပ်ပိုင်ခွင့်သာဖြစ်ပြီး တရားဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်းကိုလည်း အင်ဒိုနီးရှားအစိုးရ အနေဖြင့် လက်ခံပါ ကြောင်း၊ နောက်တစ်ချက်အနေဖြင့် ''မြန်မာနိုင်ငံအစိုးရသည် လူ့အခွင့်အရေး ကာကွယ်ရေးကို လက်ကိုင် ထားဆောင်ရွက်နေသည်ကို အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်ကို တွေ့ရပါ ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံသည် အစ္စလာမ်ဘာသာဝင် သန်းပေါင်းများစွာ နေထိုင်သည့် နိုင်ငံဖြစ်ပါ ကြောင်း၊ အဆိုပါသံအမတ်ကြီး၏ ရပ်တည်ချက်ကို ဘရူနိုင်းသံအမတ်ကြီးနှင့် မလေးရှားနိုင်ငံ သံအမတ်ကြီးတို့ကလည်း ထောက်ခံပြီး ထိုအတိုင်း ရပ်တည်ကြပါကြောင်း။

ဥရောပသမဂ္ဂသံအမတ်ကြီးကိုလည်း ရှင်းပြ

 

နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါ နိုင်ငံများသာမက နိုင်ငံအားလုံးကိုလည်း ရှင်းပြထားပါ ကြောင်း၊ မိမိအနေဖြင့်လည်း ဥရောပသမဂ္ဂ သံအမတ်ကြီးကိုဆက်သွယ်ပြီး ဤကိစ္စနှင့်ပတ်သက်၍ ပြောပြပါ ကြောင်း၊ ဥရောပသမဂ္ဂသံအမတ်ကြီးကလည်း ၎င်းအနေဖြင့် အဖွဲ့ဝင်နိုင်ငံများကို မိမိတို့၏ လုပ်ဆောင် ချက်များကို ရှင်းပြပေးမည်ဟု ပြောပါကြောင်း၊ ဤနည်းဖြင့် သံတမန်နည်းလမ်းမှနေ၍ အခြားသက်ဆိုင်ရာ သံအမတ်ကြီးများကိုလည်း ရှင်းပြရန်ရှိပါကြောင်း ဖြေကြားသည်။

ရေရှည်မည်သို့ဆောင်ရွက်မည်

 

အကြမ်းဖက်မှု ဖြစ်ပွားနေသည့်နေရာတွင် ကျေးရွာနှင့်လူဦးရေ အရေအတွက်နှင့် ရေရှည်မည်သို့ ဆောင်ရွက်သွားမည်ဆိုသည့် မေးခွန်းများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက လက်ရှိ နောက်ဆုံးစာရင်းအရ ဘူးသီးတောင်၊ မောင်တောဒေသတွင် ရပ်ကွက်ပေါင်း ၁၈ ရပ်ကွက်၊ ကျေးရွာ အုပ်စု ၂ဝ၄ စု၊ ကျေးရွာပေါင်း ၉ဝ၅ ရွာရှိပါကြောင်း၊ ရခိုင်တိုင်းရင်းသား ကျေးရွာမှာ ၃၄၉ ရွာရှိပြီး ဘင်္ဂါလီကျေးရွာ ၅၃၆ ရွာ ရှိပါကြောင်း၊ တိုင်းရင်းသားနှင့် ဘင်္ဂါလီပူးတွဲနေသည့် ကျေးရွာ ၂ဝ ရှိပါကြောင်း၊ တိုင်းရင်းသား လူဦးရေမှာ တစ်သိန်းနှစ်သောင်း နှစ်ထောင့်လေးဆယ့်တစ်ဦး ရှိပါကြောင်း၊ တိုင်းရင်းသား ငါးထောင့် သုံးဆယ့်တစ်ဦးရှိပြီး ဘင်္ဂါလီ ခုနစ်သိန်းခြောက် သောင်း ငါးထောင့်ရှစ်ရာ ခြောက်ဆယ့်နှစ်ဦးရှိပါကြောင်း၊ စုစုပေါင်း ကောက်ယူသည့် စာရင်းအရ ရှစ်သိန်းကိုးသောင်း နှစ်ထောင့်ကိုးရာ သုံးဆယ့် လေးဦးရှိကြောင်း ပြောကြားသည်။

ဒေသလုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေး

 

ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာန၏ မူလတာဝန်ဖြစ်သည့် လုံခြုံရေးအပိုင်းတွင် အကြမ်းဖက် လုပ်ရပ်များ မဖြစ်ပွားစေရန် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး ဒေသ လုံခြုံရေးကို ဆက်လက်ပြီး တည်ဆောက်နေမှု၊ လမ်းပန်းဆက်သွယ်ရေးနှင့်ပတ်သက်ပြီး လမ်းကြောင်း လုံခြုံရေး များကိုလုပ်ထားသော်လည်း ပုဂ္ဂလိကယာဉ်လိုင်းများပြေးဆွဲရန် အားနည်း နေမှု၊ ဒေသတစ်ခုမှာ ပိတ်မိနေ သူများ သွားလာနိုင်ရန်အတွက်လည်း အုပ်ချုပ်ရေး အဖွဲ့အစည်းများက စီစဉ်ပေးသည့် ပို့ဆောင်ရေး လုပ်ငန်းစဉ်နှင့် ရွှေ့ပြောင်း ပို့ဆောင်မှုများ လုပ်ပေးနေမှု၊ ကာလတစ်ခုအတွင်းမှာ ပုံမှန် လမ်းပန်း ဆက်သွယ်ရေးကိုလည်း ပုံမှန်ပြန်လည်ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိမှု၊ ဒေသတွင်း ပုံမှန်လူနေမှု ဘဝကို ပြန်လည်ရရှိနိုင်ရန် တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေးလုပ်ငန်းစဉ်များကို ပေါင်းစပ်ပြီး ဆက်လက်ဆောင်ရွက်ပေးသွားရန် စီစဉ်ထားကြောင်း ဖြေကြားသည်။

ခရီးစဉ်သုံးသပ်ချက်များ

 

ရခိုင်ကျေးရွာများဆက်လက်ရပ်တည်ရန် ဆောင်ရွက်မည့်အစီအစဉ်နှင့် အစိုးရကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်သုံးသပ်ချက်များ သိလိုကြောင်းမေးခွန်း နှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် က ဆရာတော်များပါဝင်သည့် မြို့မိ မြို့ဖများနှင့်လည်း တွေ့ဆုံပြောဆိုခဲ့ပါကြောင်း၊ ရခိုင်ကျေးရွာများ ဆက်လက်ရပ်တည်ရန်ဆိုသည့်ကိစ္စနှင့်ပတ်သက်၍ အဆိုပါဒေသတွင် ရခိုင်တိုင်းရင်းသားများသည် လူဦးရေအရ အချိုးအစားနည်းပါးပါကြောင်း၊ ထိုသို့ နည်းပါးသည့်အတွက် ပဋိပက္ခဖြစ်ပွားပါက ထိခိုက် ဆုံးရှုံးမည်ကို စိုးရိမ်ကြပါကြောင်း၊ အဆိုပါဒေသတွင် ရခိုင်တိုင်းရင်းသားများ၏ စိုးရိမ်ကြောင့်ကျမှုများမှာ တော်တော်ကြီးမားနေသည်ကို မိမိတို့တွေ့ရှိရပါကြောင်း။

လူ ၁ဝဝ တွင် ၁ဝဝ လုံး ပြန်လာရန်မှာ မသေချာ

 

ပြဿနာမတည်မငြိမ်ဖြစ်လာပါက ရွှေ့ပြောင်းကြပါကြောင်း၊ ယခု ပြဿနာဖြစ်ပွားသည့်အတွက် အနည်း နှင့် အများ ရွှေ့ပြောင်းမှုရှိနေသည်ကို အားလုံးကြားသိပြီးဖြစ်ပါကြောင်း၊ ရွှေ့ပြောင်းပြီးပါက ယခုနေရာများမှာ တည်ငြိမ်သွားပြီဆိုပါကလည်း ရွှေ့ပြောင်းသွားသူများထဲမှ လူ ၁ဝဝ တွင် ၁ဝဝ လုံး ပြန်လာရန်မှာ မသေချာဘူးဆိုသည်ကို စဉ်းစားနိုင်ပါကြောင်း၊ သို့ဖြစ်၍ တဖြည်းဖြည်းနည်းပါး သွားပါက ရခိုင်ရွာများ၏ ရပ်တည်မှုသည် ပို၍ခက်ခဲသွားလိမ့်မည်ဆိုသည့် စိုးရိမ်ရသည့် အကြောင်းကို တင်ပြကြကြောင်း၊ ယင်းကိုမည်ကဲ့သို့ ကုစားမည်ဆိုသည်မှာ ရေရှည်အတွက် စဉ်းစားသုံးသပ်၍ ဆောင်ရွက်ရမည့် ကိစ္စဖြစ်ပါကြောင်း၊

 

မိမိတို့အဖွဲ့၏ တွေ့ရှိချက်၊ သုံးသပ်ချက်များအနက်မှ အဓိကကျသည့် အချက်တချို့ကို ပြောရမည် ဆိုပါက ယခုပြဿနာသည် အချိန်ကြာမြင့်စွာ ဖြစ်ပေါ်ခဲ့သည့် အကြောင်းတရားများကိုအခြေပြု၍ ယခုဖြစ်စဉ် ပေါ်ပေါက်သည်ဟု သုံးသပ်ရပါကြောင်း၊ လတ်တလော အရေးယူဆောင်ရွက်မှုနှင့်ပတ် သက်၍ ဆုံးရှုံးသွားသည့် လက်နက်ခဲယမ်းများ အမြန်ဆုံးပြန်လည်ရရှိရေးနှင့် အကြမ်းဖက် သောင်းကျန်းသူများ အမြစ်ပြတ်ချေမှုန်းရေး၊ ၎င်းတို့နှင့် အဆက်အသွယ်ရှိသူများကို အမြန်ဆုံး ဖော်ထုတ်ရေး စသည်များ လိုအပ်သည်ဟု မိမိတို့ သုံးသပ်ပါကြောင်း။

လုံခြုံမှုအပြည့်အဝရှိပြီး အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရန် အစီအမံများ ချမှတ်ဆောင်ရွက် သင့်

 

ထိုကဲ့သို့ဆောင်ရွက်မှုများကို မြန်မာနိုင်ငံ၏တည်ဆဲဥပဒေများ၊ နိုင်ငံတကာ ဥပဒေများနှင့်အညီ ဆောင်ရွက်ခြင်းဖြင့်သာ ရေတိုရေရှည် အကျိုးဖြစ်ထွန်းနိုင်မည်ဟု သုံးသပ်ပါကြောင်း၊ ယခုဖြစ်စဉ် အပေါ် ဆောင်ရွက်သည့် နေရာတွင် ပြဿနာဖြစ်သည့် ကျေးရွာများ၌ တရားဥပဒေစိုးမိုးရေး ပြည့်ဝစွာ ရှိရန်နှင့် အုပ်ချုပ်ရေးယန္တရားများ ပုံမှန်လည်ပတ်နိုင်ရေးတို့အတွက် တစ်ပါတည်း ဆောင်ရွက်သင့် သည်ဟု မိမိတို့ သုံးသပ်ရရှိပါကြောင်း၊ ရေတိုရေရှည်တွင် ဒေသခံပြည်သူလူထု လုံခြုံမှုအပြည့်အဝရှိပြီး အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရန် အစီအမံများချမှတ်ဆောင်ရွက်သင့်သည်ဟု သုံးသပ်ပါကြောင်း။

အပြုသဘောဆောင်သည့် သဘောထားရှိလာ

 

နတ်မြစ်ဝတွင်ရှိသည့် ဒုက္ခသည်စခန်းများတွင် လူဝင်လူထွက်ကို စစ်ဆေး ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်သည်ဟုသုံးသပ်ပါကြောင်း၊ မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်ခြားတွင်ရှိသည့် ခြံစည်းရိုးအား ခိုင်ခံ့ပြီး လုံခြုံမှုရှိစေရန်အတွက် ဘဏ္ဍာငွေသုံးစွဲဆောင်ရွက်ဖို့ လိုအပ်သည်ဟု သုံးသပ်ပါကြောင်း၊ တိုင်းရင်းသား ကျေးရွာများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လုံခြုံမှုကောင်းမွန်စေရေးအတွက် စီမံ ဆောင်ရွက်ပေးရန် လိုအပ်သည်ဟု သုံးသပ်ပါကြောင်း။

 

ရခိုင်ပြည်နယ်ရှိ အချို့သော နိုင်ငံရေးပါတီများသည် လက်ရှိအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှု နည်းပါးခဲ့ သော်လည်း အောက်တိုဘာ ၉ ရက် ဖြစ်စဉ် အပေါ်တွင် ရခိုင်ပြည်နယ်ရှိ နိုင်ငံရေးပါတီအားလုံးက အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ကြမည်ဟု ပြောကြားကြသည်ကိုတွေ့ရသည့်အတွက် ယခုဖြစ်စဉ် အပေါ် အပြုသဘောဆောင်သည့် သဘောထားရှိလာသည်ဟု မိမိတို့ သုံးသပ်မိပါကြောင်း၊ ရခိုင်ပြည်နယ် အတွင်းရှိ လူမှုကွန်ရက်အဖွဲ့အစည်းများ၏ ကိုယ်စားပြုကော်မတီသည်လည်း ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် အပြုသဘောဆောင်သည့် သဘောထားများ တင်ပြလာသည့်အတွက် ၎င်းတို့၏အကြံဥာဏ်များကိုလည်း မိမိတို့ စဉ်းစားသုံးသပ် ပါကြောင်း၊

 

ယခုအချက်များသည် မိမိတို့၏ ယေဘုယျသုံးသပ်ချက်များဖြစ်ပြီး ယင်းအပေါ်တွင် ဆက်လက် ဆွေးနွေး၍ ရေတိုရေရှည်အတွက် စီစဉ်ဆောင်ရွက်သွားရန် ရှိပါကြောင်း ဖြေကြားသည်။

စစ်ဆင်ရေးနယ်မြေ

 

ရခိုင်ပြည်နယ်ဖြစ်စဉ်တွင် အင်အားမသုံးဘူးဆိုသော်လည်း တပ်မတော် စစ်ကြောင်းများက သေနတ်ဖြင့် ပစ်ခတ်မှုများသည် အမှန်တကယ်လိုအပ်၍ သုံးစွဲခြင်း ဟုတ်၊ မဟုတ်၊ ဒေသခံ တိုင်းရင်းသားများ ပြည်သူ့စစ်မဟာဗျူဟာ အရ လက်နက်တပ်ဆင်လိုမှုကို အစိုးရအနေဖြင့် မည်သို့ဆောင်ရွက်ပေးမည်၊ အကြမ်းဖက်ခေါင်းဆောင်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သင်တန်း သွားရောက် တက်ခဲ့သည်ဆိုသည့် အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မြန်မာအစိုးရအနေဖြင့် တရားဝင်ကန့်ကွက်ရန် အစီအစဉ် ရှိ၊ မရှိ၊ ဖြစ်စဉ်တွင်ပါသည့် အကြမ်းဖက် ခေါင်းဆောင်များသည် ကျေးရွာများတွင် ဝင်ရောက်နေထိုင်မှုနှင့် ပတ်သက်ပြီး လဝက/နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် လူဝင်၊ လူထွက်များအား မည်သို့စိစစ် ဆောင်ရွက်မည် ဆိုသည့် မေးခွန်းတို့နှင့်စပ်လျဉ်း၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်မှူးကြီးဇော်မင်းထွန်းက ယခုဖြစ်စဉ်တွင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင် များက ပစ်ခတ်လိုက်သောကြောင့် အကြမ်းဖက်သုံးဦး သေဆုံးသွားသည်မှာ မှန်ကန်ပါကြောင်း၊ မောင်တောဒေသ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းများကို အကြမ်းဖက်သမားများ စတင်တိုက်ခိုက်ခဲ့သည့် အောက်တိုဘာ ၉ ရက်မှာပင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) က နိုင်ငံတော်သမ္မတရုံးသို့ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်နယ်မြေကို စစ်ဆင်ရေး နယ်မြေအဖြစ် သတ်မှတ် ဆောင်ရွက်ခွင့်ပြုရန် တင်ပြခွင့်ပြုချက်ရယူခဲ့ရာ နိုင်ငံတော်သမ္မတရုံးက ခွင့်ပြု ခဲ့ပါကြောင်း၊ သို့ဖြစ်၍ ယင်းနယ်မြေသည် စစ်ဆင်ရေးနယ်မြေများဖြစ်ကြောင်း၊ ယင်းနယ်မြေများတွင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ကို မောင်တော ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန် ထားပါကြောင်း။၏

တပ်ဖွဲ့ဝင်များကို ဓားဖြင့်ဝင်ခုတ်

 

တပ်မတော်မှ ဖြစ်စဉ်စတင်ဖြစ်ပွားခဲ့သည့် အောက်တိုဘာ ၉ ရက်မှ စတင်ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ များနှင့် ပူးပေါင်းပြီး နယ်မြေစိုးမိုးရေး၊ ရှင်းလင်းရေး ဆောင်ရွက်ခဲ့ပါကြောင်း၊ နယ်မြေရှင်းလင်းရာ တွင် တောတွင်း၊ တောင်ပေါ် နယ်မြေများကို ရှင်းလင်းရာတွင် တပ်မတော်ကဦးဆောင်ပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းရှင်းလင်းခဲ့ပါကြောင်း၊ သတင်းရသည့်ရွာများကို ရှင်းလင်း ရာတွင် ရဲတပ်ဖွဲ့ဝင်များက ရှေ့မှဝင်ရောက်ပြီး တပ်မတော်က ရဲတပ်ဖွဲ့ကို ဝန်းရံပါကြောင်း၊ မိမိတို့ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ယင်းဒေသရှိ ရွာများကို သတင်းအရ ပူးပေါင်းရှင်းလင်းခဲ့မှုများ ရှိပါကြောင်း၊ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာတွင် နယ်မြေဒေသအေးချမ်းရေးကို လိုလားသည့် ရွာသူ၊ ရွာသားများ ပူးပေါင်းပါဝင်သည့် ရွာများကို အေးချမ်းစွာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယခုဖြစ်စဉ်တွင် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး ကိုဆောင်ရွက်နေသည ့်တပ်ဖွဲ့ဝင်များကို ဓားဖြင့်ဝင်ခုတ်ခဲ့ပါကြောင်း၊ အကြမ်းဖက်မှုများ စတင်ဖြစ်ပွားစဉ်ကပင် ရဲတပ်ဖွဲ့ဝင်များ ဓားဒဏ်ရာများဖြင့် ကျဆုံးခဲ့ရပါကြောင်း။

တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးကို အကြီးအကျယ် ထိခိုက် စေခြင်းဖြစ်သည့်အတွက် လျစ်လျူရှု၍မရပါကြောင်း၊ ထို့ကြောင့် ရဲတပ်ဖွဲ့ဝင်များကို ပူးပေါင်းကာကွယ်နေသည့် တပ်မတော် အနေဖြင့် ပစ်ခတ်ဖမ်းဆီးရုံမှ လွဲ၍ အခြားနည်းလမ်းမရှိပါကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့်လည်း လိုအပ်သည့် ထိန်းသိမ်းတုံ့ပြန်မှုများကို ပြုလုပ်ခဲ့ရခြင်းဖြစ်ပါကြောင်း ဖြေကြားသည်။

ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က မိမိတို့ ရခိုင်တိုင်းရင်းသား မြို့မိမြို့ဖ များနှင့် တွေ့ခဲ့ပါကြောင်း၊ ထို့ပြင် အစ္စလာမ် အသိုင်းအဝိုင်းမှ လူထုနှင့်လည်း တွေ့ဆုံခဲ့ပါကြောင်း၊ လက်နက် တပ်ဆင်မှု ကိစ္စများ၊ ပြည်သူ့စစ်ဌာနေဖွဲ့စည်းမည့်ကိစ္စများ ဆောင်ရွက်ရန် တောင်းဆိုသည့် အခါတွင် မိမိတို့ ရခိုင်တိုင်းရင်းသားလူထုက တောင်းဆိုခြင်းဖြစ်ပါကြောင်း။

ဒေသန္တရရဲတပ်ဖွဲ့

 

မိမိအနေဖြင့် ပြောရလျှင် ယင်းကိစ္စသည် ရေရှည်ဆောင်ရွက်ရမည့် ကိစ္စဖြစ်ပါကြောင်း၊ မိမိတို့ လက်ရှိအစိုးရအနေဖြင့်လည်း ယင်းရပ်ရွာတွင်ရှိသည့် လူ့အသိုင်းအဝိုင်းနှစ်ခုကို အဆင်ပြေစေရန် ဆောင်ရွက်နေခြင်း ဖြစ်သည့်အတွက် မိမိတို့လက်နက်တပ်ဆင်ရေးကိစ္စမှာ လောလောဆယ်တွင် ဆောင်ရွက် ပေးနိုင်ခြင်းမရှိပါကြောင်း၊ သို့သော်လည်း မိမိအကြံတစ်ခုပေးပါကြောင်း၊ စစ်တွေလူထုနှင့် တွေ့ဆုံသည့်အခါတွင် ပြည်နယ်ရဲမှူးချုပ်ကြီးက ရှင်းပြခဲ့ ပါကြောင်း၊ ဒေသန္တရကာကွယ်ရေးအတွက် ကျေးရွာများ၊ ရပ်ရွာများတွင် ပြည်သူ့စစ်တာဝန်ထမ်းဆောင်မည်ဆိုပါက မိမိလုပ်ငန်းတစ်ဖက်လည်း ရှိနေမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် စီစဉ်ဆောင်ရွက်ထားသည့် ဒေသန္တရရဲတပ်ဖွဲ့ ဖွဲ့စည်းထားပါကြောင်း၊ စိတ်ပါဝင်စားပါက ရခိုင်ပြည်သူများက မိမိရပ်ရွာ၊ မိမိကျေးရွာကို တရားဝင် ဝန်ထမ်းအဖွဲ့အစည်းများဖြင့် ကာကွယ်နိုင်ရန် ဒေသန္တရရဲတပ်ဖွဲ့များတွင် ဝင်ရောက်ရန် အစီအစဉ် ရှိပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ဆက်သွယ်၍ ဆောင်ရွက်ရန် အကြံပြုထားပါကြောင်း၊ ယခုဒေသ အသိုင်းအဝိုင်းများ တည်ငြိမ်အေးချမ်းမှုရှိအောင် လက်ရှိအစိုးရ၊ တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့က စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည့် အတွက် တည်ငြိမ်အေးချမ်းမှုကို မဖြစ်မနေ ဆောင်ရွက်သွားရန် ရှိပါကြောင်း၊ ထို့ကြောင့် လောလောဆယ်တွင် ပြည်သူ့စစ်မဟာဗျူဟာ ဆောင်ရွက်ရန် ကိစ္စများ၊ လက်နက်တပ်ဆင်မည့်ကိစ္စများမှာ ရေရှည်စဉ်းစားရမည့်ကိစ္စရပ်ဖြစ်ပါ ကြောင်း ဖြေကြားသည်။

နယ်စပ်တစ်လျှောက် လုံခြုံရေးပိတ်ဆို့ပေးထား

 

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ဘင်္ဂလားဒေ့ရှ်က တာဝန်သိသည့် အိမ်နီးနားချင်းနိုင်ငံ တစ်ခုအနေဖြင့် ကျူးလွန်သူများ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးမလာနိုင်အောင် အောက်တိုဘာလ အစောပိုင်းမှစပြီး နယ်စပ် တစ်လျှောက် လုံခြုံရေးပိတ်ဆို့ပေးထားပါကြောင်း၊ ယင်းနေ့မှာပင် ရခိုင်ပြည် နယ်ဘက်မှ ထွက်ပြေးလာသူနှစ်ဦးကို မြန်မာအစိုးရလက်ထဲသို့ ပြန်လည်လွှဲအပ် ပေးနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားပါကြောင်း၊ နှစ်နိုင်ငံ အာဏာပိုင်များ အဆက်အသွယ်မပြတ်ရှိနေပြီး မြန်မာအစိုးရဘက်က တောင်းဆိုသမျှကို ဖြည့်ဆည်းပေးနေသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားပါကြောင်း ပြောကြားသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက ယခု ကိစ္စနှင့်စပ်လျဉ်းပြီး ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးနှင့် ခေါ်ယူတွေ့ဆုံပြီး ယင်းကိစ္စ နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့ပါကြောင်း၊ မိမိတို့ ရှင်းထားသည့်အထဲတွင် ပါဝင်သည့် ခေါင်းဆောင်သည် ပါကစ္စတန်တွင် သွားရောက်ပြီး လေ့ကျင့်မှုများ လုပ်သည်ဟု ပြောထားပါကြောင်း၊ ယခုအချိန်တွင် သတင်း အချက်အလက်များမှာ ကနဦး အနေအထား သာ ရှိနေပါကြောင်း၊ အချက်အလက် တိတိကျကျ ခိုင်ခိုင် မာမာ မရှိဘဲနှင့် တစ်ဖက်ဖက်ကိုသွား၍ စွပ်စွဲ၍မရပါကြောင်း၊ ထို့ကြောင့် ကန့်ကွက်သည်ဆိုသည့် အဆင့်ကို သွား၍မရသေးပါကြောင်း၊ သေချာ ခိုင်မာသည့် သတင်းအချက်အလက်များ အားလုံးရှိမှသာလျှင် မိမိတို့က ကန့်ကွက်ရမည်ဖြစ်ပါကြောင်း၊ လက်ရှိရသည့် သတင်းအချက်အလက် များသည် ကနဦး အဆင့်သာရှိပါကြောင်း၊ မိမိတို့က ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုအဆင့်ကို စပြီးတောင်းဆိုရပါကြောင်း၊ မိမိကိုယ်တိုင် သံအမတ်ကြီးနှင့်တွေ့ဆုံပြီး ပြောကြားသည့် အချက် အားလုံးကို သံအမတ်ကြီးက လက်ခံပါကြောင်း၊ တစ်အချက် ၎င်းတို့အနေဖြင့် ထိခိုက်မှုအတွက် စာနာပါကြောင်း၊ ၎င်းတို့ အနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိပါကြောင်း။

 

တစ်ချိန်တည်းမှာပင် ပါကစ္စတန်သံအမတ်ကြီးနှင့်လည်း ကိုယ်တိုင် တွေ့ဆုံပြီး ယင်းကိစ္စကို မေးထား ပါကြောင်း၊ ယင်းဖြစ်ရပ်ကို ကျူးလွန်နေသည် ဆိုသည့် ခေါင်းဆောင်များ၏အမည်များသည် သူတို့ဆီတွင် ဘုံသုံးသည့်အမည်များ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယင်းကဲ့သို့ ခိုင်ခိုင်မာမာ အချက်အလက်မရှိဘဲ ၄င်းတို့အနေဖြင့် တိတိကျကျ အရေးယူပေးရန် ခက်ခဲပါကြောင်း၊ သို့သော်လည်း မြန်မာနိုင်ငံအစိုးရ၏ ပန်ကြားချက် သတင်းအချက်အလက်ကို ယင်းတို့အနေဖြင့် လက်ခံရရှိကြောင်း၊ လိုအပ်သည့် အရေးယူ ဆောင်ရွက်မှုအားလုံးကို ၎င်းတို့အနေဖြင့် ဆောင်ရွက်ပေးမည်ဆိုသည့်အပိုင်းမှာ ၎င်းတို့ဘက်က ပူးပေါင်း ဆောင်ရွက်မှုဖြစ်ပါကြောင်း၊ အလားတူ မိမိတို့ထုတ်ပြန်သည့်သတင်းများတွင် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ဆော်ဒီတို့ကို သံတမန်ရေးရာနည်းလမ်းဖြင့် အသုံးပြုပြီး လိုအပ်သည့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို မိမိတို့အနေဖြင့် တောင်းဆိုထားပါကြောင်း ဖြေကြားသည်။

ကျေးရွာ လူဝင်၊ လူထွက်

 

ကျေးရွာလူဝင်၊ လူထွက်ကို မည်သို့ဆောင်ရွက်ထားသလဲ ဆိုသည့် မေးခွန်းကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဖြေကြားရာတွင် မိမိတို့ဝန်ကြီးဌာနက ရခိုင်ပြည်နယ်တွင် အမှတ် (၄) လူဝင်မှုကြီးကြပ်ရေးဌာနခွဲ အနောက်ဘက် နယ်စပ်ဒေသ နယ်မြေ လေးခုရှိပါကြောင်း၊ ယင်းနယ်မြေဒေသ လေးခုတွင် နယ်မြေ ၁၁ ခု ပိုင်းခြားထား ပါကြောင်း၊ စခန်း ၂၆ ခု ရှိပါကြောင်း၊ ချောင်းပေါက်ဝ ကင်းစခန်း ၂၇ ခု ရှိပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံ သဘောတူညီ ချက်အရ မောင်တောကုန်သွယ်ရေးနယ်စပ်စခန်းမှ နှစ်နိုင်ငံ ပြည်သူများအား အပြန်အလှန်သွားလာနိုင်ရေး ခြောက်ညအိပ် ခုနစ်ရက် တရားဝင်ခွင့်ပြုချက်ဖြင့် ပေးနေပါကြောင်း၊ နေ့စဉ်နှင့် အမျှ သွားလာနေသည့် ပြည်သူများကိုလည်း မှတ်တမ်းတင်ပြီး သက်ဆိုင်ရာ ဒေသ အာဏာပိုင် အဖွဲ့အစည်းများ၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ တချို့မှာ တရားဝင်သွားရောက်ခြင်း ရှိသကဲ့သို့ တချို့မှာ တရားဝင်သွားပြီး ပြန်မလာသည့် သူများလည်း ရှိပါကြောင်း၊ တချို့မှာ တရားမဝင် သွားခြင်းများလည်း ရှိပါကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် မိမိတို့နိုင်ငံ နယ်စပ်ဆိုသည်မှာ ကုန်းနယ်စပ်ချည်း မဟုတ်ပါကြောင်း၊ ရေပြင် ဆက်စပ် နေသည် နတ်မြစ်တစ်လျှောက်တွင်လည်း ကူးသန်းသွားလာလျက်ရှိပါကြောင်း၊ ယင်းနယ်စပ်ဒေသ အပါအဝင် ရခိုင်ပြည်နယ်တချို့နေရာဒေသများတွင် ငါးဖမ်းလှေများသည် လည်း နေ့စဉ်ရာနှင့်ချီပြီး ဝင်ထွက်နေပါကြောင်း၊ ရေပြင်ထဲရောက်သည့်အခါတွင် နယ်စပ်ဆိုသည်မှာ တိတိကျကျသတ်မှတ် ကာရံထားရန် ခက်ခဲသည့်အတွက် ယင်းနေရာဒေသများမှတစ်ဆင့် ကူးဝင် ကူးထွက်များ ရှိနိုင်ပါကြောင်း၊ အမှန်တကယ်လည်း ရှိနေပါကြောင်း၊ တရားမဝင် ဝင်ရောက်မှုများ ဖြစ်ပါကြောင်း၊ လူဝင်မှုကြီးကြပ်ရေးအပိုင်းတွင် အားနည်းသည်ဟုဆိုပါက လက်ခံပါကြောင်း။

 

နောင်အနာဂတ်ကာလတွင် လူဝင်မှုကြီးကြပ်ရေးကိစ္စများ၊ တရားဥပဒေ စိုးမိုးမှုခိုင်မာရေးကိစ္စများ၊ တရားဥပဒေစိုးမိုးမှုနှင့် အုပ်ချုပ်ရေးကိစ္စများကို ယခုထက် ပိုမိုခိုင်မာသည့်စနစ်များဖြစ်အောင် ဌာနအားလုံး ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားမည်ဆိုပါက နောင်အနာဂတ်ကာလတွင် မိမိတို့၏ အားနည်းချက်များသည် ပိုမိုလျော့နည်းသွားမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့လျော့နည်းသွားအောင် မိမိတို့အစိုးရအဖွဲ့၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားသည်။

ထိခိုက်သေဆုံးမှု၊ ဖမ်းဆီးရမိမှုများ

 

အကြမ်းဖက်မှုဖြစ်စဉ်စတင်ချိန်မှ ယခုအချိန်အထိ ထိခိုက်သေဆုံးမှု၊ ဖမ်းဆီးရမိသူများနှင့်စပ်လျဉ်း၍ သိလိုကြောင်း မေးခွန်းအပေါ် ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြစ်စဉ်စတင်ချိန်မှ ယနေ့အချိန် အထိ ထိခိုက်ကျဆုံးမှုမှာ တပ်မတော်မှ ကျဆုံးသည့်တပ်ဖွဲ့ဝင် ငါးဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိ တစ်ဦး အပါအဝင် တပ်ဖွဲ့ဝင် ကိုးဦး၊ ဒဏ်ရာရရှိသူ တပ်ဖွဲ့ဝင် လေးဦးရှိပါကြောင်း၊ အကြမ်းဖက် အဖွဲ့အစည်းများ ဘက်မှ သေဆုံးသူစုစုပေါင်း အမျိုးသား ၂၈ ဦး၊ အမျိုးသမီး နှစ်ဦး စုစုပေါင်း ၃ဝ ရှိပါကြောင်း၊ ဖမ်းဆီးရမိ ထားသူများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ စစ်ဆေးမှုအပိုင်းတွင်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့နှင့် ပူးပေါင်းစစ်ဆေးမှုများ ဆောင်ရွက် လျက်ရှိပါကြောင်း ဖြေကြားသည်။

စုစုပေါင်း ဖမ်းဆီးထိန်းသိမ်းထားသူ ၂၉ ဦး ရှိ

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ရဲချုပ်ဇော်ဝင်းက စုစုပေါင်း ဖမ်းဆီးထိန်းသိမ်း ထားသူ ၂၉ ဦးရှိပါကြောင်း၊ စစ်တွေအကျဉ်းထောင်တွင် နှစ်ဦး ချုပ်ထားပြီး ကျန် ၂၇ ဦးကို မောင်တောဒေသတွင်ရှိသည့် အချုပ်ခန်း များတွင် ထားရှိပါကြောင်း၊ အချုပ်သားများ ရသင့်ရထိုက်သည့် အခွင့်အရေးများ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ စစ်ဆေးမှုများအား စနစ်တကျ မှတ်တမ်းထားရှိပြီး စစ်ဆေး မေးမြန်းမှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။

ရဲမှူးချုပ်တစ်ယောက်ကို အစားထိုး

 

မောင်တောနယ်ခြားစောင့်ရဲတပ်ဖွဲ့တွင် ရဲမှူးချုပ်တစ်ယောက် အစားထိုးခန့်လိုက်ခြင်းနှင့် စပ်လျဉ်း သည့် မေးခွန်းကို ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက ဖြေကြားရာတွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးသည် ယမန်နေ့က ကျီးကန်းပြင်သို့ရောက်ရှိသွားပြီဖြစ်ပါကြောင်း၊ ဖြစ်စဉ် ဖြစ်ပွားပြီးနောက်နေ့တွင် ဖြစ်စဉ်နှင့်ပတ်သက်ပြီး အားလုံးစိစစ်ပြီးဖြစ်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီး အနေဖြင့် အဆိုပါနယ်မြေ ဒေသ၏ လုပ်ငန်းတာဝန် ထမ်းဆောင်မှုများကို လိုအပ်သည့်ပြန်လည် ဖွဲ့စည်းပြင်ဆင်မှုများနှင့် လိုအပ်သည့် ဆောင်ရွက်ချက်များကို အမြန်ဆုံးတုံ့ပြန်ဆောင်ရွက် နိုင်ရန်အတွက် ရဲမှူးချုပ်တစ်ယောက်ကို အစားထိုး၍ ယခင်ကွပ်ကဲရေးမှူးကို ယာယီအားဖြင့် တာဝန်မှခဏရပ်ခဲ့ပြီး အခြားဌာနတစ်ခုတွင် ယာယီတွဲဖက်ထားကြောင်း ဖြေကြားသည်။

သတင်းနှင့် သတင်းဓာတ်ပုံများ ရယူခြင်း

 

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်နှင့် သတင်းနှင့် သတင်းဓာတ်ပုံများ ရယူရာတွင် သက်ဆိုင်ရာအစိုးရအဖွဲ့က ထိန်းချုပ်ထားခြင်းရှိ၊ မရှိနှင့် လွတ်လပ်စွာ သတင်းရယူခွင့် ရှိ၊ မရှိ သိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က သတင်း ရယူမှုနှင့် ပတ်သက်၍ မည်သူ့ကိုသာပေးမည်၊ မပေးဘူးဆိုသည့် ခွဲခြားထားမှုမျိုး လုံးဝမရှိကြောင်း၊ တချို့ သတင်းသမားသည် မည်ကဲ့သို့သတင်းများရယူသည် ဆိုသည်ကို မိမိမသိရှိကြောင်း၊ သို့သော် မိမိတို့ အနေဖြင့် ခွဲခြားထားသည့် သဘောမရှိကြောင်း၊ ယခုဖြစ်စဉ်နှင့်ပတ်သက်၍ မိမိတို့ကိုယ်တိုင်သိရသည့် သတင်းများကို ပြည့်ပြည့်စုံစုံနှင့် မြန်မြန်ဆန်ဆန် အများပြည်သူအား တင်ပြပေးနိုင်ရန် ကြိုးစားနေ ကြောင်း၊ သတင်းစာရှင်းလင်းပွဲများအားလည်း အခါအားလျော်စွာ ပြုလုပ်ပေးရန် အစီအစဉ်ရှိကြောင်း၊ သတင်းနှင့် ပတ်သက်၍ ကန့်သတ်ထားမှုမရှိကြောင်း၊ မြေပြင်တွင် အမှန်တကယ်ထိတွေ့တိုက်ခိုက်မှု ဖြစ်နေသည့် နေရာများသို့ မသွားပါရန်၊ မလာပါနှင့် စသည်ဖြင့် ပြောဆိုခြင်းမျိုး ရှိကောင်းရှိနိုင်ကြောင်း၊ အန္တရာယ် အတွက် စိတ်မချရဘူးဆိုသည့် သဘောမျိုး ပြောဆိုသည်မျိုး ရှိကောင်းရှိနိုင်ပါကြောင်း၊ သို့သော် တမင် ကန့်သတ်ထားခြင်း မျိုးမှာ မရှိပါကြောင်းဖြေကြားသည်။

ကန့်သတ်ချက် မရှိ

 

နိုင်ငံတော်သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက Myanmar Review ဂျာနယ် သတင်းထောက်အနေဖြင့် စစ်သတင်းထောက်ပုံစံဖြင့် သွားခြင်းဖြစ်သည့်အတွက် တပ်မတော်အပိုင်းနှင့် ညှိနှိုင်း၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အစိုးရပိုင်းအနေဖြင့် သတင်းထောက်များ သတင်းရယူခွင့် ကန့်သတ်ချက်လုံးဝမရှိကြောင်း၊ အချို့တိုက်ပွဲနယ်မြေတွင် ကန့်သတ်ချက်ရှိကြောင်း၊ အစိုးရအနေဖြင့် ကန့်သတ်ချက်မရှိပါကြောင်း ဖြေကြားသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်မှူးကြီး ဇော်မင်းထွန်းက Myanmar Review ဂျာနယ်မှ ကိုရဲမိုးကိစ္စနှင့်ပတ်သက်၍ ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ၎င်းကိုယ်တိုင် ရေးသားထား ပါကြောင်း၊ တပ်မတော်ကလည်း တရားဝင်ခွင့်ပြုထားခြင်းမရှိကြောင်း၊ သို့သော် ၎င်း၏ အသိုင်းအဝိုင်းသည် တပ်မတော်ဖြစ်သည့်အတွက် ၎င်းအသိုင်းအဝိုင်းတွင် ကျင်လည်သည်မှာ မဆန်းကြယ်ကြောင်း၊ လုံခြုံရေး ယူနေရသည့် တပ်မတော်စစ်ကြောင်းများ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့များ အနေဖြင့် အချို့အပိုင်းများတွင် လုံခြုံရေးအရ ကန့်သတ်ရသည့် အနေအထားများရှိကြောင်း ဖြေကြားသည်။

 

အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ရသည့်အကြောင်းရင်း

 

အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ရသည့်အကြောင်းရင်း၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်အား ထိန်းချုပ်နိုင်ခြင်း ရှိ/မရှိ၊ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူများနှင့် နစ်နာသူများအား သက်ဆိုင်ရာက မည်သို့ထောက်ပံ့ကူညီသွားမည်ကို သိလိုကြောင်း မေးခွန်းများ နှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက မြန်မာနိုင်ငံတွင် သာမက တစ်ကမ္ဘာလုံးတွင် မည်သည့်အတွက်ကြောင့် အကြမ်းဖက်မှုဖြစ်ကြ သည်ကို သုံးသပ်ရန်လိုပါကြောင်း၊ နိုင်ငံတကာတွင် အကြမ်းဖက်မှုများဖြစ်နေပါကြောင်း၊ တစ်ကမ္ဘာလုံးတွင် အကြမ်းဖက်မှုဖြစ်ပွားရသည့် အကြောင်း အရင်း မျိုးစုံရှိပါကြောင်း၊ နိုင်ငံတကာက ခံယူထားသည်မှာ ဆင်းရဲနွမ်းပါးမှုသည်လည်း အကြမ်းဖက်မှုကို ဖြစ်စေနိုင်ကြောင်း၊ နောက်တစ်ခုမှာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆိုင်ပါကြောင်း၊ ထို့ကြောင့် အကြမ်းဖက်မှု၏ အရင်းအမြစ်ကို ရှာဖွေဖြေရှင်းသည့်နေရာတွင် နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှု အနိမ့်၊ အမြင့် နည်းပါးအောင် လုပ်ရမည်ဖြစ်ပါကြောင်း၊ နောက်တစ်ခုမှာ အယူဝါဒနှင့်ဆိုင်ပါကြောင်း၊ အယူဝါဒမျိုးစုံရှိပါကြောင်း၊ ယင်းအယူဝါဒအပေါ် ယုံကြည်ချက်အစွန်းရောက် သွားမည်ဆိုပါက ယင်း အယူဝါဒကို မှန်မှန်မယူဘဲ အစွန်းရောက်သည့်ကိစ္စကြောင့်လည်း အကြမ်းဖက်မှုဖြစ်စေနိုင်ပါကြောင်း။

အယူဝါဒဆိုသည်မှာ ဘာသာရေးတစ်ခုတည်းကို ပြောခြင်းမဟုတ်ပါ ကြောင်း၊ မည်သည့်နိုင်ငံရေးစနစ် ကိုဖြစ်ဖြစ် အစွန်းရောက်ပါက အကြမ်းဖက်မှုကို ဖြစ်စေနိုင်ပါကြောင်း၊ အကြမ်းဖက်မှု မည်သည့် အတွက်ကြောင့် ဖြစ်သည်ကို မိမိတို့နိုင်ငံတစ်ခုတည်းအနေဖြင့် စဉ်းစားရမည်မဟုတ်ပါကြောင်း၊ ကမ္ဘာနှင့်အဝှမ်း စဉ်းစားရမည့်ကိစ္စဖြစ်ပါကြောင်း၊ ယခုပြဿနာသည် အလွန်ခက်ခဲပြီး ကမ္ဘာနှင့်အဝှမ်း ကြုံတွေ့နေရသည့် ကိစ္စဖြစ်ပါကြောင်း၊ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုမရှိခြင်းသည်လည်း အကြမ်းဖက်မှုကို စေ့ဆော်စေပါကြောင်း၊ ယင်းကိစ္စများသည် အကြမ်းဖက်မှု၏ အခြေခံအကြောင်းအရာဟု သုံးသပ် လိုပါကြောင်း ဖြေကြားသည်။

အကြမ်းဖက်မှုများ ထိန်းချုပ်နိုင်ရန်

 

ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက အကြမ်းဖက်မှုများကို ထိန်းချုပ်နိုင်ရန် အတွက် တပ်မတော်နှင့် ပူးပေါင်းပြီး ထပ်မံမဖြစ်ပွားရန် မြို့ရွာ၊ တပ်ဌာနချုပ်၊ စခန်းများနှင့် ဆက်သွယ်ရေး လမ်းကြောင်း များ၏ လုံခြုံမှုကို တည်ဆောက် ထားပြီးဖြစ်ပါကြောင်း၊ အလားတူနိုင်ငံတော်က ဆောင်ရွက်နေသည့် တရား ဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးယန္တရားများ ပုံမှန်လည်ပတ်နိုင်ရန် ဆောင်ရွက်လျက် ရှိပါကြောင်း၊ တစ်ချိန်တည်း တစ်ပြိုင်တည်းမှာပင် အကြမ်းဖက်အဖွဲ့များထံပါသွားသည့် လက်နက်များ ပြန်လည် သိမ်းဆည်းရမိရန်နှင့် တခြားတရားမဝင် သိုဝှက်ထားသည့် လက်နက်များ ဖော်ထုတ်ရန်လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်နေသည့်အတွက် ဖော်ထုတ်သိမ်းဆည်း ရရှိမှုများ ရှိနေပြီဖြစ်ပါကြောင်း၊ ဖမ်းဆီးရမိထားသည့် သောင်းကျန်းသူများထံမှ သတင်းဆက်များ စိစစ်ဖော်ထုတ်ပြီး နယ်မြေအတွင်း ရှိသည့် သောင်းကျန်းသူများ၊ အမာခံများနှင့် ယခုဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် သောင်းကျန်းသူများ ဖော်ထုတ် ဖမ်းဆီးရေးလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိပါကြောင်း။

 

ထိုသို့ဆောင်ရွက်ရာတွင် ပထမအဆင့်အနေဖြင့် အလားတူ ထပ်မံ အကြမ်းဖက်မှုမဖြစ်ပွားအောင် ထိန်းချုပ်ဆောင်ရွက်သည့် လုပ်ငန်းစဉ်ကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒုတိယအဆင့် အနေဖြင့် သတင်း ကွင်းဆက်များအရ ဖော်ထုတ်ရမည့် ပုဂ္ဂိုလ်များနှင့် ဖော်ထုတ်ရမည့် တရားမဝင် လက်နက်များကို ဖော်ထုတ်ပြီးရရှိသည့် သတင်းကွင်းဆက်များအပေါ် မူတည် ၍ နယ်မြေအတွင်း အခြေမခံနိုင်အောင် ဆက်လက်ပြီး အလေးအနက်ထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ အိမ်းနီးချင်း နိုင်ငံ များနှင့် အကြမ်းဖက်အဖွဲ့များ အခြေခံခဲ့သည့် နိုင်ငံများနှင့် ပတ်သက်၍လည်း လိုအပ်သည့် ပူးပေါင်းဆောင် ရွက်မှုများကိုလည်း ဆက်လက်တိုးမြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။

 

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်မှူးကြီးဇော်မင်းထွန်းက မောင်တောဖြစ်စဉ်တွင် တပ်မတော်သား ငါးဦး ကျဆုံးခဲ့ပါကြောင်း၊ ကျဆုံးခဲ့သည့် တပ်မတော်သားများနှင့်ပတ်သက်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အနေဖြင့်လည်း ထောက်ပံ့မှုများ ပြုလုပ်ပြီးဖြစ်ပါကြောင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အဆင့်၊ တိုင်းစစ်ဌာနချုပ်အဆင့် ထောက်ပံ့မှုများလည်း ပြုလုပ်ပြီးဖြစ်ပါကြောင်း၊ အဆိုပါထောက်ပံ့မှုများ အပြင် ယခုနောက်ပိုင်းတွင် တိုက်ပွဲကျ သေဆုံး မိသားစုဝင်များကို စစ်မှုထမ်းဟောင်းအိမ်ရာများပေးခြင်း၊ ၎င်းတို့ဘဝအတွက် ပင်စင်လစာအပြင် ခံစားခွင့်၊ ချီးမြှင့်ငွေနှင့် စရိတ်များအပြင် ဘဝတစ်လျှောက်လုံး အာမခံချက်ရှိရေးအတွက် နေရေး၊ ထိုင်ရေးကအစ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဖြေကြားသည်။

ငွေကျပ် သိန်း ၈ဝ

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ရဲချုပ်ဇော်ဝင်းက ယခုဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့ အနေဖြင့် ကျဆုံးသူ ကိုးဦးရှိပြီး ဒဏ်ရာရရှိသူ ခုနစ်ဦးရှိပါကြောင်း၊ ကျဆုံးခဲ့သည့် ရဲတပ်ဖွဲ့ဝင် ကိုးဦးနှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထောက်ပံ့မှု၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ထောက်ပံ့မှု၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ ထောက်ပံ့မှု၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနမှ ထောက်ပံ့မှုအပါအဝင် အားလုံးထောက်ပံ့မှု စုစုပေါင်း ကိုကြည့်ပါက ကျဆုံးစစ်သည် တစ်ဦးလျှင် ငွေကျပ် သိန်း ၈ဝ ထောက်ပံ့ ထားပြီး ဖြစ်ပါကြောင်း၊ ထို့အတူ ဒဏ်ရာရစစ်သည် တစ်ဦးကို လက်ရှိအချိန်အထိ ငွေကျပ် သိန်း ၃ဝ ထောက်ပံ့ထားပြီးဖြစ်ပါကြောင်း၊ အနာဂတ်အတွက် လည်း လိုအပ်သည်များကို ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့များနှင့်ပေါင်းစပ်ပြီး ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ ၎င်းတို့၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍လည်း နိုင်ငံတော်မှ လိုအပ်သည့် ဆုတံဆိပ်နှင့် ဘွဲတံဆိပ်များကို ချီးမြှင့်နိုင်ရန် ဆက်လက်ပြီး စီမံဆောင်ရွက်ပေး သွားမည်ဖြစ်ပါ ကြောင်း၊ ဖြစ်စဉ် ဖြစ်ပွားခဲ့သည့် စခန်းသုံးခုအနက် စခန်းနှစ်ခုက ဆောင်ရွက်ချက်များ ကောင်းမွန်ပါ ကြောင်း၊ ထို့ကြောင့် အဆိုပါစခန်းနှစ်ခုတွင်ရှိသည့်တပ်ဖွဲ့ဝင် အားလုံးကို တစ်ဆင့်မြင့် ရာထူးချီးမြှင့်ပေးလိုက်ပြီဖြစ်ပါကြောင်း ဖြေကြားသည်။

နယ်မြေလုံခြုံရေး

 

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသ လက်ရှိအခြေအနေ၊ ဒေသခံများ၏ ရှေ့ရေးပညာရေး နှင့် ပြောင်းရွှေ့သွားသည့် ဒေသခံများကို မည်သို့ ပြန်လည်ထူထောင်ပေးမလဲဆိုသည့်မေးခွန်းကို ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြေကြားရာတွင် လက်ရှိတွင် မိမိတို့မှ လုံခြုံရေးအပိုင်း တာဝန်ယူထားပြီး တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ပူးပေါင်းထားသည့် စစ်ကြောင်းများ သွားလာရာ လမ်းကြောင်းများ တစ်လျှောက်တွင် ရံဖန်ရံခါ ထိတွေ့ဖြစ်စဉ်များ ဖြစ်ပွားသော်လည်း အဓိကကျသည့် မြို့၊ ရွာ၊ တပ် ဌာနချုပ် စခန်းများတွင် သီးသန့်အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်လာခြင်းမရှိသဖြင့် နယ်မြေ လုံခြုံရေးနှင့် ပတ်သက်ပြီး မိမိတို့ထိန်းချုပ်ထားနိုင်ပါပြီဟု ပြောဆိုနိုင် ပါကြောင်း။

ပုံမှန်လည်ပတ်လျက်ရှိ

 

ဆရာ ဆရာမများသည် ကျောင်းပိတ်ရာသီဖြစ်သည့်အတွက် ယခင်ကလည်း ပြန်နေကျဖြစ်ပြီး ပြန်ချိန်နှင့် တိုက်ဆိုင်နေ၍သာ ပြန်ကြခြင်းဖြစ်ပါကြောင်း၊ ကျန်ရှိသည့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများမှာ တာဝန်ကျရာနေရာ များတွင်သာ ဆက်လက်တာဝန်ထမ်းဆောင်နေကြပါကြောင်း၊ ဒေသအုပ်ချုပ်ရေး ယန္တရားမှာလည်း ပုံမှန်လည်ပတ်လျက်ရှိပါကြောင်း၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များမှာလည်း ယခုဖြစ်စဉ် ဖြစ်ရပ်များကြောင့် တရားစွဲဆိုရသည့် လုပ်ငန်းစဉ်များမှလွဲ၍ ကျန်သည့်နယ်မြေဒေသများတွင် အကြမ်းဖက်လုပ်ရပ် အပါအဝင် ကျန်သည့်မှုခင်းဖြစ်ပွားမှုမရှိသဖြင့် ယခုအခြေအနေမှာ အတိုင်းအတာတစ်ခုအထိ တည်ငြိမ်နေပြီဖြစ်ပါကြောင်း၊ သီတင်းကျွတ် ကျောင်း ပိတ် ရက်အပြီး ကျောင်းများပြန်ဖွင့်ပါက နယ်မြေအခြေအနေပေါ်မူတည်၍ မူလ ကျေးရွာများတွင် စာပြန်သင်နိုင်ရန် ဦးတည်ရည်မှန်းချက်ထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကျောင်းပြန်ဖွင့်သည့် ရာသီတွင်လည်း လုံခြုံရေးကို အကောင်းဆုံး အခြေအနေသို့ရောက်အောင် ကြိုးစားဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း။

 

လူနည်းစုနေထိုင်ကြသည့် ဒေသခံတိုင်းရင်းသား လူမျိုးစုများမှာ ဆက်လက်ပြီး နေထိုင်ရန်စိုးရိမ်နေကြ သဖြင့် အချို့ပြောင်းရွှေ့နေသည့် ရွာများကို ဘူးသီးတောင်၊ မောင်တောဘက်တွင် စုစည်းပြီး ယာယီစခန်းများ ဖွင့်လှစ်ပေးထားကာ လိုအပ်သည့် စား၊ ဝတ်၊ နေရေးအတွက်ကိုလည်း သက်ဆိုင်ရာ ပြည်နယ်အစိုးရနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ နယ်စပ် ရေးရာ ဝန်ကြီးဌာနတို့မှ ကူညီပံ့ပိုးထားသည့် စားနပ်ရိက္ခာများဖြင့် ယာယီထောက်ပံ့ ဖြည့်ဆည်းပေး ထားပါကြောင်း၊ နယ်မြေဒေသတည်ငြိမ်သွားသည့်အခါတွင်လည်း မူလကျေးရွာများတွင် ပြန်လည် နေထိုင်နိုင်ရန် ဒေသအစိုးရနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ အစည်းများဖြင့်ပူးပေါင်း၍ ပြန်လည်နေရာ ချထားရေး အကောင်းဆုံးဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း။

စုစည်းကျေးရွာ

 

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ကျေးရွာများ ပြန်လည်ထူထောင်ရေး နှင့်ပတ်သက်၍ မိမိတို့ဝန်ကြီးဌာနက နယ်စပ် ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသတွင် နေထိုင်သည့် တိုင်းရင်းသား လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထား ဆောင်ရွက်နေသဖြင့် ယခုဘူးသီးတောင်၊ မောင်တောဒေသတွင်ဖြစ်ပွားသည့် ကိစ္စနှင့် ပတ်သက်၍ လူဦးရေ အချိုးအစားမတူညီမှုမှာ အားလုံးအသိပင်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ၁၉၉၁ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်အတွင်း ကျေးရွာ နှစ်ခု တည်ထောင်ထားခဲ့ပြီး လက်ရှိ ကျေးရွာပေါင်း ၃၆ ရွာရှိပါကြောင်း၊ ရွှေ့ပြောင်းကျေးရွာ၊ စုစည်းကျေးရွာဟုရှိပြီး ယင်းဒေသရှိ အိမ်ခြေ ၂ဝ၊ ၃ဝ ခန့်ရှိသည့် ကျေးရွာမှ တိုင်းရင်းသားများ၏ သဘောထားများကို စုစည်းရယူပြီး စုစည်းကျေးရွာအဖြစ် ထူထောင် ပေးထားပါ ကြောင်း၊ အခြားဒေသများမှ ဆန္ဒပြုသူများနှင့် လာရောက်နေထိုင်လိုသူများကိုလည်း လိုအပ်သည့် ထောက်ပံ့မှုများ ပေးပြီး ရွှေ့ပြောင်းကျေးရွာတွင် လူဦးရေ ၁၄ဝဝဝ ခန့်ရှိနေပါကြောင်း၊ နေထိုင်ရေး အခက်အခဲရှိနေသဖြင့် လိုအပ်သည့် အထောက်အပံ့များကို ယခုခရီးစဉ်တွင် ဝန်ကြီးဌာန နှစ်ခုပူးပေါင်း၍ ဆောင်ရွက်ဖြည့်ဆည်းပေးခဲ့ပါကြောင်း၊ နိုင်ငံတော် အစိုးရပိုင်းက နတလ စုစည်းစံပြ ကျေးရွာများကို ထူထောင်ပေးနေရုံမျှမက အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ဖန်တီးပေးရန် မှာကြားထားပါကြောင်း၊ ကျေးရွာများ ပိုမိုများပြားလာအောင်လည်း နိုင်ငံတော်နှင့်အတူ ဝန်ကြီးဌာန အနေဖြင့် စဉ်ဆက်မပြတ်လုပ်ဆောင်နေပါကြောင်း ဖြေကြားသည်။

RSO နှင့်ဆက်သွယ်မှု

 

အကြမ်းဖက်တိုက်ခိုက်သူများနှင့် ပတ်သက်၍ RSO နှင့်ဆက်သွယ်မှု အထောက်အထားများ ခိုင်မာမှု ရှိ/မရှိ၊ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကြိုတင် သတင်းရရှိခြင်း ရှိ/မရှိ၊ ယင်းကိစ္စအား ကိုင်တွယ် ဆောင်ရွက်နေသည့် အစီအမံများနှင့် တာဝန်ပေါ့လျော့သူများကို မည်သို့အရေးယူ ဆောင်ရွက်သွား မည်ကို သိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖမ်းဆီးရမိခဲ့ သူများ၏ ထွက်ဆိုချက်များအရ အကြမ်းဖက်အဖွဲ့ကို ခေါင်းဆောင် ခဲ့သူအနေဖြင့် RSO အဖွဲ့များနှင့် အဆက်အသွယ် ရှိခဲ့မှု၊ သင်တန်းများတက်ခဲ့မှု၊ အထောက်အပံ့များရခဲ့မှု၊ ဒုက္ခသည်စခန်းတွင် သွားရောက် နေထိုင်ခဲ့သည့် အချိန်ကလည်း RSO အဖွဲ့နှင့် ဆက်သွယ်ခဲ့မှုတို့ကို ထွက်ဆိုချက်များအရ သိရှိရခြင်းဖြစ် ပါကြောင်း၊ ထွက်ဆိုချက်များအရ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ် ပါကြောင်း၊ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းရယူမှုအပိုင်းနှင့် ကြိုတင် သတင်းရရှိမှုအပိုင်းတို့တွင် အားနည်းချက်များရှိခဲ့ပါကြောင်း။

အကြမ်းဖက်သမားအင်အား

 

အကြမ်းဖက်သမားအင်အား ၄ဝဝ ဆိုသည်မှာ ဖြစ်စဉ်စတင်ဖြစ်ပွားခဲ့သည့် အချိန်တွင် ဖြစ်စဉ်ဖြစ်ပွား ခဲ့သည့် နေရာအားလုံး၏ လုပ်ဆောင်ချက်များ အပေါ်တွင် စုစည်းတင်ပြလိုက်သည့် အင်အားဖြစ်ပါ ကြောင်း၊ လက်ရှိတွင် ယင်းအင်အားစုများသည် ဖြန့်ခွဲ၍ သွားလာနေခြင်းဖြစ်ပါကြောင်း၊ တပ်မတော် နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နယ်မြေအတွင်း လှည့်လည်ရှင်းလင်းသည့်အခါ ယင်းကဲ့သို့ အင်အားစုအလိုက် လုပ်ဆောင်သည့် လုပ်ဆောင်ချက်များ နောက်ပိုင်းတွင် မရှိတော့သည်ကို တွေ့ရှိရပါကြောင်း၊ အင်အားစုများနှင့် ရင်ဆိုင်ရပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့ လုပ်ငန်းစဉ်များအတိုင်း ဥပဒေနှင့်အညီ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ပူးပေါင်းဆောင်ရွက်မှု

 

အစ္စလာမ် ဘာသာဝင်များဘက်မှ ပူးပေါင်းဆောင်ရွက်မှု ရှိလာနိုင်သလား မေးခွန်းနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အစ္စလာမ် ဘာသာဝင်များဘက်မှ ပူးပေါင်းဆောင်ရွက်မည်၊ ကြားနေမည်၊ ဆန့်ကျင်သည့် အထဲတွင် ပါဝင်သွားမည်ဆိုသည့်ကိစ္စမှာ တိတိကျကျပြောဆိုရန် အင်မတန် ခက်ခဲပါကြောင်း၊ သွားရောက်ခဲ့သည့်ခရီးစဉ်တွင် ထိတွေ့ခဲ့ရမှုမှာ စစ်တွေ၊ မောင်တောနှင့် ဘူးသီးတောင်မြို့တို့ရှိ အစ္စလာမ်ဘာသာရေး အသိုင်းအဝိုင်းထဲမှ ပုဂ္ဂိုလ်များ၏ ပြောဆိုချက်အရ ပူးပေါင်းဆောင်ရွက်မည်ဟု ပြောဆိုခြင်းဖြစ်ပါ ကြောင်း၊ အကြမ်းဖက်ခြင်းကို မလိုလားကြောင်း၊ အကြမ်းဖက်သမားများကို ပတ်ဝန်းကျင်တွင် သိရှိပါက အသိပေး အကြောင်းကြားမည်ဖြစ်ကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိပါကြောင်း စသည်ဖြင့် ပြောဆိုပါကြောင်း။

 

သို့သော် မိမိတို့ထိတွေ့ခဲ့ရခြင်းသည် များသောအားဖြင့် မြို့ပေါ်တွင် နေထိုင်ကြသည့် ပုဂ္ဂိုလ်၊ ရပ်ရွာတွင် ထင်ထင်ရှားရှားရှိသည့် ပုဂ္ဂိုလ်အချို့သာ ဖြစ်ပါကြောင်း၊ လေးငါးခြောက်ဆယ် အများဆုံး တစ်ရာ ပတ်ဝန်းကျင်ခန့်သာ ရှိပါကြောင်း၊ ဒီထဲတွင် မပါဝင်သည့် အခြားပုဂ္ဂိုလ်များ၏ သဘောထားကို တိတိကျကျ သိရန်ခက်ခဲပါကြောင်း၊ ပဋိပက္ခဖြစ်ပွားသည့် နေရာများတွင် လူအများထံမှ သဘောထားအမှန်ကို ပြည့်ပြည့်စုံစုံ သိရှိရန် ခက်ခဲသည်ကို အားလုံးသိနိုင်ပါကြောင်း၊ ထို့ကြောင့် မေးခွန်းနှင့်ပတ်သက်၍ တိတိကျကျဖြေရန် ခက်ခဲပါကြောင်း ဖြေကြားသည်။

တာဝန်ပေါ့လျော့သူ

 

တာဝန်ပေါ့လျော့သူများကို မည်သို့ အရေးယူဆောင်ရွက်မလဲဆိုသည့် မေးခွန်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ရဲချုပ်ဇော်ဝင်းက ဖြစ်စဉ်နှင့် ပတ်သက်၍ ဆောင်ရွက်ချက် ကောင်းမွန်ကြ သည့် စခန်းမှ ဝန်ထမ်းများကို တစ်ဆင့်မြင့် ရာထူးများ ပေးအပ်လိုက်ပြီဖြစ်ပါကြောင်း၊ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အားနည်းချက်များဖြစ်ပေါ်ခဲ့မှု၊ ပြန်လည်ပြုပြင်ရန် လိုအပ်မှုများ ကို ရဲလေ့ကျင့်ရေး အရာရှိချုပ် က စခန်းများအားလုံးသို့ လိုက်လံစစ်ဆေး ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ ပထမအဆင့်အနေဖြင့် လိုအပ်သည့် သင်ခန်းစာများရယူရန် ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း၊ ဒုတိယပိုင်းအနေဖြင့် နိုင်ငံတော်၏လုံခြုံရေး ကျိုးပေါက်အောင်၊ လက်နက်များ ဆုံးရှုံးသွား အောင်၊ တပ်ဖွဲ့ဝင်များ အသက်ဆုံးရှုံး သွားရသည်အထိဖြစ်ရသည့် ပေါ့လျော့မှုဖြင့် တာဝန်ရှိသူ အားလုံးကို စုံစမ်းစစ်ဆေးမှုအပေါ် မူတည်ပြီး အရေးယူမှုကိုလည်း ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဖြေကြားသည်။

အကြမ်းဖက်မှုဖြစ်စဉ်များကို စဉ်ဆက်မပြတ် လေ့လာသုံးသပ်

 

နိုင်ငံတကာအကြမ်းဖက်မှု ဖြစ်စဉ်များတွင် ဓားစာခံဖမ်းဆီးမှုများရှိသည့် အတွက် မြန်မာနိုင်ငံတွင် အလားတူဖြစ်ရပ်မျိုးမဖြစ်စေရန် မည်သို့ ကြိုတင်ကာကွယ် ဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း နှင့် မောင်တောခရိုင်အတွင်းရှိ ဆရာမများအပါအဝင် ဝန်ထမ်းများ ရွှေ့ပြောင်းနေမှုအခြေအနေကို သိလို ကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက မြန်မာ နိုင်ငံအတွင်း အကြမ်းဖက် တိုက်ဖျက်ရေးကို ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေကို ပြဋ္ဌာန်းပြီးဖြစ်ပါကြောင်း၊ ဥပဒေတွင်ပါရှိသည့်လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ရန် အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့ကို နိုင်ငံတော်အဆင့် ဖွဲ့စည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဗဟိုအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်ပြီး အဖွဲ့ဝင် ၃၄ ဦးဖြင့် ဖွဲ့စည်းထားပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင်လည်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာနကို ဖွဲ့စည်းပြီး ဖြစ်ပါကြောင်း၊ ကယ်ဆယ်ရေး၊ ချေမှုန်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်သည့် စုဖွဲ့ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိပါကြောင်း၊ နိုင်ငံတကာတွင် ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှု ဖြစ်စဉ်များကို စဉ်ဆက်မပြတ်လေ့လာသုံးသပ်ပြီး မိမိတို့နိုင်ငံအတွင်း၊ ဒေသအတွင်း ဖြစ်ပေါ် လာနိုင်သည့် အကြမ်းဖက် တိုက်ခိုက်မှုများကို တုံ့ပြန်နိုင်အောင် ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အတွက် လိုအပ်လာမည်ဆိုပါက အကြမ်းဖက်တိုက်ခိုက်မှုများကို တုံ့ပြန်နိုင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ သာမက တပ်မတော်မှ အကြမ်းဖက်တိုက်ဖျက်ရေးအတွက် လေ့ကျင့်ထားသည့် တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရေး စီမံထားပါကြောင်း ဖြေကြားသည်။

သီတင်းကျွတ်ကျောင်းပိတ်ရက်

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပညာရေးဝန်ထမ်းများမှာ အမျိုးသမီးများ ဖြစ်နေပြီး ကလေးငယ်များပါ ပါနေခြင်း၊ သီတင်းကျွတ် ကျောင်းပိတ်ရက်နှင့်လည်း တိုက်ဆိုင်နေခြင်းကြောင့် တပ်မတော်က ရဟတ်ယာဉ်များ ဖြင့် ဘူးသီးတောင် ဒေသကို ပို့ဆောင်ပေးခြင်းဖြစ်ပါကြောင်း၊ နယ်မြေတည်ငြိမ်အေးချမ်းအောင် အမြန်ဆုံးဆောင်ရွက်ပြီးပါက ယင်းဝန်ထမ်းများကို သက်ဆိုင်ရာတာဝန် ရှိသည့်နေရာများတွင် အမြန်ဆုံးပြန်လည် တာဝန်ပေးသွား မည်ဖြစ်ပါကြောင်း၊ ဘူးသီးတောင်၊ မောင်တောဒေသတွင် တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ် အေးချမ်းရေး အပြင် ပုံမှန်ဝန်ထမ်းများ၏ လုပ်ငန်းများ ဆောင်ရွက် နိုင်ရေးကို အထူးဦးစားပေးဆောင်ရွက်နေပါကြောင်း ဖြေကြားသည်။

ဆရာ ဆရာမ ၂၅၄ ဦး အပါအဝင် စုစုပေါင်း ၄၈၂ ဦး ရွှေ့ပြောင်း

 

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဗိုလ်မှူးကြီးဇော်မင်းထွန်းက မောင်တော မြောက်ဘက်အခြမ်း တွင် ရှိသည့် ငါးခူရ၊ တောင်ပြိုဝဲ၊ အောင်ဇူ၊ ရွက်ညိုတောင်မှ ဆရာ ဆရာမ၊ ဝန်ထမ်းများနှင့် ¤င်းတို့၏ မိသားစုဝင်များ၊ သံဃာနှင့် အရပ်သားများကို ဘူးသီးတောင်နှင့် စစ်တွေဘက်သို့ ရွှေ့ပြောင်းပေး ခဲ့ပါကြောင်း၊ ဆရာ ဆရာမ ၂၅၄ ဦး၊ ဝန်ထမ်း ၁၂၂ ဦး၊ မိသားစုဝင် ၆၉ ဦး၊ သံဃာ နှစ်ပါးနှင့် အရပ်သား ၃၅ ဦး စုစုပေါင်း ၄၈၂ ဦးဖြစ်ပါကြောင်း၊ ယင်းဒေသရှိ ဆရာ ဆရာမများသည် သီတင်းကျွတ်ပိတ်ရက်နှင့် တိုက်ဆိုင်ပြီး ကျောင်းများ ပိတ်ထားသည့်အတွက် လတ်တလော အခြေအနေအရ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ အခြေအနေတည်ငြိမ်သွားပါက တာဝန်ကျဒေသများ တွင် ပြန်လည်ပြီး တာဝန် ထမ်းဆောင်မည်ဖြစ်ပါကြောင်း ဖြေကြားသည်။