အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့က တပ်မတော်စစ်ကြောင်း နှင့် ရဲတပ်ဖွဲ့ဝင်များအား တိုက်ခိုက်

Printer-friendly versionSend by email

နေပြည်တော် အောက်တိုဘာ ၁၅

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်၌ လိပ်အိုင်ကျေးရွာသို့ ရောက်ရှိရှင်းလင်းစဉ် ကျေးရွာအတွင်းမှ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ အမျိုးသားတစ်ဦးက လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်ကြပ် သောင်းညိုအား အရိုးအသွား လေးပေခွဲ ခန့်ရှိ ဓားရှည်ဖြင့် လည်းကောင်း၊ ရဲတပ်သား ထက်ဇော်ဦးနှင့် ရဲတပ်သား ခင်စိုးတို့အား အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ အမျိုးသမီး နှစ်ဦးတို့က အရိုးအသွား နှစ်ပေခွဲခန့်ရှိ ဓားချွန်ဖြင့်လည်းကောင်း ထိုး၍ ထွက်ပြေးစဉ် လုံခြုံရေးအဖွဲ့များ က ပစ်ခတ်ဖမ်းဆီးခဲ့သဖြင့် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ အမျိုးသား တစ်ဦး၊ အမျိုးသမီးနှစ်ဦး စုစုပေါင်း သုံးဦးတို့အား အသေဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေ ရှင်းလင်းခြင်းများ ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထို့ပြင် မောင်တောမြို့နယ် ရီဒါး ကျေးရွာတစ်ဝိုက် တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်း ဆောင်ရွက်စဉ် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်၌ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ ကော်လီမူလာ (ဘ) အာဘူ ဟာရှိန်း၊ ကော်မာလူဟူဒါး (ဘ) လော်လီမူလာ၊ နုဒူဟူဒါး (ဘ) ကော်လီမူလာနှင့် ဟာဘူတာရှိန်း (ဘ) ကော်လီမူလာတို့ လေးဦးအား ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသည့် အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ လေးဦးအား ကြိမ်ချောင်းရဲစခန်းသို့ လွှဲပြောင်း ပေးအပ်ပြီး သတင်းဆက်ရရှိရေး စစ်ဆေးမေးမြန်းမှုများ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။