ပြည်သူတွေငြိမ်းချမ်းစွာနေထိုင်နိုင်ဖို့၊ ဝန်ထမ်းတွေ စိတ်ချလက်ချအလုပ်လုပ်နိုင်ဖို့ အရေးပါတဲ့နေရာတွေမှာ ပြည့်ပြည့်ဝဝဆောင်ရွက်နေ

Printer-friendly versionSend by email

ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များအတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်စပ်လျဉ်းပြီး ပြည်ထောင်စုဝန်ကြီးများ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောက်တို ဘာ ၁၁ ရက်မှ ၁၄ ရက်အထိ ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်မြို့ တို့မှ ဆရာတော်ကြီးများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ အစ္စလာမ် ဘာသာဝင်များ၊ စစ်တွေမြို့နယ်ရှိ နိုင်ငံရေးပါတီများနှင့် လူမှုကွန်ရက်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု

ပြီးခဲ့တဲ့ ဖြစ်သွားတဲ့ညမှာတော့ လုံခြုံရေးဆောင်ရွက်တဲ့ တာဝန်ယူတဲ့ သူတွေအနေနဲ့ လုံခြုံရေး ဆောင်ရွက်တဲ့အပေါ်မှာ အားနည်းချက်ရှိကောင်း ရှိနိုင်တယ်။ ဒီအပေါ်မှာ တစ်ဖက်က အခွင့်ကောင်း ယူပြီးတော့ လုံခြုံရေးကို ချိုးဖောက်လိုက်တဲ့ အနေအထားမျိုးဖြစ်သွားတယ်။ လက်ရှိအနေအထား မှာတော့ လုံခြုံရေးကို တတ်နိုင်သလောက် ပြည့်ပြည့်စုံစုံလုပ်ထားနိုင်တဲ့အနေအထား ရှိပါတယ်။ နယ်ခြားဒေသ ဖြစ်တဲ့အတွက် လုံခြုံရေးကို ပြည့်ပြည့်ဝဝလုပ်ထားပြီး ဖြစ်တဲ့အတွက် ချက်ချင်း တုံ့ပြန်မှုတွေလုပ်ပြီး လုံခြုံရေးကို ပြန်လည်တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ပျက်သွားတဲ့ အပေါ်မှာ ပြည်သူတွေအနေနဲ့ စိုးရိမ်ကြောင့်ကြမှု တော်တော်များများဖြစ်သွားတယ်။ အဲဒီနေရာတင် မဟုတ်ဘူး၊ ပြည်နယ် အနေအထား နဲ့ပါ စိုးရိမ်မှုတွေဖြစ်လာတယ်ဆိုပေမယ့် ကျွန်တော် တို့အနေနဲ့ ဖြစ်ပွားပြီးနောက်ပိုင်းမှာ လုံခြုံရေးကို နယ်စပ်မှာရော၊ အခြားမြို့နယ် တွေမှာပါ ဦးစားပေး ဆောင်ရွက် နေတာဖြစ်တယ်။ ပြည်နယ် အစိုးရတင် မကဘူး။ ပြည်ထောင်စုအစိုးရ ကပါ ဆောင်ရွက်ထားတယ်။ လုံခြုံရေးဆောင်ရွက်တဲ့ အခါမှာလည်း တပ်မတော်၊ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေး၊ ဌာနဆိုင်ရာတွေ ပေါင်းစပ်ပြီး ဆောင်ရွက်နေတယ်။ လိုအပ်တဲ့ နေရာတွေမှာလည်း လိုအပ်သလို ဖြည့်ဆည်း ဆောင်ရွက်ပေးနေတာတွေရှိတယ်။ ပြည်သူတွေ ငြိမ်းချမ်းစွာနေထိုင်နိုင်ဖို့၊ ဝန်ထမ်းတွေစိတ်ချလက်ချ အလုပ်လုပ်နိုင်ဖို့ အရေးပါတဲ့နေရာတွေမှာ ပြည့်ပြည့်ဝဝ ဆောင်ရွက်နေတယ်။ ပြည်နယ်ဖွံ့ဖြိုးရေး ကိုလည်း ဆက်လက် ဆောင်ရွက်သွားပါမယ်။

 

ဦးသန်းရွှေ(မြို့မိမြို့ဖ၊ စစ်တွေမြို့)

မောင်တောဘက်မှာ ရခိုင်တိုင်းရင်းသားဒေသခံ လူဦးရေက တော်တော်နည်းတယ်။ အကြမ်းဖက်မှု တွေကြောင့် တောင်ယာလုပ်တဲ့ ဒေသခံတွေလည်း မလုပ်နိုင်တဲ့ အခြေအနေရောက်နေတယ်။ အခုအကြမ်းဖက်မှုကြောင့် ဒေသခံတွေအနေနဲ့ မလုံခြုံတော့ဘူးလို့ ခံစားလာရတယ်။ အခု အကြမ်းဖက် မှုမှာ အစိုးရကတော့ ဥပဒေနဲ့အညီ ဆုံးဖြတ်မယ်လို့သိရတယ်။ဒါလည်း သဘာဝကျပါတယ်။ ရခိုင်မှာက ယုံကြည်မှုက အဓိကလိုအပ်နေတယ်။ ယုံကြည်မှုမရှိရင်တော့ ဘာမှမဖြစ်နိုင်ဘူး။ အခုဖြစ်စဉ်က မောင်တောဘက်မှာနေတဲ့ ကိုယ့်တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေအတွက်တော့ စိုးရိမ်တယ်။ နိုင်ငံအတွက် တာဝန်ထမ်းဆောင်ရင်း ကျဆုံး၊ ဒဏ်ရာရသွားတဲ့သူတွေအတွက်လည်း ထိုက်ထိုက် တန်တန်လေး လုပ်ပေးစေချင်တယ်။ ဒါမှ မောင်တောလို နေရာမျိုးတွေမှာ တာဝန်ထမ်းဆောင်ချင်တဲ့ ဝန်ထမ်းကောင်းတွေ ပေါ်လာမှာပေါ့။ အကြမ်းဖက် သူတွေနဲ့ပတ်သက်ပြီး တရားစီရင်တဲ့အခါမှ ပြည်သူကို ပွင့်ပွင့်လင်းလင်း ချပြစေချင်တယ်။

 

 

ဦသာထွန်းလှ (ဗဟိုအလုပ်အမှုဆောင်၊ ရခိုင်အမျိုးသားပါတီ)

မောင်တောခရိုင်မှာ အကြမ်းဖက်မှုက ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါး စော်ကားတယ်လို့ မြင်တယ်။ပြည်ထောင်စု အစိုးရက အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်ကြောင်း ရှင်းပြပေမယ့် ကိုယ်တိုင် မမြင်ရတဲ့အတွက် ကျေနပ်မှုရှိတယ်၊ မရှိဘူးဆိုတာ ပြောလို့မရသေးဘူး။

 

ဦးအောင်ပန်းသာ(ပြည်နယ်အလုပ်အမှုဆောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

အခုဖြစ်သွားတဲ့ အကြမ်းဖက်မှုအပေါ် နှစ်ပိုင်းမြင်တယ်။ တစ်ဖက်က လုံခြုံရေးလျော့ရဲတာတစ်မျိုး၊ နောက်တစ်ခုက အကြမ်းဖက်တဲ့သူတွေမှာ အကြံအစည်တွေရှိတယ်။ အခုဖြစ်တာက ရိုးရိုးတန်းတန်း မဟုတ်ဘူး။ အစီအစဉ်ရှိရှိ လုပ်သွားတာ။ ဆုံးရှုံးသွားတဲ့လက်နက်တွေ ပြန်ရအောင်လုပ်ရမယ်။ လုံခြုံရေး ကို စနစ်တကျလုပ်မှသာ ပြည်သူတွေကြောက်လန့်မှု၊ စိုးရိမ်ထိတ်လန့်မှုကနေ ပြေပျောက်နိုင်မှာဖြစ်တယ်။ ပထမဆုံး လုံခြုံရေးကိုလုပ်ရမယ်။ နှစ်ဖက် လူ့အဖွဲ့အစည်းကိုလည်း အစွန်းမလွတ်အောင် အစိုးရအနေနဲ့ ကိုင်တွယ်ရမယ်။

 

ဦးရွှေလှ(အောင်မင်္ဂလာရပ်ကွက်၊ စစ်တွေမြို့)

အခုအကြမ်းဖက်မှုဖြစ်စဉ်အပေါ်မှာ လုံးဝလက်မခံနိုင်ပါဘူး။ ရဲတပ်ဖွဲ့ဆိုတာ ကျွန်တော်တို့ကို စောင့်ရှောက်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်။ အခုလုပ်ရပ်ကို ကန့်ကွက်တယ်။ အကြမ်းဖက်တဲ့ သူတွေကို ထိရောက်စွာ အရေးယူပေးစေချင်တယ်။ မောင်တောက ကျွန်တော်တို့နဲ့ဝေးတော့ အကြမ်းဖက်တဲ့သူတွေက အခြား အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်မှု ရှိ၊ မရှိ မသိနိုင်ဘူး။ အောင်မင်္ဂလာရပ်ကွက်မှာတော့ လူစိမ်းအဝင်အထွက် လုံးဝမရှိဘူး။ လူစိမ်းလည်းလက်မခံဘူး။ သက်ဆိုင်ရာကိုလည်း ကတိပေးထားတယ်။

 

ဦးတင်မောင် (ဥဒေါင်းကျေးရွာ၊ မောင်တော)

ဒီဖြစ်စဉ်ကြောင့် မိသားစုတွေ အပြင်မထွက်ရဲဘူး။ အလုပ်အကိုင်တွေ ပျက်ရတယ်။ စားဖို့လည်း အခက်အခဲရှိတယ်။ အခြေအနေတွေက ပေါက်ကွဲနိုင်တဲ့ သဘောမှာရှိတယ်။ မောင်တောမြို့နယ်မှာက တိုင်းရင်းသားလူဦးရေက ဘာမှမရှိဘူး။ လုံခြုံရေးကို အပြည့်အဝပေးစေချင်တယ်။ ဒါမှ အေးချမ်းစွာ နေလို့ရမှာပါ။

 

ကိုမင်းမင်း (မောင်တောမြို့ဒေသခံ)

အကြမ်းဖက်မှုဖြစ်ပြီး မောင်တောမြို့ရဲ့အခြေအနေက စိုးရိမ်ရတဲ့အခြေအနေ ရောက်နေတယ်။ ကြားရ မြင်ရတာတွေက စိုးရိမ်နေရတယ်။ မောင်တောမြို့မှာက အခုရက်ပိုင်းမှာ တိုင်းရင်းသား ဈေးဆိုင်ခန်း တွေပဲ မနက်ပိုင်းဖွင့်ကြတယ်။ စာသင်ကျောင်းတွေက ပြဿနာဖြစ်တဲ့နေ့ကစပြီး ပိတ်ထားတယ်။ ဆရာ ဆရာမတွေကတော့ သူတို့ဒေသကိုပြန်ရောက်သွားတဲ့ သူတွေလည်းရှိတယ်။ ကျန်နေသေးတဲ့ ဆရာ ဆရာမတွေလည်း ရှိနေသေးတယ်လို့ သိရတယ်။ အစိုးရကတော့ အကြမ်းဖက်မှု ဖြစ်ဖြစ်ချင်း လုံခြုံရေး အစီအမံတွေ ချက်ချင်းဆောင်ရွက်နေတာကို တွေ့ရတယ်။

 

ကိုကျော်ကျော်ဦး (မြို့မအနောက်ရပ်ကွက်၊ မောင်တောမြို့)

အခုအကြမ်းဖက်မှုမှာ မောင်တောမြို့သူမြို့သားတွေ အားလုံးက စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေတယ်။ အခု မထင်မှတ်ဘဲ ဖြစ်လာတဲ့ကိစ္စက အရင်ပြီး သွားတဲ့ကိစ္စထက် ဆိုးဆိုးရွားရွားဖြစ်တယ်ဆိုတော့ အားလုံးက စိုးရိမ်ထိတ်လန့်တဲ့ အနေအထားမှာရှိနေတယ်။ အခုပြဿနာဖြစ်ပြီး သုံးရက်အတွင်း မှာကို မြို့နယ် လူထုရဲ့ စိုးရိမ်ပူပန်မှုက ပိုများလာပြီး စိတ်ချရတဲ့နေရာတွေကို ပြောင်းရွှေ့နေကြရတယ်။ ပြည်သူတွေရဲ့ စိုးရိမ်ထိတ်လန့်မှုကို လျော့ပါးအောင် ပြည်ထောင်စုဝန်ကြီးတွေကတော့ လုပ်နိုင်တဲ့အပိုင်းတွေကို ပြောကြားသွားကြတယ်။ နောက်ထပ်ပြဿနာတွေက ဘယ်လိုပုံစံမျိုးနဲ့ ထပ်ဖြစ်လာမလဲဆိုတာ ကိုတော့ ဒေသခံတွေ စိုးရိမ်နေတယ်။ ပြီးခဲ့တဲ့ပြဿနာက လက်နက်မပါဘူး။ အခု လက်နက်ပါလာတယ်။ ဒါကြောင့် လုံခြုံရေးကို တိုးမြှင့်ချထားပေးစေချင်တယ်။ ဖြစ်ရတဲ့ ပြဿနာ တွေက အများကြီးပဲ။ ဘာသာရေး အစွန်းရောက် တာတွေနဲ့လည်း ဆိုင်တယ်။ ပြီးခဲ့တဲ့ ဖြစ်ခဲ့တဲ့ ပြဿနာတွေနဲ့လည်း သက်ဆိုင်နေတယ်။ အဓိက ပြောချင်တာက လုံခြုံရေးပါ။ နောက်ဝန်ထမ်းတွေက ဝေးလံသီခေါင်တဲ့နေရာတွေမှာ တာဝန် ထမ်းဆောင်နေရတယ်။ အဓိကက ဆရာ ဆရာမတွေပေါ့။ အရင်တုန်းကတော့ ဆရာ ဆရာမတွေ လုံခြုံရေးကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က လိုက်ပေးတယ်။ ဆရာ ဆရာမတွေ သူတို့တွေရဲ့နေရပ်ပြန်ပို့ ပေးနိုင်ဖို့က အရေးကြီးနေတယ်။

 

ဦးအိစ်မိုလ် (မြို့သူကြီးရွာ၊ မောင်တော)

အခု အကြမ်းဖက်မှုဖြစ်စဉ်အပေါ် စိတ်မကောင်းဘူး။ ဝမ်းလည်းနည်းတယ်။ ဒီကိစ္စက မလုပ်သင့်ပါဘူး။ ဒါနိုင်ငံတော်ကို ပုန်ကန်တာပါ။ ဥပဒေအရ ထိထိရောက်ရောက် အရေးယူပေးစေချင် တယ်။ လက်ရှိ မောင်တောမြို့ရဲ့ အနေအထားက သွားရေးလာရေးအခက်အခဲရှိတယ်။ ဈေးဆိုင်တွေ၊ ကျောင်းတွေလည်း ပိတ်ထားတယ်။ ကျွန်တော်တို့အနေနဲ့ ကောင်းကောင်းမွန်မွန်နဲ့ နေထိုင်စားသောက်ချင်ပါတယ်။

 

ဦးဇော်ဝင်း (ဘူးသီးတောင်ဒေသခံ)

အကြမ်းဖက်လုပ်ရပ်၊ ဒါ့အပြင် အချုပ်အခြာအာဏာ အမျိုးသားလုံခြုံရေးကို ထိပါးပြီး နယ်မြေလု ကျူးကျော်တဲ့စစ်ပွဲလို့မြင်တယ်။ ဒါကို တာဝန်ရှိသူတွေ အနေနဲ့ ဘယ်လိုကာကွယ်မလဲ။ ဒါက အရေးကြီးပါတယ်။ လုံခြုံရေးအင်အားကို တိုးမြှင့်ပေးစေချင်ပါတယ်။ ဒီမှာရှိတဲ့ လူဦးရေနဲ့ လုံခြုံရေး တာဝန် ထမ်းဆောင် နေတဲ့သူတွေရဲ့လူဦးရေက မမျှမတဖြစ်နေတယ်။ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေ ကိုင်ဆောင်တဲ့ သေနတ်တွေကလည်း ခေတ်မမီဘူး။ သေနတ်တွေက ကိုယ်စီကိုယ်ငတောင် မကိုင်နိုင်ဘူး။ ခေတ်မီ လက်နက်တွေ တပ်ဆင်ပြီး လုံခြုံရေးအင်အားကို တိုးမြှင့်ရပါလိမ့်မယ်။ အဲဒါက ဒီဒေသရဲ့လုံခြုံရေးအတွက် အရေးကြီးပါတယ်။ မောင်တောနဲ့ ဘူးသီးတောင်ဆိုတာ တစ်ဆက်တည်းဖြစ်နေတယ်။ မောင်တော ဖြစ်တာနဲ့ ဘူးသီးတောင်လည်း ရိုက်ခတ်မှုရှိတာပဲ။ ဒီပြဿနာတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းဖို့တော့ လိုတယ်။

 

ဒေါက်တာဘော့ရှေရ့် (ဘူးသီးတောင်မြို့နယ်)

ဘေးစကားတွေ၊ ကောလာဟလတွေ၊ သွေးထိုးလှုံ့ဆော်မှုတွေ၊ မဟုတ်မမှန် ရေးသားချက်တွေကို မယုံဖို့၊ နားမယောင်ဖို့ ပြောထားတယ်။ တစ်ခုခုဖြစ်တယ်ဆိုရင် အားလုံးညှိနှိုင်းပြီး သေချာလေ့လာ စုံစမ်း စိစစ်ပြီး လုပ်မယ်ဆိုရင် ဘာပြဿနာမှ မဖြစ်နိုင်ဘူး။ နိုင်ငံတော်ရဲ့ လုံခြုံရေးတာဝန် ထမ်းဆောင် သူတွေ၊ ပြည်သူကို စောင့်ရှောက်နေတဲ့သူတွေကို တိုက်ခိုက်သွားတယ်ဆိုတာ မဖြစ်သင့်တဲ့ကိစ္စပါ။ ဒါဟာ နိုင်ငံတော်အချုပ် အခြာအာဏာကို ထိပါးတဲ့ကိစ္စလည်း ဖြစ်တယ်။ မဆိုင်တဲ့သူတွေမပါဘဲ ပြစ်မှုကျူးလွန်သူတွေကို ထိထိ ရောက်ရောက် အရေးယူဆောင်ရွက်သင့်တယ်လို့ ပြောချင်ပါတယ်။