တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများမှ လှူဒါန်းသည့် ထောက်ပံ့ ပစ္စည်းများ မောင်တောဒေသရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ပို့ဆောင်

Printer-friendly versionSend by email

နေပြည်တော် အောက်တိုဘာ ၁၄

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက် စီးနင်းတိုက်ခိုက်မှုများကြောင့် တောင်ပြိုဝဲကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူ များအား ယနေ့တွင် တပ်မတော်မှ ရဟတ်ယာဉ်များဖြင့် တောင်ပြိုဝဲကျေးရွာမှ တည်ငြိမ်အေးချမ်းသည့် နေရာများသို့ ထပ်မံပို့ဆောင်ပေးခဲ့သည်။

 

ထိုသို့ ပို့ဆောင်ရာတွင် ပညာရေး ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန ဝန်ထမ်းများ၊ မြေစာရင်းဝန်ထမ်းများ၊ သစ်တော ဝန်ထမ်းများ၊ INGO ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စုစုပေါင်း ၁၁၅ ဦးကို စစ်တွေမြို့နှင့် ဘူးသီးတောင်မြို့များသို့ တပ်မတော် ရဟတ်ယာဉ် နှစ် စင်းဖြင့် လေးခေါက်ပို့ဆောင်ပေးခဲ့သည်။

 

ထို့ပြင် ဒေသခံတိုင်းရင်းသားပြည်သူများအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်းသည့် ဘီစကွတ် ၉၅ ဖာ၊ စည်သွပ်ဘူး ၅၄ ဖာ၊ အချိုရည်ကတ် ၃ဝဝ နှင့် မာမီး ခေါက်ဆွဲ ၅ဝ၄ ဖာအား ယမန်နေ့ နံနက် ၉ နာရီ ၂၅ မိနစ်တွင် တပ်မတော် (လေ)လေယာဉ်ဖြင့် မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်မှ စစ်တွေမြို့ သို့ ပို့ဆောင်ပေးရာ နံနက် ၁ဝ နာရီ မိနစ် ၅ဝ တွင် စစ်တွေမြို့သို့ ရောက်ရှိပြီး မွန်းလွဲပိုင်းတွင် မောင်တောမြို့နယ် ကျီးကန်းပြင်ကျေးရွာသို့ တပ်မတော် ရဟတ်ယာဉ် နှစ်စင်းဖြင့် နှစ်ခေါက် ပို့ဆောင်ပေးခဲ့သည်။ အဆိုပါ စားသောက်ဖွယ်ရာများအား တပ်မတော် စစ်ကြောင်းများမှ တာဝန်ရှိသူများက ဒေသခံပြည်သူများထံ ဆက်လက်ပေးအပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။