မောင်တောမြို့နယ်အတွင်းရှိ ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်၊ ဒေသခံပြည်သူများအား တည်ငြိမ်အေးချမ်းသည့် နေရာများသို့ တပ်မတော်မှ ရဟတ်ယာဉ်များဖြင့် ပို့ဆောင်

Printer-friendly versionSend by email

နေပြည်တော်၊ အောက်တိုဘာ ၁၃

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုဖြစ်စဉ်များ ကြောင့် မောင်တောမြို့နယ်၊ တောင်ပြိုဝဲကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ယနေ့တွင် တပ်မတော်မှ ရဟတ်ယာဉ်များဖြင့် တည်ငြိမ်အေးချမ်းသည့် နေရာများသို့ ပို့ဆောင်ပေးလျက်ရှိသည်။

ထိုသို့ပို့ဆောင်ရာတွင် တပ်မတော်မှ ရဟတ်ယာဉ် ၂ စီးဖြင့် ၆ ခေါက်ပို့ဆောင်ပေးခဲ့ရာ သံဃာတော် ၁ ပါး၊ ဆရာ/ဆရာမ ၁၁၄ ဦး၊ ဌာနဆိုင်ရာဝန်ထမ်း ၅၀ ဦးနှင့် ဒေသခံပြည်သူ ၁၆ ဦး၊ စုစုပေါင်း ၁၈၁ ဦးတို့အား ဘူးသီးတောင်မြို့သို့ ပို့ဆောင်ပေးခဲ့သည်။ ၎င်းတို့အနက် ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူ ၂၇ ဦးကို ရဟတ်ယာဉ် ၁ စီးဖြင့် ဘူးသီးတောင်မြို့မှ စစ်တွေမြို့သို့ ထပ်မံပို့ဆောင်ပေးနိုင်ခဲ့သည်။

တပ်မတော်အနေဖြင့် နိုင်ငံတော်လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး လုပ်ငန်း များနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ခြင်းတို့အား အလေးထား လုပ်ဆောင်လျက်ရှိရာ ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူလူထု၏ လိုအပ်ချက်များကိုလည်း အတတ်နိုင်ဆုံး ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။