အကြမ်းဖက်တိုက်ခိုက်ခံရသည့် ဖြစ်ရပ်အပေါ် သင်ခန်းစာယူပြီး ပိုမိုစိတ်ချကောင်းမွန်သည့် အစီအစဉ် များ ဆောင်ရွက်

Printer-friendly versionSend by email

စစ်တွေ အောက်တိုဘာ ၁၃

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဦးသိန်းဆွေ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့်အဖွဲ့သည် အောက်တိုဘာ ၉ ရက်က အကြမ်းဖက်စီးနင်းတိုက်ခိုက်ခံခဲ့ရသည့် မောင်တောမြို့နယ် ကျီးကန်းပြင် ကွပ်ကဲမှုဌာနချုပ်မှ ဝန်ထမ်းများ၊ မိသားစုများအား ယနေ့နံနက်ပိုင်းတွင် သွားရောက် တွေ့ဆုံအားပေး ပြီး ကျဆုံးတပ်ဖွဲ့ဝင်များအတွက် ၎င်းတို့၏ မိသားစုဝင်များအား ထောက်ပံ့ငွေများ ပေးအပ်သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က နိုင်ငံတော်အတွက် အသက်ပေးလှူသွားသည့် တပ်ဖွဲ့ဝင် များအတွက် စိတ်မကောင်းဖြစ်မိပါကြောင်း၊ အဆိုပါ ကျဆုံး၊ ဒဏ်ရာရ တပ်ဖွဲ့ဝင်များ၏ မိသားစု များအား အားပေးစကားပြောကြားလို၍ ယခုကဲ့သို့ ရောက်ရှိလာခြင်းဖြစ်ပါကြောင်း၊ သက်စွန့်ကြိုးပမ်း ထမ်းဆောင်ခဲ့သည့် နိုင်ငံ့ဝန်ထမ်းများကို လေးစားတန်ဖိုးထားပါကြောင်းနှင့် ထပ်တူဝမ်းနည်းရပါ ကြောင်း၊ ဤစခန်း၌ တာဝန်ထမ်းဆောင်နေကြသူများသည် နိုင်ငံ၏ နယ်နိမိတ်ကို ကာကွယ် စောင့်ရှောက်နေသူများ ဖြစ်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ယခုဖြစ်ရပ်အပေါ် သင်ခန်းစာယူပြီး နောင်တွင် ပိုမိုစိတ်ချ ကောင်းမွန်သည့် အစီအစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရုပ်ဝတ္ထုပစ္စည်းများ ဖြည့်တင်း ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ခွန်အားပြည့်အောင် ထောက်ပံ့ကူညီခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရန်သူကို အပြီးအပိုင်ချေမှုန်း သွားမည်ဖြစ်ကြောင်း၊ ဤစခန်းရှိ တပ်ဖွဲ့ဝင်များ၊ အိမ်ထောင်သည်များ အနေဖြင့် တပ်မတော်နှင့်ပူးပေါင်းပြီး ရန်သူကို အမြစ်ပြတ်ချေမှုန်းရန် ခွန်သစ်အားသစ်ဖြင့် ရှိစေလို ကြောင်း ပြောကြားသည်။

ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ယခုဖြစ်စဉ်နှင့်ပတ်သက်၍ စိတ်ဓာတ် ကျဆင်းခြင်း၊ ဝမ်းနည်းပူဆွေး ခြင်း ဖြစ်ရန် မလိုကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ဤစခန်းရှိ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ ကလေးများ၏ လိုအပ်ချက်များကို မေးမြန်းပြီး ဖြည့်ဆည်း ဆောင်ရွက်ပေးရန် မှာကြား ထားပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးများက ကျဆုံး၊ ဒဏ်ရာရတပ်ဖွဲ့ဝင်များအား ရေရှည် အကျိုးခံစားခွင့်ရရှိရေး ဆက်လက်ဆောင်ရွက်ပေးရန် စီစဉ်ထားမှု၊ ဒဏ်ရာရဝန်ထမ်းများအား အကောင်းဆုံး ဆေးကုသပေး လျက်ရှိမှု၊ မပြတ်လေ့ကျင့်နေပြီး လုံခြုံရေး သတိဖြင့်နေထိုင်ရန် လိုအပ်မှုနှင့် စိတ်ခွန်အားအပြည့်ဖြင့် အနာဂတ်တွင် ဆက်လက်ဆောင်ရွက်သွားရန် ရှင်းလင်းပြောကြားခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးများက အောက်တိုဘာ ၉ ရက်ဖြစ်စဉ်တွင် ကျဆုံး၊ ဒဏ်ရာရရှိသည့်တပ်ဖွဲ့ဝင်များအတွက် ၎င်းတို့၏ မိသားစုဝင်များအား ထောက်ပံ့ ငွေများ ပေးအပ်ခဲ့သည်။

ယနေ့တွင် ကျဆုံးတပ်ဖွဲ့ဝင် ကိုးဦးအတွက် ငွေကျပ် ၂၅၈ ဒသမ ၇၅ သိန်း၊ ဒဏ်ရာရတပ်ဖွဲ့ဝင် ငါးဦး အတွက် ငွေကျပ် ၇၂ ဒသမ ၅ သိန်း စုစုပေါင်း ၃၃၁ ဒသမ ၂၅ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနား အပြီးတွင် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် တပ်ဖွဲ့ဝင်များ၊ မိသားစုများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် ဌာနချုပ်အတွင်း လှည့်လည် ကြည့်ရှုလေ့လာ ခဲ့ကြသည်။