ပြည်ထောင်စုဝန်ကြီးများနှင့် မောင်တောမြို့ရှိ ဒေသခံများ၊ ဌာနဆိုင်ရာဝန်ထမ်းများ တွေ့ဆုံ

Printer-friendly versionSend by email

စိုးရိမ်ပူပန်ကြောင့်ကြမှု မရှိရေး၊ တရားဝင်ထုတ်ပြန်သော သတင်းများကိုသာ ယုံကြည်လက်ခံကြရန် ပြောကြား

မောင်တော အောက်တိုဘာ ၁၂

စစ်တွေမြို့သို့ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ ဗိုလ်ချုပ်သန်းထွဋ်၊ ဦးခင်မောင်တင်နှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့မှ အမြန်ရေယာဉ်ဖြင့် ထွက်ခွာရာ ညနေ ၃ နာရီခန့်တွင် ဘူးသီးတောင်မြို့သို့ရောက်ရှိပြီး မော်တော် ယာဉ် များဖြင့် ဆက်လက်ထွက်ခွာရာ မောင်တောမြို့သို့ ညနေ ၃ နာရီ ၄၅ မိနစ်တွင် ရောက်ရှိကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်စိုး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး၊ ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းတို့နှင့်အတူ မောင်တောခရိုင်ရှိ မြို့မိမြို့ဖများ၊ ဒေသခံများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မောင်တောမြို့ သီရိရတနာခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဦးသိန်းဆွေနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု တို့က ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေမှု၊ လိုအပ်သည်ထက်ပိုပြီး စိုးရိမ်ပူပန် ကြောင့်ကြမှု မရှိရေး၊ တရားဝင်ထုတ်ပြန်သော သတင်းများကိုသာ ယုံကြည်လက်ခံကြရန်နှင့် တရားမဝင် ဖြန့်ချိသော သတင်းများကို မယုံကြည်လက်မခံရန်၊ လိုသည်ထက်ပိုမို တုံ့ပြန်ခြင်း မပြု လုပ်ရန်၊ ပြည်ထောင်စု အစိုးရ အဖွဲ့သည် ပြည်သူများနှင့်အတူရှိပြီး အဆင့်လိုက် ရေတို၊ ရေလတ်၊ ရေရှည် စီမံချက်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ခိုင်မာသည့် အစီအစဉ်များကို ရေးဆွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လတ်တလောတွင် ရာသီဥတု အခြေအနေအရ စုဖွဲ့ပြင်ဆင်နေမှုကို အသင့်အတင့် အချိန်ယူဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ယခုဖြစ်စဉ်အပေါ် သင်ခန်းစာယူပြီး ယခုထက် ပိုမိုကောင်းမွန်သည့် အခြေအနေကို ဖန်တီးသွားမည်ဖြစ်ကြောင်း၊ အသက်ဆုံးရှုံးသွားသည့် ရဲတပ်ဖွဲ့ဝင် များ၏ မိသားစုများအား ကူညီထောက်ပံ့ပြီး လိုအပ်သည့် အားပေးကူညီမှုများ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် မောင်တောမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းဖြူက မောင်တော ဒေသ၏ တရားဥပဒေစိုးမိုးရေး အားနည်းနေမှုများ၊ ဌာနေတိုင်းရင်းသားများ၏ စားဝတ်နေရေး ဖြေရှင်းပေးရေးနှင့် အသက်အိုးအိမ်လုံခြုံမှုရှိရေး၊ နိုင်ငံတော်၏ အချုပ်အခြာ အာဏာတည်တံ့ ခိုင်မြဲရေးအတွက် လုံခြုံရေး ဆိုင်ရာ လိုအပ်သည့်အချက်များကို ဆွေးနွေးတင်ပြသည်။

ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ဦးက ဆရာ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများအား ကူညီရေး၊ လုံခြုံရေးအပြည့်အဝ ဆောင်ရွက်ပေးရေး၊ ကျေးရွာနေပြည်သူများ၏ စားဝတ်နေရေး အတွက် ကူညီပေးရေးတို့ကို ဆွေးနွေးတင်ပြသည်။

ဒေသခံပြည်သူတစ်ဦးဖြစ်သည့် ဦးကျော်ကျော်ဦးက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သည့် အကြမ်းဖက် သမားများအား ဖော်ထုတ်ရေး၊ နယ်မြေလုံခြုံရေးအတွက် ဆောင်ရွက်လိုသည်များ၊ ယခုကိစ္စသည် ပုန်ကန်မှု ဖြစ်ကြောင်း စသည်ဖြင့် ဆွေးနွေးတင်ပြသည်။

ဒေသခံပြည်သူ ဦးထွန်းအေးသိန်းက ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ကိုင်တွယ်ရာတွင် ပြတ်ပြတ် သားသား လုပ်ဆောင်စေလိုမှု၊ တစ်လင်တစ်မယားဥပဒေကို အပြည့်အဝ အကောင်အထည်ဖော်စေလိုမှု၊ တည်ငြိမ်မှုမရှိပါက ဒေသမဖွံ့ဖြိုး မတိုးတက်နိုင်မှုတို့ကို ဆွေးနွေးတင်ပြသည်။

ဒေသခံ ဦးထွန်းကိုက လုံခြုံရေးကို ထိထိရောက်ရောက် ဆောင်ရွက်ပေးစေလိုမှုနှင့် ပြည်သူ့စစ် ဖွဲ့စည်းပြီး လက်နက်များ တပ်ဆင်ပေးစေလိုမှုတို့ကို ဆွေးနွေးတင်ပြသည်။

ဒေသခံ ဦးညိုက စားနပ်ရိက္ခာများ ထောက်ပံ့ပေးနိုင်ရေး ဆွေးနွေးတင်ပြသည်။

ယင်းနောက် တိုင်းမှူးဗိုလ်ချုပ် မောင်မောင်စိုးက ပြည်သူများ၏ စိုးရိမ်ပူပန်မှုကို ကာကွယ်ပေးရန်၊ နယ်မြေလုံခြုံရေးနှင့် ကာကွယ်ရေးအတွက် မိမိတို့ မောင်တောဒေသသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း၊ နယ်မြေအနှံ့ရှိ ဆရာဆရာမများအား လုံခြုံသည့်နေရာတွင် စုစည်းထားပြီး ကယ်ဆယ်ရွှေ့ပြောင်းရေး အတွက် ဆောင်ရွက်နေကြောင်း၊ ကျေးရွာနေပြည်သူများ၏ လတ်တလော စားဝတ်နေရေး အခက်အခဲ အတွက် တပ်မတော်အကြီးအကဲများထံ တင်ပြပြီး ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏အရေးသည် မိမိတို့၏အရေးသာဖြစ်သည်ဟုခံယူပြီး ဥပဒေနှင့်အညီ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မလိုလားအပ်သည့် ဝါဒဖြန့်ချိမှုများကို မယုံကြည်ရန်နှင့် မိမိတို့နှင့် ပူးပေါင်းပြီး ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက တည်ငြိမ်အေးချမ်းရေးအတွက် မြို့ရွာ လုံခြုံရေး ဆောင်ရွက်ခြင်း၊ တပ်ဌာနချုပ်များ လုံခြုံရေးဆောင်ရွက်ခြင်း၊ တပ်၊ ရဲအင်အားများကို ယခင်ကထက် အင်အားပိုမိုဖြည့်တင်းခြင်း ဆောင်ရွက်နေကြောင်း၊ အင်အားတိုးဖြည့်တင်းရာတွင် ရဟတ်ယာဉ်များကိုပါ အသုံးပြုပြီး ရွှေ့ပြောင်းဆောင်ရွက်နေကြောင်း။ ဆက်သွယ်ရေးလမ်းကြောင်း ပြတ်တောက် မသွားစေရန် ကျေးရွာအဆင့်ထိ လမ်းကြောင်းလုံခြုံရေးကို တိုးမြှင့်ဆောင်ရွက် နေကြောင်း၊ ဝန်ထမ်းများ၏ လုံခြုံရေးကို ဆောင်ရွက်ပေးထားကြောင်း၊ ဝေးလံသော ဒေသရှိ ဝန်ထမ်း များကို လုံခြုံရေး ရှိသည့်နေရာသို့ စုစည်းထားကြောင်း၊ ရာသီဥတုကောင်းမွန်ပါက ၎င်းတို့အား ရဟတ်ယာဉ်များဖြင့် သယ်ယူ ရွှေ့ပြောင်းပေးသွားမည်ဖြစ်ကြောင်း၊ တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ပါဆုံးသွားသည့် လက်နက်များ ပြန်လည်ရှာဖွေခြင်း၊ သိုဝှက်ထားသည့် လက်နက်များဖော်ထုတ် သိမ်းဆည်းခြင်း ဆောင်ရွက်နေကြောင်း၊ အကြမ်းဖက် စီးနင်းတိုက်ခိုက် သူများအား ဆက်လက်ဖမ်းဆီးရမိ ကြောင်း၊ မိမိအနေဖြင့် ကျီးကန်းပြင်တွင် အခြေပြုပြီး အလားတူ ထပ်မံမဖြစ်ပေါ်စေရန် လေ့လာသုံးသပ် ပြုပြင်ဆောင်ရွက်နေကြောင်း ဆွေးနွေးပြောကြားသည်။

ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြည်သူ့စစ်ဖွဲ့စည်းရေး၊ လက်နက်တပ်ဆင်ရေးမှာ မူဝါဒဆိုင်ရာ လုပ်ငန်းဖြစ်သည့်အတွက် ဆက်လက်တင်ပြပေးသွားမည်ဖြစ်ကြောင်း၊ ဒေသခံများအနေဖြင့် ဒေသန္တရ ရဲတပ်ဖွဲ့ဝင်များအား ဖိတ်ခေါ်ဖွဲ့စည်းနေသည်ဟု သိရှိရသည့်အတွက် စိတ်ဝင်စားပါက ဒေသန္တရ ရဲတပ်ဖွဲ့သို့ဝင်ရောက်နိုင်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က မိမိတို့ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အတိုင်းအတာတစ်ခုအထိ စားနပ်ရိက္ခာများ ထောက်ပံ့ပေး နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဆွေးနွေးပြောကြားသည်။

ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ကွင်းဆင်း ထိတွေ့ရေး အဖွဲ့များ ဖွဲ့စည်းပြီး ဆောင်ရွက်နေကြောင်း၊ မောင်တောတွင် ၇ ဖွဲ့၊ ဘူးသီးတောင်တွင် ၅ ဖွဲ့ ဖွဲ့စည်း ထားရှိကြောင်း၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးအောင်၊ သတင်းအချက်အလက် အမှန်ရရှိအောင် စုစည်း ထားခြင်းဖြစ်ကြောင်း၊ ပြည်သူလူထု ပူးပေါင်းပါဝင်လာသည်ကို တွေ့ရသည့် အတွက် ဝမ်းမြောက်ကြောင်း၊ ဝေးလံသောဒေသရှိ အခက်အခဲရှိနေသော ဆရာ ဆရာမများကိစ္စကို အလေးထားဆောင်ရွက်လျက် ရှိကြောင်း၊ မောင်တောဒေသတွင် ဆရာဆရာမ ၂၈၈ ဦးရှိပြီး ဝေးလံသော ဒေသရောက်ရှိနေသည့် ဆရာ ဆရာမများကို လုံခြုံစိတ်ချရသော ဒေသတွင် စုစည်း ထားရှိပြီးဖြစ်ကြောင်း၊ စုရပ်အသီးသီးတွင် လုံခြုံစိတ်ချစွာ ရှိနေပါကြောင်း၊ နေရပ်သို့ ပြန်သွားသည့် ဆရာ ဆရာမ ၁၀၄ ဦးရှိပါကြောင်း၊ ဆရာ ဆရာမများကို သာမက ကျန်းမာရေးဝန်ထမ်းများကိုလည်း လုံခြုံစိတ်ချရရေးအတွက် အလေးထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဆွေးနွေးသည်။

ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာက မောင်တောဒေသရှိ တိုင်းရင်းသားကျေးရွာ ၃၅ ရွာသို့ ဆန်အိတ် ၉၀၀၊ ဆီပိဿာ ၂၀၀ ကို ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း၊ ကျဆုံးရဲတပ်ဖွဲ့ဝင် ကိုးဦးအား တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းနှုန်း၊ ဒဏ်ရာရတပ်ဖွဲ့ဝင် ငါးဦးအား တစ်ဦးလျှင် ငါးသိန်းနှုန်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်း ၉၀ နှင့် ဝေးလံသောဒေသတွင် ၁၆ ဦးရှိပြီး ၎င်းတို့အား လုံခြုံသောနေရာတွင် စုစည်းထားပြီးဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က တက်ရောက်လာကြသူများက ပြည့်ပြည့်စုံစုံ အကြံပြုတင်ပြသကဲ့သို့ ပြန်လည်ရှင်းလင်းကြသူများကလည်း ပြည့်ပြည့်စုံစုံ ရှင်းပြသဖြင့် မိမိတို့ လာရောက်သည့် ရည်ရွယ်ချက်အတိုင်း လုံခြုံအေးချမ်းရေးနှင့်ပြည်သူများ စိတ်ချမ်းသာရေး၊ စိုးရိမ် သောက ဖြေလျှော့ရေးမှာ အတိုင်းအတာတစ်ခုအထိ အောင်မြင်သည်ဟု ထင်ပါကြောင်း၊ ဆွေးနွေးသည့် အထဲတွင် လတ်တလော ဖြေရှင်းရမည့်အချက်များ ပါဝင်သကဲ့သို့ ရေရှည်ဖြေရှင်းရမည့်အချက် များလည်း ပါဝင်ပါကြောင်း၊ အသေးစိတ်ဆောင်ရွက်ရမည့် ကိစ္စများကိုလည်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ လုံခြုံရေးနှင့် ပတ်သက်ပြီး တစ်နေ့ထက်တစ်နေ့ တည်ငြိမ်အေးချမ်း သွားမည်ဟု ယုံကြည်ပါကြောင်း၊ အားလုံး ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်သွားပါက အောင်မြင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။