ရခိုင်ပြည်နယ်သြဝါဒါစရိယ ဆရာတော်ကြီးများထံမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်အဖွဲ့ မောင်တောနှင့် ရသေ့တောင်မြို့နယ် ဖြစ်စဉ်များနှင့်ပတ်သက်၍ သြဝါဒခံယူ

Printer-friendly versionSend by email

စစ်တွေ အောက်တိုဘာ ၁၁

ရခိုင်ပြည်နယ် ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ၊ ဦးသိန်းဆွေ၊ ဝန်ကြီးချုပ် ဦးညီပုနှင့်အဖွဲ့က ရခိုင်ပြည်နယ် မောင်တောနှင့် ရသေ့တောင်မြို့နယ် ဖြစ်စဉ်များနှင့် ပတ်သက်၍ ဩဝါဒါခံယူပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် စစ်တွေမြို့ မဏိရတနာကျောင်းတိုက်၌ ကျင်းပ သည်။

 

ဩဝါဒါခံယူပွဲတွင် ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့က စစ်တွေမြို့ ဒက္ခိဏာရာမ ကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတအဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ရှင်းလင်းလျှောက်ထားရာ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့မှ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်  တွေ့ဆုံပြီး အောက်တိုဘာ ၉ ရက်က မောင်တောနှင့် ရသေ့တောင်မြို့နယ်တို့တွင် ဖြစ်ပွားခဲ့မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါကြောင်းနှင့်  ၎င်းတို့၏ သဘောထားအမြင်များ၊ ခံစားချက်များ၊ အကြံပြုချက်များကို နားထောင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ မိမိတို့ ယခုကဲ့သို့ ကွင်းဆင်း လာရောက်သည့် အကြောင်းကို ပြည်နယ်ဩဝါဒါစရိယ ဆရာတော်ကြီးများထံ လာရောက် တွေ့ဆုံလျှောက်ထားခြင်း ဖြစ်ပါကြောင်းနှင့်  ဆရာတော်ကြီးများ၏ ဆန္ဒသဘောထား၊ ဩဝါဒါကို နာယူသွားမည်ဖြစ်ပါကြောင်း တင်ပြလျှောက်ထားသည်။ ထို့နောက် ဆရာတော်များထံ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်  တက်ရောက်လာကြသူများက လှူဖွယ်ဝတ္ထုပစ္စည်း များ ဆက်ကပ် လှူဒါန်းကြသည်။

 

ယင်းနောက် ဩဝါဒါစရိယ ဆရာတော်ကြီးများဖြစ်သည့် ဒက္ခိဏာရာမကျောင်းတိုက်ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒ၊ သဒ္ဓမ္မဂရု (ပုသိမ်) ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍိတ၊ မဏိရတနာကျောင်းတိုက် ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသောမ၊ ဓမ္မသုခ ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တသောမ တို့က ဩဝါဒါကထာချီးမြှင့် ကြသည်။

 

ဆရာတော်ကြီးများက ဩဝါဒါချီးမြှင့်ရာတွင် ယခုဖြစ်ရပ်အတွက် မိမိတို့ စိတ်နှလုံးမသက်မသာ ဖြစ်ရမှု၊ နောင်အလားတူမဖြစ်အောင် သတိ၊ ဝီရိယဖြင့်  ဆောင်ရွက်ရန် လိုအပ်မှု၊ ယခုကဲ့သို့ ခံစားမှုမျိုး မိမိတို့ အကြိမ်ကြိမ်ခံစားနေရမှု၊ အစိုးရသစ်က ပြောင်းလဲမှုများ ဖော်ဆောင်နေချိန်တွင် ယခုဖြစ်ရပ် ပေါ်ပေါက် သည်မှာ စိတ်လက်မချမ်းသာမှု၊ ယခုကိစ္စရပ်သည် အလွန်ပင်ကြီးကျယ်သည့်ကိစ္စဖြစ်မှု၊ တပ်များ အင်အား ဖြည့်တင်းခြင်း၊ ယခုကဲ့သို့ စစ်တွေမြို့သို့ ပြည်ထောင်စုဝန်ကြီးများ လာရောက်ခြင်းတို့ကို တွေ့ရှိရသည့် အတွက် ကျေနပ်ဝမ်းမြောက်မှု၊ ယခုကဲ့သို့ တက်တက်ကြွကြွဖြင့်  လုံခြုံရေး စိတ်ချရအောင် ဆောင်ရွက်ပေး စေလိုမှု၊ နိုင်ငံတော်က ယခုကဲ့သို့ ဆောင်ရွက်နေမှုကို အားရကျေနပ်ပါကြောင်းနှင့်  လုံခြုံစိတ်ချရရေး အတွက် ဆောင်ရွက်ပေးစေလိုပါကြောင်း မြွက်ကြားသည်။