ရခိုင်ပြည်နယ်မှ အကြမ်းဖက်စီးနင်း တိုက်ခိုက်ခဲ့မှု ဖြစ်စဉ်များအနက် ပျောက်ဆုံး ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် လက်နက်တစ်လက် ပြန်လည်တွေ့ရှိ

Printer-friendly versionSend by email

နေပြည်တော် အောက်တိုဘာ ၁၀

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်များရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်ရှိ ကင်းစခန်း (၃) ခုကို အောက်တိုဘာ ၉ ရက်နံနက်ပိုင်းက အကြမ်းဖက် စီးနင်း တိုက်ခိုက်မှု ဖြစ်စဉ်များအနက် ပျောက်ဆုံး ခဲ့သော ရဲတပ်သားတစ်ဦးနှင့် လက်နက်တစ်လက်တို့ကို သီးခြားစီပြန် လည် တွေ့ရှိခဲ့သည်။

 

အဆိုပါ ဖြစ်စဉ်များအပေါ် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နယ်မြေရှင်းလင်း စဉ် ယနေ့ နံနက် ၉ နာရီခွဲခန့်တွင် ငါးခူရ နယ်မြေရဲစခန်းနှင့် လိုင်းခန်းများအား အကြမ်းဖက်စီးနင်း တိုက်ခိုက် ခံရစဉ် လုံခြုံရေးတာဝန် ထမ်းဆောင်ရာမှ ပျောက်ဆုံး ခဲ့သော ရဲတပ်သား ကိုထိုက်အား ငါးခူရ ရဲစခန်း အနောက်ဘက် (၂) မိုင်ခန့်ရှိ ဓနီတော အတွင်းမှ ဒဏ်ရာရရှိမှု မရှိဘဲ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

 

ထို့ပြင် ရဲတပ်ဖွဲ့ဝင်များက ၎င်းစခန်း၏ ဗဟိုကင်းတစ်ဝိုက်ရှိ ခြုံများအတွင်း ရှာဖွေ ရှင်းလင်းစဉ် ယနေ့ ညနေ ၃ နာရီခန့်တွင် ဗဟိုကင်းမှ ပျောက်ဆုံးခဲ့သော M 22 သေနတ်တစ်လက်ကို ပြန်လည် တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သတင်း ရရှိသည်။