ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့တွင် အောက်တိုဘာ ၉ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ ကျင်းပ

Printer-friendly versionSend by email

နေပြည်တော် အောက်တိုဘာ ၉

ရခ်ိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့တွင် အောက်တိုဘာ ၉ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ယနေ့ ည ၇ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ရခိုင် ပြည်နယ် မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့အတွင်း ဖြစ်စဉ်များနှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ယခုဖြစ်စဉ်နှင့်စပ်လျဉ်းပြီး ယနေ့နံနက် စောစောတွင် လေ့လာ မေးမြန်း စူးစမ်းမှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့နောက် နံနက် ၁၁ နာရီခွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဦးဆောင်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပုဂ္ဂိုလ်များနှင့် အစည်းအဝေး တစ်ရပ် ကျင်းပခဲ့ ပါကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး သိရှိရသမျှ အနေအထားပေါ်မူတည်ပြီး သုံးသပ်မှု ပြုခဲ့ပါကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး လက်ရှိဖြစ်ပျက်သမျှကို အများပြည်သူများ သိရှိစေရန် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည်ဟု ဆုံးဖြတ်ခဲ့ပါကြောင်း။

 

ရည်ရွယ်ချက်မှာ ယခုဖြစ်စဉ်နှင့်စပ်လျဉ်းပြီး အများပြည်သူများ စိုးရိမ်ကြောင့်ကြမှုမဖြစ်စေရန်နှင့် ဖြစ်ရပ်မှန် များကို အများပြည်သူများ အချိန်နှင့်တစ်ပြေးညီ သိရှိစေရန် ရှင်းလင်းတင်ပြခြင်း ဖြစ်ပါကြောင်း၊ ယခု သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်က လက်ရှိ အခြေအနေ အထိ သိရှိသမျှကို ရှင်းလင်း ပြောကြားသွားမည်ဖြစ်ကြောင်း၊ သတင်းမီဒီယာများ မေးမြန်းသည့် မေးခွန်းများကို ရဲချုပ်နှင့် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများက သိရှိသမျှ ဖြေကြား သွားမည်ဖြစ်ပါကြောင်း၊ မသိရှိရသေးသည့် အကြောင်း အရာ အချို့နှင့်စပ်လျဉ်း၍လည်း သိရှိသည့် အချိန်တွင် ထုတ်ပြန်သွားမည်ဖြစ်ပြီး မေးမြန်းမှုများရှိလာပါက ဖြေကြားပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ရဲချုပ်ဇော်ဝင်းက ရခိုင်ပြည်နယ် မောင်တောခရိုင် အမှတ်(၁)နယ်ခြားစောင့် ရဲကွပ်ကဲမှု နယ်မြေအတွင်း ကျီးကန်းပြင်၊ ကိုးတန်ကောက်၊ ငါးခူရနယ်မြေစခန်းများတွင် အကြမ်းဖက် စီးနင်း တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်များကို ရှင်းလင်းတင်ပြသွားမည်ဖြစ်ပါကြောင်း၊ ပထမဦးစွာ ကျီးကန်းပြင် ဌာနချုပ်အား အကြမ်းဖက်စီးနင်း တိုက်ခိုက်ခံရသည့်ဖြစ်စဉ်ကို ရှင်းလင်းတင်ပြသွားမည် ဖြစ်ပါကြောင်း။

 

ကျီးကန်းပြင်ဌာနချုပ် အကြမ်းဖက်စီးနင်းတိုက်ခိုက်ခံရမှု

၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၉ ရက် နံနက် ၁ နာရီခွဲခန့်တွင် မောင်တောမြို့နယ် ကျီးကန်းပြင် ကွပ်ကဲမှု ဌာနချုပ် ဝင်၊ ထွက်ဂိတ် (၁) ကင်းရုံအနီးသို့ အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ ၁ဝ ဦးခန့်က ချဉ်းကပ်ခဲ့ပြီး ပထမဦးစွာ ဂိတ်တာဝန်ကျ တပ်ဖွဲ့ဝင်တစ်ဦးအား ဓားဖြင့် စတင် ဝင်ရောက်ခုတ်ခဲ့သဖြင့် ကင်းရုံအတွင်းရှိ ရဲတပ်ဖွဲ့ဝင် ခြောက်ဦးက သေနတ်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ဌာနချုပ်ဝင်းရှေ့ ကားလမ်းမပေါ်တွင်ရှိသော အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ ၁ဝ ဦးခန့်မှာ ဆုတ်ခွာထွက်ပြေး သွားခဲ့ပါကြောင်း၊ အကြမ်းဖက် စီးနင်းတိုက်ခိုက်သူထံမှ လုပ်သေနတ် ပစ္စတို တစ်လက်၊ ၎င်းကျည် နှစ်တောင့်၊ ကျည်အိမ်တစ်ခုတို့ သိမ်းဆည်းရမိခဲ့ပါကြောင်း။

 

ဒုတိယနယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့မှူးသည် ဖြစ်စဉ်ဖြစ်ပွားမှုကို သိရှိရသည်နှင့်တစ်ပြိုင်နက် ဖြစ်စဉ် နေရာသို့ စစ်ဆေးပြီးနောက် ပြန်လည်ထွက်ခွာစဉ် ဗဟိုကင်းဘက်မှ ၁ နာရီ မိနစ် ၅ဝ ခန့်တွင် လက်နက်ငယ်သံများ ကြားသဖြင့် ဗဟိုကင်းလုံခြုံရေးအဖွဲ့နှင့် သွားရောက် ပူးပေါင်းကာ တပ်လှန့် အချက်ပေး သံချောင်းခေါက်၍ ဗဟိုကင်းအဖွဲ့နှင့်အတူ နေရာယူတိုက်ခိုက်ခဲ့ပါကြောင်း၊ အကြမ်းဖက် စီးနင်း တိုက်ခိုက်သူ ၉ဝ ခန့်နှင့် မိမိတပ်ဖွဲ့ဝင်များသည် တစ်နာရီခန့်အကြာ အပြန်အလှန် တိုက်ခိုက် ခဲ့ပြီး ၎င်းတို့အဖွဲ့၏ အင်အား၊ မြေအနေအထား၊ သာလွန်ပစ်အားများကြောင့် ဗဟိုကင်း ဝဲဘက်ဘေး တောင်ကုန်းသို့ ပြောင်းရွှေ့နေရာယူပြီး ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ပါကြောင်း၊ ၎င်းနောက် အကြမ်းဖက် စီးနင်း တိုက်ခိုက်သူများသည် နံနက် ၄ နာရီခန့်တွင် ဆုတ်ခွာသွားခဲ့ပါကြောင်း။

 

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ပတ်ဝန်းကျင်လုံခြုံရေး ကာကင်းများအား လိုက်လံ ရှင်းလင်းစစ်ဆေးခဲ့ရာ ဗဟိုကင်း အနောက်ဘက် ကုန်းအမှတ် (၄) တွင်ထားရှိသည့် ကာကင်းအဖွဲ့မှ တပ်ဖွဲ့ဝင် ငါးဦးအား သတ်ဖြတ်ခဲ့ပြီး တပ်ဖွဲ့ဝင်များ၏ လက်နက်များကို ယူဆောင်သွားခဲ့သည်ကို တွေ့ရှိရပါကြောင်း။

 

အထက်ပါဖြစ်စဉ်တွင် တပ်ဖွဲ့ဝင် ခြောက်ဦးကျဆုံး၊ နှစ်ဦး ဒဏ်ရာရရှိ၍ လက်နက်မျိုးစုံ ၆၂ လက်နှင့် ကျည်မျိုးစုံ အတောင့် ၁ဝ၁၃ဝ၊ လှံစွပ် တစ်ခု၊ ကျည်အိမ် ၂၇ ခု ဆုံးရှုံးသွားခဲ့ပါကြောင်း။

 

ကိုးတန်ကောက်ကင်းစခန်း အကြမ်းဖက်စီးနင်းတိုက်ခိုက်ခံရမှု

အောက်တိုဘာ ၉ ရက် နံနက် ၃ နာရီခွဲခန့်တွင် ရသေ့တောင်မြို့နယ် ကိုးတန်ကောက် ကင်းစခန်းအား အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ အင်အား ၃ဝ ခန့်က ကင်းစခန်းအနောက်ဘက် ခြံစည်းရိုးကိုကျော်၍ ရုတ်တရက် ဝင်ရောက်လုံးထွေးကာ ဓား၊ လှံများဖြင့် ထိုးခုတ်တိုက်ခိုက်ခဲ့ပါကြောင်း၊ မိမိတပ်ဖွဲ့ဝင် ၁ဝ ဦးက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့မှုကြောင့် အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ တစ်ဦး အသေရမိ၍ အရှင် နှစ်ဦး ဖမ်းဆီးရမိခဲ့ပြီး နံနက် ၃ နာရီ ၄၅ မိနစ်ခန့်တွင် အကြမ်းဖက် စီးနင်းတိုက်ခိုက်သူများ ဆုတ်ခွာ သွားခဲ့ပါကြောင်း၊ မိမိဘက်မှတပ်ဖွဲ့ဝင် တစ်ဦးကျဆုံး၍ တပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး လက်နက် နှစ်လက် ဆုံးရှုံးခဲ့ပါကြောင်း။

 

ငါးခူရနယ်မြေရုံး အကြမ်းဖက်စီးနင်းတိုက်ခိုက်ခံရမှု

အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများက ကျီးကန်းပြင် ဌာနချုပ်သို့ အကြမ်းဖက်စီးနင်း တိုက်ခိုက် ခံရမှုကြောင့် မောင်တောမြို့နယ် ငါးခူရနယ်မြေရုံးမှ နယ်မြေမှူးသည် အောက်တိုဘာ ၉ ရက် နံနက် ၃ နာရီခွဲခန့်တွင် တပ်ကူ သွားရောက်ခဲ့ပါကြောင်း၊ နယ်မြေမှူး ကျီးကန်းပြင်ဌာနချုပ်သို့ ရောက်ရှိချိန် နံနက် ၄ နာရီခွဲခန့်တွင် ငါးခူရ နယ်မြေရုံးသို့ အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ ၅ဝ ခန့်က ဓား၊ လှံ၊ ဂျင်ဂလိများဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ မိမိဘက်မှ ပြန်လည်တိုက်ခိုက်မှုကြောင့် နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် အကြမ်းဖက် စီးနင်း တိုက်ခိုက်သူများ ပြန်လည်ဆုတ်ခွာသွားခဲ့ပါကြောင်း။

 

ဖြစ်စဉ်တွင် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ ခုနစ်ဦး၏ အလောင်းရရှိခဲ့ပြီး မိမိဘက်မှ တပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးကာ တပ်ဖွဲ့ဝင်တစ်ဦးပျောက်ဆုံး၍ တစ်ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပါကြောင်း။

 

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် တပ်မတော်စစ်ကြောင်းများ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ပူးပေါင်းဖြန့်ခွဲ၍ အကြမ်းဖက် စီးနင်းတိုက်ခိုက်သူများ ဆုတ်ခွာရာနောက်သို့ လိုက်လံရှင်းလင်းခြင်း၊ ပိတ်ဆို့ရှာဖွေ ရှင်းလင်းခြင်းများ ဆောင်ရွက်ရာ လက်နက်မျိုးစုံ ၁၃ လက်ကို ဆုတ်ခွာရာလမ်းကြောင်းများတွင် ပြန်လည် သိမ်းဆည်းရရှိခဲ့ပါကြောင်း။

 

ယခုဖြစ်စဉ်တစ်ခုလုံးဖြင့် ကြည့်မည်ဆိုလျှင် တပ်ဖွဲ့ဝင် အရာရှိတစ်ဦး၊ အခြားအဆင့် ရှစ်ဦး စုစုပေါင်း ကိုးဦး ကျဆုံး၍ တပ်ဖွဲ့ဝင် အရာရှိတစ်ဦး၊ အခြားအဆင့် လေးဦး စုစုပေါင်း ငါးဦး ဒဏ်ရာရပြီး တစ်ဦး ပျောက်ဆုံးလျက်ရှိပါကြောင်း။

 

လက်နက်မျိုးစုံ ၅၁ လက်၊ ကျည်မျိုးစုံ အတောင့် ၁ဝ၁၄ဝ၊ လှံစွပ် တစ်ခု၊ ကျည်အိမ် ၂၈ ခု ပျောက်ဆုံးခဲ့ပြီး ဝင်ရောက်စီးနင်းတိုက်ခိုက်သူ ရှစ်ဦး၏အလောင်းရရှိကာ နှစ်ဦး အရှင်ဖမ်းဆီး ရမိ ခဲ့ပါကြောင်း၊ လုပ်သေနတ် ပစ္စတို တစ်လက်၊ ၎င်းကျည် နှစ်တောင့်၊ ကျည်အိမ်တစ်ခု သိမ်းဆည်း ရမိခဲ့ပါကြောင်း။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ ပါဆုံးသွားသည့် လက်နက် ခဲယမ်းများ ပြန်လည်ရရှိရေး၊ ပြစ်မှု ကျူးလွန်သူများအား ဖမ်းဆီးရမိ အရေးယူနိုင်ရေး၊ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေး အတွက် တပ်အင်အားများ ဖြည့်တင်းပြီး နယ်မြေခံတပ်မတော် စစ်ကြောင်းများနှင့်ပူးပေါင်း၍ နယ်မြေ ပိတ်ဆို့ ရှင်းလင်းရေးနှင့် လုံခြုံရေး ကိစ္စရပ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းတင်ပြသည်။

 

ထို့နောက် သတင်းထောက်များ၏ မေးမြန်းချက်များကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးကျော်တင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ရဲချုပ်ဇော်ဝင်း၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေ နှင့် တာဝန်ရှိသူများက ဖြေကြားကြသည်။

 

အတည်ပြုထုတ်ပြန်နိုင်ရေး ဆောင်ရွက်မည်

ယခုကဲ့သို့ စခန်းများအား တစ်ချိန်တည်း တစ်ပြိုင်တည်း တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် အကြမ်းဖက် စီးနင်း တိုက်ခိုက်သူများသည် မည်သည့်အဖွဲ့အစည်းက ဆောင်ရွက်သည်ကို သိလိုကြောင်းနှင့် မည်သို့ ဆက်လက် ဆောင်ရွက်နေသလဲ မေးခွန်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်က အကြမ်းဖက် စီးနင်း တိုက်ခိုက်သူ နှစ်ဦးကို ဖမ်းဆီးမိထားကြောင်း၊ စစ်မေးချက်များအပေါ်မူတည်ပြီး လိုအပ်သည့် အချိန်တွင် မည်သည့်အဖွဲ့က ဆောင်ရွက်သည်ကို အတည်ပြုထုတ်ပြန်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 

ဖြစ်စဉ်အပေါ် မူတည်ပြီး လုံခြုံရေးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်စရာများ မရှိစေရန် တပ်မတော်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရဟတ်ယာဉ်များဖြင့် တပ်များ ရွှေ့ပြောင်းပြီး ဆုတ်ခွာသွားနိုင်သည့် နေရာများကို ပိတ်ဆို့ရန် လိုက်လံ ရှင်းလင်းမှု များနှင့်အတူ လုံခြုံရေးများ ပိုမိုတိုးမြှင့်နိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားသည်။

 

စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေ

တစ်ဖက်နိုင်ငံအစိုးရနှင့် မည်သို့ ဆက်လက်ဆောင်ရွက်သွားမည်ကို သိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် တရားဥပဒေနှင့် အညီ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပါကြောင်း၊ ပြည်သူများ၊ ကာကွယ်ရေးဝန်ကြီး ဌာနနှင့် ပူးပေါင်းပြီး နှိမ်နင်းမှု၊ စုံစမ်းမှုများ ဆောင်ရွက်နေပြီး အချက်အလက်များ အခြေခံခိုင်မာမှုရှိ၊ မရှိနှင့် အကြောင်း အချက်များ ခိုင်လုံမှု ရှိမည်ဆိုပါက ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကို ခေါ်ယူပြီး ဆွေးနွေးပြောကြားရန်နှင့် ပါဝင်ပတ်သက်မှု မရှိပါကလည်း နယ်စပ်ဒေသတွင် အကြမ်းဖက်မှုများ ပေါ်ပေါက်နေခြင်းအား ၎င်းတို့၏ ကူညီ ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်သည်ဆိုပါက ၎င်းတို့အား ဖိတ်ကြား၍ လိုအပ်သည့် အကူအညီ တောင်းခံနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် လိုအပ်သည့် အခြေခံ အချက် အလက် အကြောင်းအရင်းများ ခိုင်လုံအောင် စောင့်ဆိုင်း နေပါကြောင်း၊ မကြာမီတွင် ယခုကိစ္စနှင့် ပတ်သက်၍ ထိတွေ့ဆောင်ရွက်သွားရန်ရှိပါကြောင်း ဖြေကြားသည်။

 

အနေအထားအမှန်များ သိရှိအောင်

ရခိုင်ပြည်နယ်အတွင်းရှိ နှစ်ဖက်လူ့အဖွဲ့အစည်းများအကြား ပဋိပက္ခများ ဆက်လက်မဖြစ်ပွားအောင် အစိုးရအနေဖြင့် မည်သို့ဆောင်ရွက်နေသည်ကို သိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က ယနေ့ သတင်းစာရှင်းလင်းပွဲကို မြန်မြန်ဆန်ဆန် ကျင်းပရခြင်းသည် အမှန်တကယ် ဖြစ်ပျက်နေသည့် အနေအထား အမှန်များကို အများပြည်သူများသိရှိအောင်၊ မတူညီသော လူ့အဖွဲ့အစည်း အစုအဖွဲ့များကို အခြေအနေမှန်များသိရှိအောင် ရှင်းလင်းတင်ပြရခြင်း ဖြစ်ပါကြောင်း၊ ကောလာဟလ များကြောင့် ပဋိပက္ခများ ကြီးထွားလာသည့် အနေအထားများ မဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်နိုင်မည်ဟု ယူဆပါကြောင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးသည် အင်မတန် အရေးကြီးပါကြောင်း၊ တည်ငြိမ် အေးချမ်းရေးသည် တိုင်းပြည်အတွက် အရေးကြီးသည့် အခြေခံအဆောက်အအုံတစ်ခုဖြစ်ပါကြောင်း၊ အခြေခံ အဆောက်အအုံခိုင်မာရန် တည်ငြိမ်အေးချမ်းရန် ဆောင်ရွက်သည့်နေရာတွင် ပြည်သူအားလုံးက တည်တည်ငြိမ်ငြိမ်နှင့် ဝိုင်းဝန်းပူးပေါင်း ကူညီ ပေးမည်ဟု မျှော်လင့်ပါကြောင်း ဖြေကြားသည်။

 

လုံခြုံရေးအစီအမံများဆောင်ရွက်ရန်ရှိ

ယခုကဲ့သို့နေရာမျိုးတွင် မည်သည့်အတွက်ကြောင့် လုံခြုံရေးနည်းပါးစွာ ချထားသလဲဆိုသည့် မေးခွန်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်က လုံခြုံရေးအင်အားကို ပြန်ကြည့်လျှင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် ရှိသည့်အင်အားနှင့်နှိုင်းယှဉ်ပါက ရခိုင်ပြည်နယ်တွင် အင်အားအများဆုံးရှိစေရန် ဆောင်ရွက်ပေးထားပါကြောင်း၊ ရခိုင်ပြည်နယ်အား အထူးအလေးထားပြီး ဆောင်ရွက်ပေးထားခြင်း ဖြစ်ပါကြောင်း၊ စစ်ရေးအရ ကြည့်မည်ဆိုပါက လုံလောက်သည့် အင်အား ရှိရန် လိုသည်ကို တွေ့ရ ပါကြောင်း၊ အရေးကြီးနေရာ သတ်မှတ်ပြီး အများဆုံး အင်အား ဖြည့်ပေး ထားသည့် ပြည်နယ်တစ်ခုလည်း ဖြစ်ပါကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန တို့ပေါင်းစပ်၍ ပိုမိုကောင်းမွန်သည့် လုံခြုံရေး အစီအမံများ ဆောင်ရွက်သွားရန်ရှိပါကြောင်း၊ ရဟတ်ယာဉ်များ အသုံးပြု၍ တပ်ပြောင်းရွှေ့မှု များနှင့် အတူ လုံခြုံရေးတိုးမြှင့် ဆောင်ရွက် နေပါကြောင်း ဖြေကြားသည်။

 

တပ်မတော်စစ်ကြောင်း စစ်ဆင်ရေးနယ်မြေ၌ အခြေပြု

နယ်စပ်အဝင်အထွက် အရေးကြီးသည့် နေရာများ၌ တပ်လုံခြုံရေးအနီးကပ်ချထားခြင်းရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်က ဧရိယာခွဲခြားမှုအရ စစ်ဆင်ရေးနယ်မြေနှင့် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး နယ်မြေဟူ၍ ခွဲခြားထားပါကြောင်း၊ တပ်မတော် စစ်ကြောင်းများ အနေဖြင့် စစ်ဆင်ရေး နယ်မြေ၌သာ အခြေပြုကြပါကြောင်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး နယ်မြေများတွင် တပ်မတော်မှ ပုံမှန်အခြေပြုထားခြင်း မရှိပါကြောင်း ဖြေကြားသည်။

 

ပုဒ်မ ၁၄၄ မောင်တောခရိုင်ထုတ်ပြန်

မောင်တောနယ်မြေ အပါအဝင် အခြားနယ်မြေများတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားမှုနှင့် စပ်လျဉ်း၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးရဲနိုင်က ပုဒ်မ ၁၄၄ ကို မောင်တောခရိုင် တစ်ခုလုံး ထုတ်ပြန်ထားပါကြောင်း၊ ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်နှင့် ခရိုင်ဧရိယာ တစ်ခုလုံး ပါဝင်ကြောင်း ဖြေကြားသည်။

 

သတင်းရယူမှု အားနည်းသည်ဟု သုံးသပ်

သတင်းရယူမှု အားနည်းသည်ဆိုသည့် ကိစ္စရပ်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်က နယ်မြေ ရဲတပ်ဖွဲ့ဝင်များ၏ သတင်းရယူမှုများ ရှိပါကြောင်း၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍လည်း သတင်း ရယူလျက် ရှိပါကြောင်း၊ သတင်းတပ်ဖွဲ့၏ သတင်းရယူမှုများလည်းရှိပါကြောင်း၊ သို့သော် ယခု ကိစ္စရပ်တွင် သတင်းရယူမှုအပိုင်း၌ အတည်ပြု၍ရသည့် သတင်းဖြစ်ရန် မပြုလုပ်နိုင်သည့်အတွက် သတင်း ရယူမှု အားနည်းသည်ဟု သုံးသပ်ရမည်ဖြစ်ကြောင်း ဖြေကြားသည်။

 

လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ရခိုင်ပြည်နယ်တွင် လူဝင်လူထွက်များကို မည်သို့ ဆောင်ရွက်နေသလဲ မေးခွန်းနှင့်စပ်လျဉ်း၍ အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က ရခိုင်ပြည်နယ် နယ်စပ်ဒေသတွင် လူဝင်မှုကြီးကြပ်ရေးအမှတ် (၄) ဌာနခွဲကို ထားရှိပါကြောင်း၊ ယင်းဌာနခွဲတွင် ဝန်ထမ်းအင်အား ၂၅၂ ဦးရှိပါကြောင်း၊ လက်ရှိ တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာတွင် လူဝင်မှုကြီးကြပ်ရေးဝန်ထမ်း ၃ဝ ရှိပါကြောင်း၊ ကျန်နေရာများတွင် နယ်မြေရုံး ၁၁ ခုနှင့် စခန်း ၂၆ ခု အင်အားဖြန့်ခွဲပြီး လူဝင်မှု ကြီးကြပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း။

 

တင်းတင်းကျပ်ကျပ်ဆောင်ရွက်မည်

ယခုဖြစ်စဉ်ကို သုံးသပ်ပါက ယခုတိုက်ခိုက်သူများမှာ အလစ်အငိုက် ဆောင်ရွက်ပြီး လူမမြင်သည့် နေရာ၊ လူ မတွေ့နိုင်သည့်အချိန်တွင် ဝင်ရောက်လာသည်ဟု ယူဆပါကြောင်း၊ လူဝင်လူထွက် ကိစ္စရပ်များကိုလည်း လူဝင်မှု ကြီးကြပ်ရေးဝန်ထမ်းများအနေဖြင့် နယ်စပ်ဒေသမှာရှိသည့် ရဲတပ်ဖွဲ့ဝင် များနှင့်လည်း ပူးပေါင်းပြီး ပိုမိုတင်းတင်းကျပ်ကျပ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

အကြမ်းဖက်သဘောသဘာဝမှာ ဆက်နွှယ်မှုများရှိ

ယခုတိုက်ခိုက်မှု၏ ရည်ရွယ်ချက်မှာ မည်သို့ ဖြစ်နိုင်သလဲ၊ တိုက်ခိုက်သူများမှာ ရွာများထဲ၌ ကိုယ်ယောင်ဖျောက် နေနိုင်သည့်အတွက် လိုက်လံရှာဖွေသည့်အခါတွင် ဒေသခံများနှင့် ပဋိပက္ခ မဖြစ်အောင် မည်သို့ဆောင်ရွက်သွားမလဲ ဆိုသည့် မေးခွန်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်က ယခုဖြစ်စဉ်၏ ဖြစ်နိုင်ခြေများမှာ အမျိုးမျိုး ရှိနိုင်ပါကြောင်း၊ လတ်တလော စက်တင်ဘာလက မောင်တော ဒေသတွင် စိတ်ကြွဆေးပြားသိန်း ၆ဝ ခန့် ဖမ်းဆီးရမိခဲ့ပါကြောင်း၊ မိမိတို့ တာဝန် ထမ်းဆောင်သည့် ကာလတွင် မောင်တောဒေသ၌ အများဆုံး ဖမ်းမိခြင်းဖြစ်ပါကြောင်း၊ အကြမ်းဖက်၏ သဘောသဘာဝမှာ ဆက်နွှယ်မှုများ အများကြီး ရှိနိုင်ပါကြောင်း၊ စီးပွားရေးနှင့်လည်း ဆက်နွှယ် နိုင်ပါကြောင်း၊ ယင်းကိစ္စနှင့် စပ်လျဉ်းပြီး နစ်နာသူများကလည်း ဆောင်ရွက်နိုင်သည်ဟု စဉ်းစားစရာ ရှိပါကြောင်း၊ ကျူးလွန်သူများကို ရအောင်ဖမ်းဆီးသွားမည်ဖြစ်ကြောင်း၊ ယင်းနောက် တရားဥပဒေနှင့် အညီ ရင်ဆိုင်ခိုင်းမည်ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သာမက အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ နှစ်ဖက်အဖွဲ့ အစည်းများမှ ခေါင်းဆောင်များ၊ ဘာသာရေး ခေါင်းဆောင်များ အားလုံးပေါင်းစပ်ပြီး ဥပဒေနှင့်အညီ ရင်ဆိုင်လာအောင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

တရားဥပဒေနှင့်အညီ တုံ့ပြန်ရန်လို

အဆိုပါ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်တင်က အစိုးရသစ်အနေဖြင့် ရခိုင်ပြည်နယ်ရှိ အုပ်စု နှစ်စုအကြား တင်းမာမှုများ လျော့နည်းပြီး နားလည်မှု၊ ယုံကြည်မှုများ တစ်စတစ်စ ဖြစ်ပေါ်စေရန်၊ ရှိစေရန် ကြိုးပမ်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိပါကြောင်း၊ ယခု ဖြစ်စဉ်အချိန်ကို သုံးသပ်ပါက ကုလသမဂ္ဂ အထွေထွေညီလာခံတွင် လူ့အခွင့်အရေးကိစ္စရပ်များ စဉ်းစားသည့် တတိယ ကော်မတီအစည်းအဝေး စတင်ခါစအချိန်နှင့် တိုက်ဆိုင်နေကြောင်း၊ မိမိတို့နိုင်ငံအား အမေရိကန် ပြည်ထောင်စုမှ နောက်ဆုံး ကျန်နေသည့် ကန့်သတ်ပိတ်ဆို့မှုများ လျှော့ချပေးခဲ့ကြောင်း၊ တတိယ ကော်မတီတွင်လည်း လူ့အခွင့် အရေးနှင့် ပတ်သက်၍ EU ကလည်း အဆိုမူကြမ်း တင်သွင်းခြင်း မလုပ်တော့ဘူးဟူ၍ ကြေညာထားတာရှိ ကြောင်း၊ ယခုလိုအနေအထားမျိုးတွင် နိုင်ငံတကာမှ ယခင်က အာရုံစိုက်နေသည့် ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ ဒီကိစ္စအရေးကို မြှင့်တင်နေသည့်သူများကလည်း နိုင်ငံတကာ အာရုံစိုက်မှုရအောင် ယခု ကိစ္စမျိုးကို လုပ်လာခြင်းမျိုး ဖြစ်ကောင်းဖြစ်နိုင်ကြောင်း၊ ဖြစ်ချင်မှလည်း ဖြစ်နိုင်ကြောင်း၊ ယခုကဲ့သို့ အနေအထားမျိုးတွင် ပြဿနာအား ပြည်သူလူထု၏ တုံ့ပြန်မှု၊ တခြားပြန်လည်တုံ့ပြန်မှု၊ အစိုးရ၏ ဆောင်ရွက်တုံ့ပြန်မှုများသည် တရားဥပဒေနှင့်အညီ တုံ့ပြန်ရန် လိုကြောင်း၊ ယင်းကိစ္စနှင့်စပ်လျဉ်းပြီး ပြည်သူများအနေဖြင့် အကြမ်းဖက်မှုမျိုးဖြင့် တုံ့ပြန် လိုက်ပါက နိုင်ငံတကာမှ အာရုံစိုက်လာပြီး မိမိတို့အပြစ် ဖြစ်သွားနိုင်ပါကြောင်း။

 

ရခိုင်ကိစ္စကို အာရုံစိုက်

ယခုကိစ္စမျိုးသည် အထူးဂရုပြုရန် လိုအပ်ပါကြောင်း၊ ယခုကိစ္စမှာ နိုင်ငံတကာအခြေအနေနှင့် ကုလသမဂ္ဂ၌ လူ့အခွင့်အရေးအစီရင်ခံစာ တင်သွင်းနေသည့်အချိန်မျိုးတွင် ရခိုင်ကိစ္စကို အာရုံ စိုက်ခြင်းမျိုး ဖြစ်ကောင်း ဖြစ်လာစေရန် ဆောင်ရွက်ခြင်းမျိုးလည်း ဖြစ်နိုင်သည်ဟု သုံးသပ်မိ ပါကြောင်း၊ တရားဥပဒေနှင့်အညီ တုံ့ပြန်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

 

 

ယခုဖြစ်စဉ်နှင့်စပ်လျဉ်း၍ အစိုးရအနေဖြင့် နိုင်ငံတကာကို မည်သို့ပြန်လည် ဖြေရှင်းဆောင်ရွက်မလဲ မေးခွန်းနှင့် သံတမန်ဆက်ဆံရေးအရ မည်သို့ဆောင်ရွက်နေသလဲ မေးခွန်းတို့အား နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က ဖြေကြားရာတွင် ယခုကိစ္စနှင့် စပ်လျဉ်းပြီး တရား ဥပဒေနှင့် အညီ ဆောင်ရွက်သွားရန် လေးလေးနက်နက် မှာကြားလိုပါကြောင်း၊ ယခုကိစ္စမှာ စုံစမ်း စစ်ဆေးမှုများ ရုပ်လုံး ပေါ်လာပါက အသိပေးပြောကြားမှုများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လူ့အခွင့်အရေး တတိယကော်မတီဆိုတာ ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းရန် ရှိပါကြောင်း၊ အောက်တိုဘာလထဲတွင် ကျင်းပမည့် ကုလသမဂ္ဂတွင် မိန့်ခွန်း ပြောကြား ရာတွင် ယခု ကိစ္စမျိုးကို ထည့်သွင်းပြောကြားသွားမည်ဖြစ်ပါကြောင်း၊

 

ဘင်္ဂလားဒေ့ရှ်သံရုံးနှင့် ထိတွေ့ဆက်ဆံ

ယခုဖြစ်စဉ်နှင့်စပ်လျဉ်းပြီး ဘင်္ဂလားဒေ့ရှ်သံရုံးနှင့် ထိတွေ့ဆက်ဆံပြီး လိုအပ်လျှင် အကူအညီရရန်၊ တိုင်ပင်ဆွေးနွေးညှိနှိုင်း ဆက်သွယ်ရန် လမ်းညွှန်မှု ရရှိထားပြီး ဖြစ်ပါကြောင်း ဖြေကြားသည်။