ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဖွဲ့စည်းခြင်း

Printer-friendly versionSend by email

နေပြည်တော် ဩဂုတ် ၂၄

နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက် တစ်ရပ်ကို ထုတ်ပြန်လိုက်သည်။ အဆိုပါ သတင်းထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

သတင်းထုတ်ပြန်ချက်

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဖွဲ့စည်းခြင်း

၁။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်၏ သိမ်မွေ့နက်နဲသည့် အရေးကိစ္စများကို ဖြေရှင်းနိုင်မည့် ရေရှည်နည်းလမ်းကောင်းများကို ရှာဖွေသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ ရေရှည်နည်းလမ်းကောင်းများ ရရှိရေးအတွက် အကြံပြုပေးရန် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းသွားမည်ဖြစ်ပါသည်။ အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနနှင့် ကိုဖီအာနန်ဖောင်ဒေးရှင်းတို့အကြား နားလည်မှု စာချွန်လွှာ တစ်ခုကို လက်မှတ်ရေးထိုးမည်ဖြစ်ပါသည်။

၂။မြန်မာနိုင်ငံအစိုးရ၏ ဦးဆောင်မှုဖြင့် အဆိုပါ သိမ်မွေ့နက်နဲသည့် အရေးကိစ္စများကိုဖြေရှင်းရန် ဤအကြံပေး ကော်မရှင်ကို ဖွဲ့စည်းခြင်းဖြစ်ပါသည်။ အကြံပေးကော်မရှင်တွင် ဘက်လိုက်မှု ကင်းသည့်၊ လူအများ လေးစားသည့်၊ အတွေ့အကြုံရင့်ကျက်သည့်၊ ထင်ပေါ်ကျော်ကြားသည့် မြန်မာနိုင်ငံသားပုဂ္ဂိုလ် (၆)ဦး၊ နိုင်ငံတကာမှ ပုဂ္ဂိုလ် (၃)ဦး တို့ဖြင့် စုစုပေါင်းအဖွဲ့ဝင် (၉)ဦး ပါဝင်မည်ဖြစ်ပါသည်။ အဆိုပါ ကော်မရှင်၏ ဥက္ကဋ္ဌအဖြစ် ကိုဖီအာနန်ဖောင်ဒေးရှင်း တည်ထောင် သူနှင့် ဥက္ကဋ္ဌဖြစ်သည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း နိုဘယ်လ်ဆုရှင် မစ္စတာကိုဖီအာနန် မှ ဆောင်ရွက်မည်ဖြစ်ပါသည်။ အကြံပေးကော်မရှင်၏အဖွဲ့ဝင်များ အဖြစ် အောက်ပါပုဂ္ဂိုလ်များ ပါဝင်မည်ဖြစ်ပါသည် -

 

(က)

ဦးဝင်းမြ

ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊

 

(ခ)

ဒေါက်တာသာလှရွှေ

နာယက၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊

 

(ဂ)

မစ္စတာဂါဆန်ဆလမ်

ယဉ်ကျေးမှုဝန်ကြီး (၂ဝဝဝ-၂ဝဝ၃)၊ လက်ဘနွန်နိုင်ငံ၊ ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်၏ အထူးအအကြံပေးပုဂ္ဂိုလ်(၂ဝဝ၃-၂ဝဝ၆)

 

(ဃ)

မစ္စ လက်တီတီရာ ဗန်ဒန် အာဆမ်

ကုလသမဂ္ဂအိတ်ချ်အိုင်ဗွီနှင့် အေအိုင်ဒီအက်စ် ဆိုင်ရာအစီအစဉ် (UNAIDS) ၏ အထူးအကြံပေး ပုဂ္ဂိုလ် (၂ဝဝ၅-၂ဝဝ၆) ဗြိတိန်နိုင်ငံဆိုင်ရာ နယ်သာလန်သံအမတ်ကြီး (၂ဝ၁၂-၂ဝ၁၅)

 

(င)

 

ဦးအေးလွင်

တည်ထောင်သူတစ်ဦးနှင့်အမြုတေအဖွဲ့ဝင်၊ ငြိမ်းချမ်းမေတ္တာအဖွဲ့(မြန်မာနိုင်ငံ)

 

(စ)

 

ဒေါက်တာမြသီတာ

ဥက္ကဋ္ဌ၊ သားဖွားမီးယပ်ပညာအဖွဲ့၊ မြန်မာနိုင်ငံဆရာဝန်များအသင်း၊ အဖွဲ့ဝင်၊ မြန်မာနိုင်ငံဆရာဝန်များအသင်း၊

 

(ဆ)

ဦးခင်မောင်လေး

အဖွဲ့ဝင်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊

 

(ဇ)

ဒေါ်စောခင်တင့်

ဥက္ကဋ္ဌ၊ ရခိုင်စာပေနှင့်ယဉ်ကျေးမှုအသင်း (ရန်ကုန်) ဒုတိယဥက္ကဋ္ဌ၊ ရခိုင်အမျိုးသမီးများ အသင်း၊

၃။ကော်မရှင်အနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့် ပြဿနာများအား ဖြေရှင်းနိုင်မည့်  အကောင်းဆုံး နည်းလမ်းများကို ရှာဖွေရန်အတွက် ပါဝင်သက်ဆိုင် သူများနှင့်လည်းကောင်း၊ နိုင်ငံတကာ ကျွမ်းကျင်သူများနှင့် လည်းကောင်း၊ နိုင်ငံတကာမှ အရေးပါသည့် ပုဂ္ဂိုလ်များနှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးပြီး ၎င်းတို့၏ အမြင်သဘောထားများကို ရယူလျက် လေ့လာသုံးသပ်မှုများ ပြုလုပ်မည်ဖြစ်ပါသည်။ ကော်မရှင်အနေဖြင့် ရခိုင်ဒေသရှိပြည်သူများ၏ လုံခြုံရေးနှင့် အခြေခံ အခွင့်အရေးများအား အာမခံချက်ပေးနိုင်ရေးကိစ္စ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကိစ္စများနှင့် အခြေခံလူမှုဝန်ဆောင်မှုများ ရရှိရေးကိစ္စများအား စဉ်းစား ဆောင်ရွက်မည်ဖြစ်ပါသည်။ ကော်မရှင်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခ ကြိုတင် ကာကွယ်ရေး၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပံ့ပိုးရေး၊ အခွင့်အရေးများနှင့် ပြန်လည်ရင်ကြားစေ့သင့်မြတ်ရေး၊ အခြေခံအဖွဲ့အစည်း အဆောက်အအုံများ တည်ထောင်ပေးရေး၊ ဖွံ့ဖြိုး တိုးတက်မှုမြှင့်တင်ရေး စသည့်ကဏ္ဍများအတွက် လေ့လာသုံးသပ်မှု ပြုလုပ်၍ အကြံပြု တင်ပြမှုများပြုလုပ်မည်ဖြစ်ပါသည်။ ထို့အပြင် ကော်မရှင်အနေဖြင့် ပြည်ပနိုင်ငံများတွင် ဒုက္ခသည် အဖြစ် ခံယူသူများ၏ ပင်ရင်းနိုင်ငံနှင့် နောက်ခံအကြောင်းအရာ အပါအဝင် နိုင်ငံတကာ ဆက်နွှယ်မှုတို့ကိုလည်း သုံးသပ်သွားမည်ဖြစ်ပါသည်။

 

၄။ကော်မရှင်အနေဖြင့် သက်ဆိုင်သူများနှင့် ကျယ်ပြန့်စွာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် ရှာဖွေတွေ့ရှိချက်များနှင့် လေ့လာသုံးသပ် အကြံပြုချက်များ ပါဝင်သည့် အစီရင်ခံစာကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ တစ်ဆင့် မြန်မာနိုင်ငံအစိုးရထံ တင်ပြမည်ဖြစ်ပြီး ပြည်သူလူထု သိရှိနိုင်ရေးအတွက်လည်း အစီရင်ခံစာကို ထုတ်ဝေဖြန့်ချိမည်ဖြစ်ပါသည်။ အစီရင်ခံစာကို ကော်မရှင် တည်ထောင်ပြီး ၁၂ လ ကာလထက်နောက် မကျစေဘဲ တင်ပြရမည် ဖြစ်ပါသည်။

 

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန

 နေပြည်တော်                

 ရက်စွဲ။ ၂ဝ၁၆ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်