ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် ၂/ ၂၀၁၆ ကျင်းပ

Printer-friendly versionSend by email
နေပြည်တော် ဩဂုတ် (၉)

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး အမှတ်စဉ် ၂/ ၂၀၁၆ ကို ယနေ့ နံနက် (၁၀) နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည် ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အမှာစကားပြောကြားသည်။

ထို့နောက် ဗဟိုကော်မတီအတွင်းရေးမှူး ဗိုလ်ချုပ်သန်းထွဋ်က ယခင်လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ၁/၂၀၁၆ ၏ အစည်းအဝေး ဆုံးဖြတ်ချက်များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည့်အချက်များနှင့် လိုအပ်ချက်များကို လည်ကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသလိုအပ်ချက်များကို လည်းကောင်း၊ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက ပြည်နယ်လုံခြုံရေးနှင့် စပ်လျဉ်း၍ လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက နိုင်ငံသားစိစစ်ရေး ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ ဒေသတွင်း ပြန်လည်နေရာ ချထားရေးနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဝင်းမြတ်အေးက ဒေသဖွံ့ဖြိုးရေး၊ လူမှုစီးပွားဘဝ တိုးတက်ရေးနှင့် လိုအပ်ချက်   များအား လည်းကောင်း၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးကျော်တင့်ဆွေက နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တက်ရောက်လာကြသူးများက ရခိုင်ပြည်နယ်အတွင်း တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့မှု အခြေအနေ၊ တွေ့ကြုံရသည့် အခက်အခဲ၊ လုပ်ငန်း လိုအပ်ချက်နှင့် ရှေ့ဆက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ ဒေသအာဏာပိုင်များ၊ လူမှုအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည့် အခြေအနေ များကို အကြံပြုဆွေးနွေး တင်ပြကြသည်။ ဆွေးနွေးတင်ပြချက်များအပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြန်လည်သုံးသပ် ပေါင်းစပ် ညှိနှိုင်းပေးပြီး ရေတို၊ ရေရှည် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဦးစားပေးအလိုက် ဆောင်ရွက်ကြရန်၊ ပြည်ထောင်စုဝန်ကြီးဌာန အချင်းချင်းအကြားတွင် လည်းကောင်း၊ ပြည်နယ် အစိုးရနှင့် ပူးပေါင်း၍ လည်းကောင်း နားလည်မှုရှိရှိ ပံ့ပိုးကူညီ ဆောင်ရွက်ကြရန်၊ ကြုံတွေ့လာ ရသော အခက်အခဲများကို ဖြေရှင်းနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။