နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုး တိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

Printer-friendly versionSend by email

နေပြည်တော် ဇူလိုင် ၁၄

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁ဝနာရီတွင် နေပြည်တော် နိုင်ငံတော်သမ္မတအိမ်တော်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင် အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်သည်။

 

ရှေးဦးစွာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် လက်တွေ့ လုပ်ဆောင်ချက်များဖြင့် သက်သေပြရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် တာဝန်ရှိ၍ လုပ်ဆောင်နေရခြင်း ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပါဝင်သူများ၏ ယုံကြည်မှု၊ ဒေသခံပြည်သူများ၏ ယုံကြည်မှု၊ နိုင်ငံသူ နိုင်ငံသားများ၏ ယုံကြည်မှုနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ယုံကြည်မှု ရရှိရန် လိုအပ်ကြောင်း၊ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ချက်များအပေါ် ကြုံတွေ့လာရသည့် အခက်အခဲ များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြ အကြံပြုကြစေလိုကြောင်းဖြင့် ပြောကြားသည်။

 

ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာနက ပထမအကြိမ် ဗဟ်ုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက် ဆယ်ချက် အပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီးရဲအောင်က ရခိုင် ပြည်နယ် အတွင်းရှိ မြို့နယ်များမှ နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဖြည့်ဆည်း ဆောင်ရွက် ပေးရန် တင်ပြချက် စုစုပေါင်း (၁၄၂) ချက်အား ဝန်ကြီးဌာနအလိုက် သက်ဆိုင်ရာကဏ္ဍများအား ဆောင်ရွက်နေမှု၊ ပြီးစီးမှုအခြေ အနေများကိုလည်းကောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနက နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဦးစားပေးအစီအစဉ်အလိုက် ဆက်လက်ဆောင်ရွက်ပေးမည့် လုပ်ငန်း အစီအမံများကို လည်းကောင်း ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြည်နယ်အတွင်း သဘာ၀ ဘေးဒဏ်ခံဒေသများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးနေမှု၊ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက် များနှင့် ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် ကဏ္ဍများ၊ NVC ကတ်ထုတ်ပေးမှု၊ အခက်အခဲများနှင့် လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက NVC ကတ် ထုတ်ပေးရေးလုပ်ငန်း အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အပြန်အလှန် ယုံကြည်မှုများရရှိအောင် အလုပ် အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန် လိုအပ်မှု၊ လုံခြုံရေးဆိုင်ရာများ ဆောင်ရွက်နေမှု အခြေအနေ များကို ရှင်းလင်း တင်ပြသည်။

 

ယင်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က နိုင်ငံသားစိစစ်မှု ခံယူမည့်သူ၏ သက်သေခံ ကတ်ပြား စုစုပေါင်း (၁၉၁၉) ခု ထုတ်ပေးခဲ့မှု၊ ဆက်လက် ထုတ်ပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုနှင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနက လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေပုံမြို့နှင့် တောင်ကုတ်မြို့များတွင် သဘော၀ဘေးဒဏ် ကြုံတွေ့ပါက ယာယီအသုံးပြုနိုင်ရန် မုန်တိုင်းဒဏ်ခံ အဆောက်အဦများ ဆောက်လုပ်ပေးထားမှု၊ ပြည်နယ်တွင်း မြို့နယ်အလိုက် မုန်တိုင်းဒဏ်ခံ အဆောက်အဦများ ဆက်လက် ဆောက်လုပ်ပေးရန် စီစဉ်ဆောင်ရွက် ထားရှိမှု၊ ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွား ဘ၀ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်း တင်ပြသည်။

 

ထို့နောက် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ က နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ နိုင်ငံတကာ အကူအညီများ လိုအပ်ချက်နှင့်အညီ ရရှိရေး ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ အစည်းအဝေး တက်ရောက်လာကြသူများက ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းကြပြီး ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် များကို သဘောတူ ဆုံးဖြတ်ကြသည်။

 

ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တစ်ချိန်တည်း တစ်ပြိုင်တည်း အကောင် အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များတွင် ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် ပြည်နယ်အစိုးရ ချိတ်ဆက် ဆောင်ရွက်ရာတွင် နားလည်မှုရှိရှိ ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးကြောင်း၊ ယခု အစည်းအဝေးဆုံး ဖြတ်ချက်များသည် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရာတွင် တိုးတက်မှုများစွာ ရရှိမည်ဖြစ်သည့်အတွက် အားလုံးက တက်ညီ လက်ညီဖြင့် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

 

အဆိုပါအစည်းအဝေးသို့ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌများ၊ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ရခိုင်ပြည် နယ်ဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီး ဌာနများမှ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။