အပြန်အလှန်ယုံကြည်မှုမှ တည်ငြိမ်အေးချမ်းမှု၊ ထိုမှတစ်ဆင့် ရေရှည်ဖွံ့ဖြိုး တိုးတက်မှုတို့ကို ဖော်ဆောင်မည်

Printer-friendly versionSend by email

ဇူလိုင် ၁၄

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်များ ဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို စနစ်တကျ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရေးနှင့် အချိန်တိုအတွင်း သိသာထင်ရှားသည့် အောင်မြင်မှုများ ရရှိရေး အတွက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည် ဖော်ရေး ဗဟိုကော်မတီကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ၊ အဖွဲ့ဝင် ၂၂ ဦး ဖြင့်ဖွဲ့စည်းပြီး ဗဟိုကော်မတီအောက်တွင်လည်း လုပ်ငန်းကော်မတီလေးခုကို ထပ်မံဖွဲ့စည်းကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုး တိုးတက်ရေး အကောင်အထည်ဖော်ရေးဗဟိုကော်မတီ အဖွဲ့ဝင်များကို ဒေသတည်ငြိမ် အေးချမ်း ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ မြန်မာ့ သတင်းစဉ်မှ တွေ့ဆုံ မေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

ဦးညီပု (ရခိုင်ပြည်နယ် ဝန်ကြီးချုပ်)

မေး။ ။ဝန်ကြီးချုပ်ခင်ဗျား၊ ဒီနေ့ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယ အကြိမ် မြောက် ကျင်းပတယ်လို့ သိရပါတယ်။ ဒီအစည်းအဝေးမှာ ဘယ်အကြောင်းအရာတွေကို အဓိက ထားဆွေးနွေးပြီးတော့ ဘယ်လိုဆုံးဖြတ်ချက်တွေ ရခဲ့ပါသလဲ။

ဖြေ။ ။သဘောတူညီချက်တွေ တော်တော်များများ ရှိပါတယ်။ ဆုံးဖြတ်ချက်မှာ အထူးသဖြင့်တော့ ကျွန်တော်တို့ရခိုင်ပြည်နယ် ဖွံ့ဖြိုးမှုနဲ့တိုးတက်မှု၊ အကောင်အထည်ဖော်ရေး ကို အရှိန်အဟုန်မြှင့်ပြီး တော့ ဆောင်ရွက်သွားဖို့ပါ။ ကျွန်တော့ဘက်အပိုင်းမှာတော့ ကျွန်တော်က တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးရေး ကို အဓိကထားပြီး ဆွေးနွေးပါတယ်။ ကျန်တဲ့ ဗဟိုကော်မတီဝင်တွေကလည်း သူ့ကဏ္ဍအလိုက် ပြည်ထဲရေးတို့၊ နယ်စပ်ရေးရာတို့၊ လူဝင်မှုကြီးကြပ်ရေးတို့ကလည်း သူ့ကဏ္ဍနဲ့သူတော့ အားလုံး ပြည့်ပြည့်စုံစုံ ဆွေးနွေးကြပါတယ်။ လတ်တလောကတော့ ကျွန်တော်တို့ ပြည်နယ်မှာ တည်ငြိမ်မှု ရှိနေတယ်လို့ ပြောလို့ရပါတယ်။ ဒါတွေကို ကျွန်တော်တို့ဘက်က ဆွေးနွေးတယ်။ နောက်တစ်ခုက ကျွန်တော်တို့ဒေသမှာ ဘယ်လိုအခြေခံ အဆောက်အအုံတွေရှိတယ်။ ဘယ်လိုလုပ်ငန်းတွေကို အကောင်အထည်ဖော်သွားမယ်၊ ဘာတွေကို ပူးပေါင်းဆောင်ရွက်သွားရင် အောင်မြင်မှုတွေ ရနိုင်မယ်၊ အောင်မြင်လာတာနဲ့အမျှ ဖွံ့ဖြိုးမှုလည်းပဲ တစ်ပြိုင်နက်ဖြစ်လာမယ်ဆိုတဲ့ အကြောင်း အရာတွေကို ဆွေးနွေးဖြစ်ပါတယ်။

ဒီအပေါ်မှာ ဆွေးနွေးညှိနှိုင်းပြီးတော့ စောစောကပြောတဲ့ သဘောတူညီချက်တွေ၊ ဆုံးဖြတ်ချက်တွေ ထွက်ပေါ်လာတာပါ။ သဘောတူညီချက်ကလည်း ဒီဒေသ ဖွံ့ဖြိုးရေးကိစ္စတွေကို ဆက်ပြီးတော့ အကောင်အထည်ဖော်သွားမယ်။ တစ်ဖက်ကလည်း နိုင်ငံသားကတ်၊ နိုင်ငံသားဖြစ်ရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆက်လက်စိစစ်တဲ့ လုပ်ငန်းတွေကို ဆက်ပြီးဆောင်ရွက်သွားမယ်။ အဲ့ဒီအပေါ်မှာ ဒီဥပဒေနဲ့ ကိုက်ညီတဲ့ အနေအထားတွေရှိခဲ့ရင် ဒီအခွင့်အရေးတွေကို အပြည့်အဝ ပေးနိုင်အောင်၊ နိုင်ငံသားဖြစ်ခွင့် ရရှိအောင် လုပ်သွားဖို့ ဒါတွေ ဆုံးဖြတ်ပါတယ်။ ဥပမာဆိုရင် ကျွန်တော်တို့ ဒီသုံးခေါက်ချိုးကတ် နဂိုကတည်းကရထားတဲ့ လူမျိုးတွေဟာ ဆက်ပြီးတော့ နိုင်ငံသားဖြစ်ခွင့်နဲ့ နိုင်ငံသားကတ် ရရှိအောင် ဆောင်ရွက်ပေးသွားဖို့၊ နောက်အဲ့ဒီလို နိုင်ငံသားဖြစ်ခွင့် ရထားတဲ့ လူတွေဟာ လွတ်လွတ်လပ်လပ် သွားလာနိုင်အောင် ဆောင်ရွက်ပေးဖို့၊ သူတို့အတွက် ကျန်းမာရေး၊ ပညာရေးကိစ္စတွေမှာလည်းပဲ ပြည့်ပြည့်၀ဝရနိုင်အောင် ဆောင်ရွက်ပေးဖို့ နောက်တစ်ခါ အထူးသဖြင့် အမျိုးသမီးတွေ၊ လူငယ်ကဏ္ဍတွေကိုလည်း မြှင့်တင်ပြီးတော့ ဆောင်ရွက်သွားဖို့ ဆိုတဲ့ သဘောတူညီ ချက်တွေ၊ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ပါတယ်။

မေး။ ။ဒီကနေ့ ကြားသိနေရတာကတော့ NVC နဲ့ ပတ်သက်လို့ ပြည်သူတွေ နားလည် သဘောပေါက်မှုတွေ အားနည်းနေတယ်လို့ သိရပါတယ်။ NVC ရဲ့ အဓိပ္ပာယ်နဲ့ ရည်ရွယ်ချက်ကို ရှင်းပြပေးပါ။

ဖြေ။ ။NVC ရဲ့ ရည်ရွယ်ချက်ကိုက နိုင်ငံသားစိစစ်တဲ့လုပ်ငန်းပါပဲ။ နိုင်ငံသားဖြစ်ခွင့် စိစစ်တဲ့ လုပ်ငန်းဆိုတော့ ဒီကတ်ကနေအခြေခံပြီးတော့ နောက်ပိုင်းမှာ နိုင်ငံသား တစ်ယောက်ဖြစ်ခွင့် ရှိရင်လည်း နိုင်ငံသားဖြစ်ခွင့်ရနိုင် အောင်ဆိုတဲ့ ရည်ရွယ်ချက်ပါပဲ။

မေး။ ။ဗဟိုကော်မတီနဲ့ အောက်ခြေအထိ ချိတ်ဆက်မှုရှိရှိနဲ့ ဒီလုပ်ငန်းတွေ အရှိန်အဟုန် ကောင်းကောင်းနဲ့ လုပ်နိုင်အောင် ဝန်ကြီးချုပ်တို့အနေနဲ့ ဘယ်လိုစီစဉ်ဆောင်ရွက်သွားမလဲ ဆိုတာလည်း ပြောပြပေးပါ။

ဖြေ။ ။ဒါကို အရှိန်မြှင့်ဆောင်ရွက်မယ်ဆိုတဲ့ အခါကျတော့ ဗဟိုနဲ့ကျွန်တော်တို့ အောက်ခြေ ပြည်နယ်နဲ့က ပိုပြီးတော့ ထိစပ်မှုတွေရှိအောင်၊ ပူးပေါင်းဆောင်ရွက်နိုင်အောင် ဆုံးဖြတ်ပြီး သဘောတူပြီးတော့ လုပ်ထားတာရှိပါတယ်။ ဒါကြောင့်မို့လို့ ဒါက ဆက်လုပ်သွားမှာပါ။

မေး။ ။ဗဟိုကော်မတီအနေနဲ့ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်မှုတွေထဲက တိုးတက်မှုနဲ့ လက်တွေ့ပြလို့ရတဲ့ ရလဒ်တွေရှိရင်လည်း ပြောပြပေးပါ။

ဖြေ။ ။အကောင်အထည်ဖော် ဆောင်ရွက်တဲ့အခါ ပြည်ထောင်စုဝန်ကြီးတွေ ကိုယ်တိုင်လာတဲ့ အခါမှာ ဒေသလိုအပ်ချက်တွေကို တတ်နိုင်သမျှ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေးကအစ တောင်းဆိုချက်တွေကို ဖြည့်ဆည်းပြီး ဆောင်ရွက်ပေးတဲ့အတွက် ပြည်သူတွေက လိုလိုလားလားနဲ့ ဒီအပေါ်မှာ ကျေနပ်မှုတွေ ရှိပါတယ်။ နောက်လည်းပဲ ဒီလို ဆက်လုပ်မယ်လို့ ပြောလည်းပြောထားတယ်။ လုပ်လည်းလုပ်မှာဖြစ်တဲ့အတွက် ပြည်သူ တွေကတော့ ဒီအပေါ်မှာ လိုလားမှုတွေ၊ ကျေနပ် မှုတွေ ပိုဖြစ်လာမှာပါ။

မေး။ ။ဝန်ကြီးချုပ်အနေနဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေတဲ့ လုပ်ငန်းနဲ့ပတ်သက်လို့ ပြည်သူကို ရှင်းပြချင်တာ၊ ပြောပြချင်တာရှိလည်း ပြောပြပေးပါ။

ဖြေ။ ။ပြည်သူကို ပြောချင်တာကတော့ ကျွန်တော်တို့ တာဝန်ယူတဲ့ကာလကလည်း သိပ်ပြီးတော့ မကြာသေးပါဘူး။ မကြာသေးပေမယ့်လည်း ကျွန်တော်တို့ အစွမ်းကုန် လုပ်ဆောင်နေတယ်။ လုပ်ဆောင်နေတဲ့အတွက်ကြောင့်လည်း တည်ငြိမ်မှုတွေရလာသလို၊ ဖွံ့ဖြိုးမှုလုပ်ငန်းတွေလည်း တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်နေတာ ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ ဒီအပေါ်မှာ ယုံယုံကြည်ကြည်နဲ့ ကျွန်တော်တို့ဆောင်ရွက်မှုအပေါ်မှာလည်းပဲ နားလည်သဘောပေါက်ပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်လို့ ပြောကြားလိုပါတယ်။

ဦးသိန်းဆွေ (ပြည်ထောင်စုဝန်ကြီး)

မေး။ ။ဒီနေ့ကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီအစည်းအဝေးမှာ ဘယ်လိုဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ကြ တယ်ဆိုတာ သိပါရစေ။

ဖြေ။ ။နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဥက္ကဋ္ဌအဖြစ်ပါဝင်တဲ့ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ အစည်းအဝေးကို ဒီနေ့ မနက် ၁၀ နာရီမှာ နိုင်ငံတော်သမ္မတအိမ်တော်အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ပါတယ်။ ခရီးလွန်နေတဲ့ ကော်မတီဝင်တွေကလွဲလို့ ကျန်တဲ့ ဗဟိုကော်မတီဝင်တွေအားလုံး တက်ရောက်ကြ ပါတယ်။ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရမယ့် လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ယခင်အစည်းအဝေးမှာ ချမှတ်ခဲ့တဲ့ လုပ်ငန်းတွေကို ဘယ်လောက် အထိ ဆောင်ရွက်ပြီးပြီ၊ ဘယ်လောက်အထိ ဆောင်ရွက်ဖို့ ကျန်သေးတယ်ဆိုတာတွေနဲ့ ရှေ့ ဆက်လက် ဆောင်ရွက်သွားရမယ့် လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ကြ တယ်။ အဲ့ဒီဆုံးဖြတ်ချက် တွေကတော့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီနဲ့ လုပ်ငန်းစဉ်တွေ ဆောင်ရွက်ရာမှာ ဗဟိုကော်မတီနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ယခုထက် ပိုမိုချိတ်ဆက်ဆောင်ရွက်သွားဖို့။

NV CARD ထုတ်ပေးရခြင်းရဲ့ ရည်ရွယ်ချက်၊ အဓိပ္ပာယ်၊ သဘောသဘာ၀တွေ အများပြည်သူ သိရှိနားလည်သဘောပေါက်စေရေး ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းသွားဖို့။ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ မြှင့်တင် ဆောင်ရွက်ပေးဖို့။ အမျိုးသားမှတ်ပုံတင်ကတ်ပြား (သုံးခေါက်ချိုး) ကိုင်ဆောင်သူတွေကို NV CARD လဲလှယ်ဖို့မလိုဘဲ လုပ်ထုံးလုပ်နည်းနဲ့အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေ စိစစ်ထုတ် ပေးသွားဖို့။ NVC CARDရရှိပြီးတဲ့သူတွေကို မြို့တွင်း၊ ရွာတွင်း လွတ်လပ်စွာ သွားလာခွင့် ပြုနိုင်ဖို့အတွက် အချို့နေရာတွေမှာ စမ်းသပ်ဆောင်ရွက်သွားဖို့။ NVC CARDထုတ်ပေးရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အလိုက် ကော်မတီတွေ ပိုမို အောင်မြင်အောင် ဆောင်ရွက်သွားဖို့။ နိုင်ငံသားစိစစ်ရေး လုပ်ငန်းတွေ ဆောင်ရွက် ရာမှာ ပြည်နယ်/ မြို့နယ် အဆင့် နိုင်ငံသား (သို့မဟုတ်) နိုင်ငံသား ပြုခွင့်ရသူဆိုင်ရာ စုံစမ်းစစ်ဆေးရေး အဖွဲ့တွေက မြန်မြန်ဆန်ဆန် စိစစ်ပြီး ဗဟိုအဖွဲ့ကို တင်ပြသွားဖို့။ နိုင်ငံသားစိစစ်ရေးကတ် ရရှိထားတဲ့ ကမန်လူမျိုးတွေ လွတ်လပ်စွာ သွားလာခွင့်ပြုဖို့။ ရခိုင်ပြည်နယ်မှာရှိတဲ့ အမျိုးသမီးတွေ အတွက် ကျန်းမာရေး ဆောင်ရွက်မှုတွေနဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ (SME) ဝင်ငွေတိုးတက်စေရေး လုပ်ငန်းတွေ အလေးထားထူထောင်ဆောင်ရွက်ပေးဖို့။ ရခိုင် ပြည်နယ် အတွင်းမှာရှိတဲ့ ဒေသခံတွေရဲ့ ကျန်းမာရေးအတွက် သွားလာနိုင်ရေးကိစ္စတွေမှာ ပိုမိုသိသာ ထင်ရှားစွာ ဆောင်ရွက်ပေးရေးနဲ့ လုံခြုံရေး ပိုမိုဆောင်ရွက်ပေးဖို့။ ရခိုင်ပြည်နယ် အတွင်းမှာရှိတဲ့ ကလေးတွေအတွက် မွေးစာရင်းတွေ (Birth Certificate) စိစစ်ထုတ်ပေးနိုင်ရေး လုပ်ငန်းကော်မတီတစ်ရပ်ဖွဲ့စည်းပြီး မြန်မြန်ဆန်ဆန် အကောင်အထည်ဖော် ဆောင်ရွက်ပေး သွားဖို့။ ရခိုင်ပြည်နယ်အတွင်း သဘာ၀ဘေးအန္တရာယ် ကျရောက်မှုခံခဲ့ရတဲ့ နှစ်ဖက်လူ့ အဖွဲ့အစည်း ကို ကူညီထောက်ပံ့မှု ဆောင်ရွက်ပေးဖို့နဲ့ ပြည်ထောင်စု ဝန်ကြီးတွေရဲ့ ရခိုင်ပြည်နယ် ခရီးစဉ် အတွင်းက တင်ပြချက် (၁၄၂) ချက်အပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးကြဖို့နဲ့ တိုးတက်မှု အခြေအနေတွေကို ဗဟိုကော်မတီကို ပုံမှန်တင်ပြသွားဖို့ တွေဖြစ်ပါတယ်။

မေး။ ။ရခိုင်ပြည်နယ်အတွင်းမှာ နိုင်ငံသားစိစစ်မှုခံယူမည့်သူ၏ သက်သေခံကတ်ပြား NV CARD ထုတ်ပေးမှု အခြေအနေတွေကို သိလိုပါတယ်။

ဖြေ။ ။ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဇွန်လ ၇ ရက် ကစပြီး NV CARD ထုတ်ပေးခြင်း လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။ ရှေးဦးစွာ မြေပုံ၊ ကျောက်ဖြူ၊ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ စတင်ဆောင်ရွက်ခဲ့ပြီး စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်၊ တောင်ပြိုလက်ဝဲနဲ့ သံတွဲမြို့နယ် တွေမှာ ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။ ဒီနေ့အထိ NV CARD စုစုပေါင်း ၁၉၃၀ ကို သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေက စိစစ်ထုတ်ပေးခဲ့ပါတယ်။

မေး။ ။NV CARD ထုတ်ပေးနေတာတွေနဲ့ ပတ်သက်ပြီး နားလည်မှုလွဲမှားနေတာတွေကို ဘယ်လို ရှင်းလင်းပြောကြားလိုပါသလဲ။

ဖြေ။ ။နားလည်မှုလွဲတယ် ဆိုတာထက် NV CARD ထုတ်ပေးနေတဲ့ အခြေအနေတွေကို ရှင်းရှင်းလင်းလင်း ကွဲကွဲပြားပြား မသိဘူးလို့ ဆိုရမှာဖြစ်ပါတယ်။ အရင်ကလည်း NVC CARD တွေ ထုတ်ပေးခဲ့တယ်။ အဲ့ဒီမှာ NV CARD ပေါ်မှာပါတဲ့ အချက်အလက်အချို့ကို ဒေသခံ ပြည်သူတွေက မနှစ်သက်တဲ့အတွက် ဆောင်ရွက်ခြင်းမရှိခဲ့ပါဘူး။ ယခုအခါမှာ ဒေသခံတွေ လက်ခံနိုင်တဲ့ အချက်အလက်တွေကို ထည့်သွင်းထားတဲ့အတွက် NV CARD ထုတ်ပေးခြင်းနဲ့ နိုင်ငံသားစိစစ်ရေး လုပ်ငန်းတွေမှာ ထိခိုက်မှုမရှိ ပါဘူး။ ၁၉၈၂ ခုနှစ် နိုင်ငံသား စိစစ်ရေး ဥပဒေနဲ့အညီ ပြည်သူကိုဗဟိုပြုပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားမှာဖြစ်တယ်။ ဒါကြောင့် NVC CARD ထုတ်ပေးခြင်းနဲ့ ပတ်သက်ပြီး သံသယရှိတယ်၊ သိလိုတာတွေရှိတယ်ဆိုရင် တာဝန်ရှိသူတွေက NVC CARD ထုတ်ပေးရခြင်းနဲ့ ရှေ့ဆက်လက် ဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ်တွေကို ဂဃနဏ ရှင်းလင်း ပြောကြားသွားမှာ ဖြစ်ပါတယ်။ လက်ခံလာလိမ့်မယ် လို့လည်း ယုံကြည်ပါတယ်။

မေး။ ။NVC CARD ထုတ်ပေးမှုတွေနဲ့ ပတ်သက်ပြီး ဘယ်လိုဆက်လက် ဆောင်ရွက်သွားမယ် ဆိုတာကို သိလိုပါတယ်။

ဖြေ။ ။NVC CARD တွေ ထုတ်ပေးပြီးနောက်ပိုင်းမှာ နိုင်ငံသားစိစစ်မှုလုပ်ငန်းတွေကို စနစ်တကျ ဆောင်ရွက်ပါမယ်။ ပြီးရင်ရသင့်တဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေကို ထုတ်ပေး သွားမှာဖြစ်တဲ့အတွက် နိုင်ငံသားရရှိတဲ့ အဆင့်အတန်းပေါ်မူတည်ပြီး အခွင့်အရေး တွေပေးသွားမှာ ဖြစ်တယ်။ တစ်ပြိုင်နက် အဲ့ဒီဒေသ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဝန်ကြီးဌာန အားလုံးက ဝိုင်းဝန်း ဆောင်ရွက် သွားမှာဖြစ်တယ်။

ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် (ပြည်ထောင်စုဝန်ကြီး)

မေး။ ။ဒီကနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီအစည်းအဝေးမှာ ဘာတွေများဆွေးနွေး ခဲ့ပါသလဲခင်ဗျား။

ဖြေ။ ။ကျွန်တော့အနေနဲ့ ဒီနေ့ဗဟိုကော်မတီ အစည်းအဝေးမှာ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေးဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီ (၄) ခုဖွဲ့စည်း ဆောင်ရွက်နေမှု အခြေအနေ၊ ပြည်ထောင်စုဝန်ကြီးတွေ ရခိုင်ပြည်နယ်ကို ကွင်းဆင်း ဆောင်ရွက်ခဲ့မှု အခြေအနေ၊ ရခိုင်ပြည်နယ် အတွင်း နိုင်ငံသားစိစစ်ခံရမယ့်သူတွေရဲ့ သက်သေခံ ကတ်ပြား (NV CARD) ထုတ်ပေးရေးဆိုင်ရာဆောင်ရွက်ထားရှိမှုအခြေအနေ၊ နှစ်ဖက်လူ့ အဖွဲ့အစည်းရဲ့ တင်ပြချက်တွေနဲ့ အရှိန်အဟုန်မပျက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် သွားသင့်တဲ့ အခြေအနေတွေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။

ဗဟိုကော်မတီကို ဖွဲ့စည်းပြီးနောက်မှာ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ကျွန်တော်ခေါင်းဆောင်ပြီး ပြည်ထောင်စုဝန်ကြီးတွေနဲ့အတူ ၂၀၁၆ ခုနှစ် မေ ၃၁ ရက် မှ ဇွန် ၃ ရက်အထိ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ် များကို မြေပုံမြို့နယ်၊ စစ်တွေမြို့ နယ်၊ ကျောက်ဖြူမြို့နယ်၊ သံတွဲမြို့နယ်များအတွင်းရှိ ဒေသခံ ပြည်သူများ၊ မြို့မိ/ မြို့ဖများ၊ လူ့အဖွဲ့အစည်းတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီခရီးစဉ်မှာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်ပေးစေလိုတဲ့ ဒေသခံတွေရဲ့ တင်ပြချက်၊ ဌာနဆိုင်ရာတွေရဲ့ တင်ပြချက်စုစုပေါင်း ၁၄၂ ချက်ရှိခဲ့ပါတယ်။ အဲဒီတင်ပြချက်တွေနဲ့စပ်လျဉ်းပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ဘဏ္ဍာငွေ ခွင့်ပြုဝင်ဆံ့မှု အပေါ်မူတည်ပြီး ဦးစားပေးအစီအစဉ်အလိုက် လျာထားအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိတဲ့လုပ်ငန်းတွေရဲ့ ပြီးစီးမှု၊ ဆောင်ရွက်ဆဲ၊ လျာထားစီမံဆဲလုပ်ငန်းတွေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။

ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာနက ပထမအကြိမ် ဗဟိုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက် ၁၀ ချက်အပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြည့်ဆည်း ဆောင်ရွက်ပေးရန် တင်ပြချက် စုစုပေါင်း ၁၄၂ ချက်ကို ဝန်ကြီးဌာနအလိုက် သက်ဆိုင်ရာ ကဏ္ဍများအား ဆောင်ရွက်နေမှု၊ ပြီးစီးမှုအခြေအနေများကို လည်းကောင်း၊ သက်ဆိုင်ရာ ဝန်ကြီး ဌာနက နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးအစီအစဉ်အလိုက် ဆက်လက် ဆောင်ရွက်ပေးမည့် လုပ်ငန်း အစီအမံများကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြည်နယ်အတွင်း သဘာ၀ဘေးဒဏ်ခံဒေသများအား ကူညီကယ် ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကဏ္ဍများ၊ NVC ကတ်ထုတ်ပေးမှု၊ အခက်အခဲ များနှင့် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက NVC ကတ်ထုတ်ပေးရေးလုပ်ငန်း အပြည့်အဝအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အပြန်အလှန်ယုံကြည်မှုများရရှိအောင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန် လိုအပ်မှု၊ လုံခြုံရေးဆိုင်ရာများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက နိုင်ငံသားစိစစ်မှု ခံယူမည့်သူ၏ သက်သေခံ ကတ်ပြား စုစုပေါင်း ၁၉၁၉ ခုထုတ်ပေးခဲ့မှု၊ ဆက်လက်ထုတ်ပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုနှင့် နိုင်ငံသား စိစစ်ရေး လုပ်ငန်းများ ကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေပုံမြို့နှင့် တောင်ကုတ်မြို့များတွင် သဘာ၀ဘေး ဒဏ်ကြုံတွေ့ပါက ယာယီအသုံးပြုနိုင်ရန် မုန်တိုင်းဒဏ်ခံ အဆောက်အအုံများ ဆောက်လုပ်ပေး ထားမှု၊ ပြည်နယ်တွင်း မြို့နယ်အလိုက် မုန်တိုင်းဒဏ်ခံ အဆောက်အအုံများ ဆက်လက် ဆောက်လုပ်ပေးရန် စီစဉ်ဆောင်ရွက်ထားရှိမှု၊ ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ ကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ နိုင်ငံတကာအကူအညီများ လိုအပ်ချက်နှင့်အညီ ရရှိရေး ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသူများက ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို အပြန်အလှန်ဆွေးနွေးညှိနှိုင်းကြပြီး ဆက်လက်ဆောင်ရွက် သွားမည့် လုပ်ငန်း စဉ်များကို သဘောတူဆုံးဖြတ်ကြသည်။

ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တစ်ချိန်တည်းတစ်ပြိုင်တည်း အကောင် အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များတွင် ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် ပြည်နယ် အစိုးရ ချိတ်ဆက်ဆောင်ရွက်ရာတွင် နားလည်မှုရှိရှိ ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးကြောင်း၊ ယခု အစည်းအဝေး ဆုံးဖြတ်ချက်များသည် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုး တိုးတက်ရေး အကောင်အထည်ဖော်ရာတွင် တိုးတက်မှုများစွာ ရရှိမည်ဖြစ်သည့် အတွက် အားလုံးက တက်ညီလက်ညီဖြင့် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အဆိုပါ အစည်းအဝေးသို့ ဗဟိုကော်မတီဒုတိယ ဥက္ကဋ္ဌများ၊ လုပ်ငန်းကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်ထောင်စု ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။