ပထမအဆင့်အနေနဲ့ သက်သေခံကတ်၊ ဒုတိယအဆင့်အနေနဲ့ နိုင်ငံသားစိစစ်ရေးလုပ်ငန်းတို့ကို ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်

Printer-friendly versionSend by email

ရခိုင်ပြည်နယ်အတွင်း နေထိုင်သူများအတွက် နိုင်ငံသားကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်ခွင့်ရရှိစေရန် ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန် ရည်ရွယ်ပြီး တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထိုအခြေအနေနှင့် စပ်လျဉ်း၍ လက်ရှိဆောင်ရွက်နေမှုကိုသိရှိနိုင်ရန် ရခိုင်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးဝင်းလွင်အား မေးမြန်းထားသည်များကို ပြန်လည်တင်ပြ လိုက်ပါသည် -

 

မေး။ ။ ဒီနေ့အထိ နိုင်ငံသားစိစစ်မှုခံယူဖို့ ဆောင်ရွက်နေတာ ဘယ်လိုအခြေအနေရှိပါသလဲ။ ဘယ်လောက် ပြီးစီးသွားပြီလဲဆိုတာ သိချင်ပါတယ်ခင်ဗျာ။

 

ဖြေ။ ။ ဒီနေ့ မြေပုံမြို့မှာ အမျိုးသား ၅၇ ဦးနဲ့ အမျိုးသမီး ၆၉ ဦး ၊ ကျောက်ဖြူမြို့မှာ အမျိုးသား ၄၁ ဦးနဲ့ အမျိုးသမီး ၅၁ ဦးတို့ရဲ့ နိုင်ငံသားစိစစ်မှုခံယူမယ့် သူရဲ့သက်သေခံကတ်ပြား (NVC) ထုတ်ဝေခြင်း လုပ်ငန်းတွေကို ဆောင်ရွက်ကြပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်မှာကတော့ ကတ်မှာ လူမျိုးနဲ့ ဘာသာ မပါလို့ဆိုပြီး ညှိနှိုင်းဆဲဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်မှ မလုပ်သေးပါဘူး။ ရပ်မိရပ်ဖတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေ ညှိနှိုင်းပြီးမှစိစစ်တဲ့အဖွဲ့ကို ပြန်ပြောမယ်လို့ ပြောပါတယ်။ ဒါကြောင့် မြေပုံနဲ့ ကျောက်ဖြူ မှာ ဆက်လက်ဆောင်ရွက်သွားပါမယ်။

 

မေး။ ။ ပုဏ္ဏားကျွန်းမြို့နယ်မှာ လုပ်ငန်းဆောင်ရွက်မှု အခက်အခဲ ဖြစ်ပေါ်နေတာနဲ့ ပတ်သက်ပြီး နည်းနည်းလောက်ထပ်မံရှင်းပြပေးပါ။

 

ဖြေ။ ။ ပုဏ္ဏားကျွန်းမြို့နယ်မှာ လုပ်ငန်းဆောင်ရွက်တဲ့အခါ လူမျိုး၊ဘာသာမပါလို့ဆိုပြီး ကောက်ယူ ရရှိခြင်းမရှိသေးပါဘူး။ သူတို့နေရာက IDP Camp မဟုတ်ပါဘူး။ သီးခြားနေထိုင်တဲ့ရွာလေး တစ်ရွာ ဖြစ်ပါတယ်။ နောက်တစ်ခုက သူတို့ကိုလွှမ်းမိုးထားတဲ့ ဘာသာရေးတွေ၊ ရပ်မိရပ်ဖတွေ ကလည်း ဂဃဏန အခြေအမြစ်ကို ပြောဆိုနိုင်ခြင်းမရှိပါဘူး။ ပညာအခြေခံနည်းတာလည်း ပါကောင်း ပါပါလိမ့်မယ်။

 

မေး။ ။ အခုလို ဆောင်ရွက်တဲ့နေရာမှာ ကုန်ကျစရိတ်ကို ဘယ်လိုကျခံရပါသလဲ။

 

ဖြေ။ ။အဲဒီမှာ ပုံစံဖြည့်တာ၊ ရေးသားတာတွေကို ကျွန်တော်တို့ လဝကက အဓိက ဆောင်ရွက်ပေး ပါတယ်။ ဓာတ်ပုံရိုက်တာ၊ ဓာတ်ပုံထုတ်တာတွေကိုကျောက်ဖြူ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက အခမဲ့ကူညီပေးပါတယ်။ မြေပုံမြို့မှာတော့ မိမိအစီအစဉ်နဲ့ ဓာတ်ပုံရိုက် ပါတယ်။

 

မေး။ ။ နိုင်ငံသားစိစစ်မှုခံယူမယ့်လုပ်ငန်းစဉ်ကို သိချင်ပါတယ်။

 

ဖြေ။ ။ ပထမအဆင့်အနေနဲ့ နိုင်ငံသားစိစစ်ခံရမယ့်သူရဲ့ သက်သေခံကတ်ပေးမယ်။ ဒုတိယအဆင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့က သေသေချာချာ ရှင်းပြပေမယ့် သူတို့ကညှိနှိုင်းဦးမယ်၊ ပြန်စဉ်းစားဦးမယ်လို့ပြောပါတယ်။ အတွေးအခေါ်ပိုင်း လိုတယ်လို့ သုံးသပ်ပါတယ်။ ကျောက်ဖြူနဲ့ မြေပုံမှာလည်း လူမျိုး၊ ဘာသာ ကောက်ယူခြင်းမရှိပါဘူး။ အားလုံး နိုင်ငံသားဖြစ်တာကိုပဲ အဓိကထားဆောင်ရွက်တာဖြစ်ပါတယ်။ အဲဒီမြို့နှစ်မြို့ကို အဆင်ပြေ အောင် ဆောင်ရွက်သွားမယ်ဆိုရင် ပုဏ္ဏားကျွန်းမှာလည်း အဆင်ပြေသွားမယ်လို့ ထင်ပါတယ်။ အဲဒီ နိုင်ငံသား စိစစ်ရေးလုပ်ငန်းစဉ်ဆောင်ရွက်ခြင်းကို လျာထားရက် ခုနစ်ရက် သတ်မှတ်ထားပါတယ်။ လုပ်ငန်းစဉ် ကို ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ ချိန်ထိုးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အမေက နိုင်ငံသားဖြစ်ပြီး အဖေက နိုင်ငံသားဖြစ်တယ်ဆိုရင် မွေးလာတဲ့ကလေးသည် နိုင်ငံသားဖြစ်ပါမယ်။ အဖေက နိုင်ငံသား ပြုခွင့်ရသူဖြစ်တယ်၊ အမေက နိုင်ငံသားပြုခွင့်ရသူဆိုရင် မွေးလာတဲ့ကလေးဟာ နိုင်ငံသားဖြစ်ချင်မ ဖြစ်ပါမယ်။ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီဆောင်ရွက်မှာဖြစ်ပါတယ်။