ဒုတိယသမ္မတ ဦးမြင့်ဆွေ ၂၀၂၁ ခုနှစ်၊ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email
ဒုတိယသမ္မတ ဦးမြင့်ဆွေ ၂၀၂၁ ခုနှစ်၊ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
 
နေပြည်တော် ဒီဇင်ဘာ ၁၆
 
၂၀၂၁ ခုနှစ်၊ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ၂၀၂၁ ခုနှစ်၊ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။
 
အစည်းအဝေးသို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်စိုးတင့်နိုင်နှင့် ဦးဝင်းမော်ထွန်း၊ နေပြည်တော်ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်နှင့် ဦးအောင်မြင်ထွန်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် ဦးဆန်းနိုင်၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးကျော်စိုးဦး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
 
ရှေးဦးစွာ ဒုတိယသမ္မတက အမှာစကားပြောကြားရာတွင် ၂၀၂၁ ခုနှစ်၊ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို အမျိုးသားရေးဦးတည်ချက် (၅)ရပ်နှင့်အညီ နိုင်ငံရေးအနှစ်သာရ ရှိစွာဖြင့် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတရုံးက ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၂ ရက်တွင် “၂၀၂၁ ခုနှစ်၊ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေးဗဟိုကော်မတီ” ကို ဥက္ကဋ္ဌအဖြစ် ဒုတိယသမ္မတ(၁) အပါအဝင် (၁၄)ဦးဖြင့်လည်း ကောင်း၊ “စီမံခန့်ခွဲမှုကော်မတီ” ကို ဥက္ကဋ္ဌအဖြစ် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ အပါအဝင် (၁၇)ဦးဖြင့် လည်းကောင်း ဖွဲ့စည်းခဲ့ပါကြောင်း၊ ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များကို အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဆပ်ကော်မတီ (၁၄)ခုကိုလည်း ဖွဲ့စည်းခဲ့ပြီးဖြစ်ပါ ကြောင်း။
 
၂၀၂၁ ခုနှစ်၊ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက် (၅)ရပ်မှာ “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံမှသည် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်သည်အထိ အကောင်အထည်ဖော်ဆောင်ရွက်ရေး”၊ “တိုင်းရင်းသားပြည်သူ များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး”၊ “ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနှင့် လျော်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ပေါ်ပေါက်ရေး”၊ “ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို တိုင်းရင်းသားအားလုံး ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး” နှင့် “အရည်အချင်းမြင့်မား၍ ပြည်ထောင်စုစိတ်ဓာတ် ခိုင်မာသောမျိုးဆက်သစ်များ ပြုစုပျိုးထောင်ရေး” တို့ဖြစ်ပါကြောင်း။
 
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးသမိုင်းကြောင်းကို ပြန်ကြည့်ပါက အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များသည် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပြန်လည်တည်ဆောက်ကာ ပြည်မနှင့် တောင်တန်းဒေသ တစ်ပြိုင်တည်း လွတ်လပ်ရေးရရှိစေရန် အတွက် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ (၁၂)ရက်တွင် ရှမ်းပြည်နယ်၊ ပင်လုံမြို့၌ ပင်လုံ ညီလာခံကို ကျင်းပ၍ တိုင်းရင်းသားအားလုံး တစ်ညီတစ်ညွတ်တည်း ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ကာ လွတ်လပ်ရေးကို အရယူနိုင်ခဲ့ပါကြောင်း၊ ထိုသို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ သွေးစည်း ညီညွတ်မှုကို အခိုင်အမာဖော်ကျူးပြသနိုင်ခဲ့သည့် ပင်လုံစာချုပ်လက်မှတ်ရေးထိုးသည့်နေ့ကို ပြည်ထောင်စုနေ့အဖြစ် သမိုင်းမော်ကွန်းတင်ရစ်ခဲ့ပြီး နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် (၇၄)နှစ်မြောက်ရှိပြီဖြစ်ပါကြောင်း၊ တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုကြောင့် လွတ်လပ်ရေး ရရှိခဲ့သဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် နိုင်ငံတော်အတွက် အသက်တစ်မျှ အရေးကြီးကြောင်းကို နောင်လာနောက်သားများ သိရှိစေရန် ရည်ရွယ်၍ ပြည်ထောင်စုနေ့ကို နှစ်စဉ်ကျင်းပလျက်ရှိပါကြောင်း။
 
ပြည်ထောင်စုနေ့အခမ်းအနားသည် နှစ်စဉ်ကျင်းပနေကြဖြစ်သော်လည်း လတ်တလော ကမ္ဘာတစ်ဝန်း၌ ဖြစ်ပွားလျက်ရှိသည့် Coronavirus Disease 2019 (COVID-19) ကူးစက် ရောဂါကြောင့် နံနက်ပိုင်းအခမ်းအနားများဖြစ်သည့် “နိုင်ငံတော်အလံတင်အခမ်းအနား” နှင့် “နိုင်ငံတော်အလံအလေးပြုခြင်းနှင့် နိုင်ငံတော်သမ္မတထံမှ ပေးပို့သော ပြည်ထောင်စုနေ့ သဝဏ် လွှာဖတ်ကြားခြင်းအခမ်းအနား”တို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထား သည့် “စံလုပ်ငန်းလမ်းညွှန်ချက်များ”၊ “ညွှန်ကြားချက်များ” နှင့်အညီ လိုက်နာ ဆောင်ရွက်ကာ လူအင်အားလျှော့ချသတ်မှတ်ပြီး ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ညနေပိုင်း တွင် ကျင်းပပြုလုပ်မည့် “ဧည့်ခံပွဲနှင့် ညစာစားပွဲအခမ်းအနား” ကို COVID-19 ကူးစက်ရောဂါ ကင်းစင်မှုမရှိသေးသည့်အတွက် ယခုနှစ်တွင် ကျင်းပခြင်းမပြုလုပ်တော့ ပါကြောင်း။
 
“ပြည်ထောင်စုနေ့အခမ်းအနားများ” ကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကော်မတီ၊ ဆပ်ကော်မတီများအနေဖြင့် သတ်မှတ်ပေးထားသောလုပ်ငန်းတာဝန်များအပြင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့က ထုတ်ပြန်ထားသည့် “ပြည်သူသို့ ပန်ကြားချက်များ၊ အမိန့်များ၊ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များနှင့် စံလုပ်ငန်းလမ်းညွှန်ချက်များ” ကို သေချာစွာ ဂရုတစိုက်ဆောင်ရွက်ရမည့်ကိစ္စတစ်ရပ်အနေဖြင့် ထည့်သွင်းစဉ်းစားဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း။
 
“ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန” အနေဖြင့်လည်း ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များ၌ “၂၀၂၁ ခုနှစ်၊ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားများ” ကို ကျင်းပရာတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် “အခမ်းအနားစီစဉ် ဆောင်ရွက်မည့်သူများ လိုက်နာဆောင်ရွက်ရန် အချက် (၁၂)ချက်” နှင့် “နိုင်ငံတော်အလံတင်အခမ်းအနား၊ နိုင်ငံတော်အလံအလေးပြုခြင်းနှင့် နိုင်ငံတော်သမ္မတထံမှ ပေးပို့သော ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားတွင် လိုက်နာဆောင်ရွက် ရမည့် အချက်(၄)ချက်”၊ စုစုပေါင်းအချက် (၁၆)ချက်ကို ရေးဆွဲပေးထားပြီးဖြစ်သည့်အတွက် သက်ဆိုင်ရာကော်မတီ၊ ဆပ်ကော်မတီများနှင့် တာဝန်ရှိသူများအနေဖြင့် ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များအပြင် အဆိုပါအချက် (၁၆)ချက်ကို စံလုပ်ငန်းလမ်းညွှန်ချက်အဖြစ် သတ်မှတ် ကာ တိတိကျကျ လိုက်နာဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း။
 
တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များကိုလည်း “ပြည်ထောင်စုနေ့အခမ်းအနားများ” ကို ကျင်းပရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ပေးထားသည့် “စံလုပ်ငန်း လမ်းညွှန်ချက်များ”၊ “အမိန့်နှင့်ညွှန်ကြားချက်များ” နှင့်အညီ တိတိကျကျလိုက်နာဆောင်ရွက် နိုင်ရေးအတွက် အကြောင်းကြားထားပြီးဖြစ်ပါကြောင်း။
 
ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပမည့်နေရာများတွင် ပိုးသတ်ဆေး ကြိုတင်ဖျန်းထား နိုင်ရေး၊ အဆိုပါနေရာအားလုံးတွင် တာဝန်ထမ်းဆောင်မည့်ဝန်ထမ်းများအနေဖြင့် အခမ်းအနားသို့ တက်ရောက်လာသူများနှင့် ထိတွေ့နိုင်မှုများရှိနိုင်သဖြင့် ကျန်းမာရေးစစ်ဆေးမှုများ ကြိုတင် ဆောင်ရွက်ထားနိုင်ရေး၊ အခမ်းအနားသို့ တက်ရောက်လာသူများအတွက် နှာခေါင်းစည်း(Mask) များ၊ မျက်နှာအကာ(Face Shield)များ၊ လက်အိတ်(Glove)များ ဖြန့်ဝေ နိုင်ရန် ကြိုတင်စီစဉ် ဆောင်ရွက်ထားရေး၊ အခမ်းအနားကျင်းပပြုလုပ်မည့်နေရာသို့ မဝင်ရောက်မီ ကိုယ်အပူချိန် တိုင်းတာစစ်ဆေးရန်နှင့် လက်ဆေးကြောသန့်စင်နိုင်ရန်အတွက် လက်သန့်စင် ဆေးရည်(Hand Sanitizer/Gel)များ ထားရှိနိုင်ရေး၊ အခမ်းအနားသို့ တက်ရောက်မည့်သူများ အတွက် နေရာခင်း ကျင်းရာတွင်လည်း အခမ်းအနားကျင်းပမည့် နေရာအကျယ်အဝန်းပေါ် မူတည်၍ တစ်ဦးနှင့်တစ်ဦး အကွာအဝေးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ် ထားသည့် Social Distancing များအတိုင်း နေရာချထားပြီး လူအင်အားလျှော့ချသတ်မှတ်နိုင်ရေးနှင့် အရေးပေါ် ကျန်းမာရေးကိစ္စရပ်များအတွက် လုံလောက်သောဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် အထောက်အကူပြုယာဉ်များကို ကြိုတင်စီမံဆောင်ရွက်ထားနိုင်ရေးတို့ကို သက်ဆိုင်ရာဆပ်ကော်မတီများအလိုက် ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း။
 
၂၀၂၁ ခုနှစ်၊ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အတွက် နိုင်ငံတော်က ချမှတ်ပေးထားသည့် အမျိုးသားရေးဦးတည်ချက် (၅)ရပ်၏ အနှစ်သာရများကို ပြည်သူများ သိရှိနားလည်နိုင်ရေး အတွက် နိုင်ငံပိုင်မီဒီယာများဖြစ်သည့် ရေဒီယို၊ ရုပ်မြင်သံကြား၊ စာနယ်ဇင်းအားလုံးမှ ပြန်ကြား ရေး၊ ဖျော်ဖြေရေးနှင့် ပညာပေးအစီအစဉ်အမျိုးမျိုးတို့ဖြင့် ထုတ်လွှင့်ဖော်ပြနိုင်ရေးနှင့် လက်ရှိ ကာလ ပြည်ထောင်စုအစိုးရအဖွဲ့၏ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေမှုများ၊ နိုင်ငံတော်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများ၊ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များကို ပေါ်လွင်စေသည့် နောက်ခံရုပ်ပုံများကိုလည်း ထည့်သွင်းဖော်ပြရန် လိုအပ်ပါကြောင်း။
 
သဝဏ်လွှာပြုစုရေးဆပ်ကော်မတီအနေဖြင့် “နိုင်ငံတော်သမ္မတထံမှ ၂၀၂၁ ခုနှစ်၊ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့မည့် သဝဏ်လွှာ” ကို အချိန်မီရရှိနိုင်ရေး အတွက် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း။
 
မြေစိုက်ပိုစတာဒီဇိုင်းများနှင့် ပို့စကတ်ဒီဇိုင်းများကိုလည်း အချိန်မီတင်ပြအတည်ပြုချက် ရယူနိုင်ရေးနှင့် သတ်မှတ်နေရာများတွင် မြေစိုက်ပိုစတာများ အချိန်မီစိုက်ထူနိုင်ရေးအတွက်လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန် ပြောကြားလိုပါကြောင်း။
 
အထူးသဖြင့် အဓိကထားပြောကြားလိုသည်မှာ လုံခြုံရေးအပိုင်းပင်ဖြစ်ပါကြောင်း၊ လုံခြုံရေးဆပ်ကော်မတီအနေဖြင့်လည်း လုံခြုံရေးဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် လုပ်ငန်းတာဝန်များကို လစ်ဟာမှုမရှိအောင် ဘက်စုံထောင့်စုံသုံးသပ်ဆောင်ရွက်ကာ စနစ်တကျ စီမံချက်များရေးဆွဲပြီး လုံခြုံရေးအပြည့်အဝရရှိအောင် စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
 
သက်ဆိုင်ရာကော်မတီများ၊ ဆပ်ကော်မတီများအနေဖြင့် ပြည်ထောင်စုနေ့အခမ်းအနားကို နိုင်ငံရေးအနှစ်သာရရှိစွာဖြင့် အောင်မြင်အောင် ကျင်းပနိုင်ရေးအတွက် ယခင်နှစ်များက ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများအပေါ် အခြေခံ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များ၊ စံလုပ်ငန်းလမ်းညွှန်ချက်များကိုပါ တိကျစွာလိုက်နာပြီး ယခုနှစ်တွင် အကောင်းဆုံးဖြစ်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြား လိုပါကြောင်း။
 
ယခုအစည်းအဝေးသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများနှင့် လိုအပ်သည့်အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးကြရန် ပြောကြားသည်။
 
ထို့နောက် ၂၀၂၁ ခုနှစ်၊ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က ၂၀၂၁ ခုနှစ်၊ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် များနှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
 
ယင်းနောက် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်အောင်နိုင်သူတို့က “လုံခြုံရေးဆပ်ကော်မတီ” နှင့် စပ်လျဉ်း၍ ပေးအပ်ထားသည့်လုပ်ငန်းတာဝန်များအပေါ် ဆောင်ရွက်သွားမည့် လုံခြုံရေးအစီအမံများကို ရှင်းလင်းတင်ပြကြသည်။
 
ထို့နောက် ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက “သဝဏ်လွှာပြုစုရေး ဆပ်ကော်မတီ” နှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက် သွားမည့်အစီအမံများကို ရှင်းလင်းတင်ပြသည်။
 
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းက “ဖိတ်ကြားရေးနှင့် နေရာ ချထားရေးဆပ်ကော်မတီ” နှင့် စပ်လျဉ်း၍ အခမ်းအနားတက်ရောက်မည့်သူများအား အချိန်မီ ဖိတ်ကြားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဖိတ်ကြားမည့် ဖိတ်စာနမူနာပုံစံ၊ ပန်ကြားလွှာ၊ ရင်ထိုးတံဆိပ်၊ လုံခြုံရေးစတစ်ကာ၊ လုံခြုံရေးကတ်ပြားများနှင့် ယဉ်ဝင်ခွင့်ကတ်ပြား များ ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
 
ထို့နောက် နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးကျော်စိုးဦးက “အလံတင်အခမ်းအနားစီစဉ်ရေးဆပ်ကော်မတီ” နှင့် စပ်လျဉ်း၍ နံနက်ပိုင်းအခမ်းအနားများတွင် စစ်ရေးပြဆောင်ရွက်မည့် ဂုဏ်ပြုတပ်ဖွဲ့အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များ၊ စံလုပ်ငန်းလမ်းညွှန်ချက်များအတိုင်း လူဦးရေကန့်သတ်လျှော့ချကာ ဖွဲ့စည်း လေ့ကျင့်ဆောင်ရွက်နေမှုအခြေအနေများနှင့် ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်သွားမည့်အစီအစဉ် များကို ရှင်းလင်းတင်ပြသည်။
 
ယင်းနောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် ဦးဆန်းနိုင်က “မြေစိုက် ပိုစတာများစိုက်ထူရေးဆပ်ကော်မတီ” နှင့် စပ်လျဉ်း၍ ၂၀၂၁ ခုနှစ်၊ (၇၄)နှစ်မြောက် ပြည်ထောင်စု နေ့အမျိုးသားရေးဦးတည်ချက်များကို အများပြည်သူမြင်သာအောင် မြေစိုက်ပိုစတာများ စိုက်ထူ နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
 
ထို့နောက် “ကျန်းမာရေးဆပ်ကော်မတီ” နှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အခမ်းအနားသို့ တက်ရောက်မည့်သူများအား ဖိတ်ကြားစာပေးပို့ရာတွင် COVID-19 ရောဂါ ကူးစက်မှုနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် အချက်များကို ဖိတ်ကြားစာတွင် တစ်ပါတည်း ထည့်သွင်းပေးနိုင်ရေးနှင့် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားနိုင်မှု အခြေအနေများအား အခမ်းအနားတက်ရောက်မည့်သူများ သတိပြုနိုင်စေရေးအတွက် သတိပေးဆောင်ပုဒ်များ စိုက်ထူထားရန်နှင့် Hand Speaker များဖြင့် ကျန်းမာရေးသတိပေးမှုများ ပြုလုပ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်းက ၂၀၂၁ ခုနှစ်၊ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကျန်းမာရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှုအခြေအနေ၊ COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် လိုအပ်သည့် ဆေးနှင့်အကာအကွယ်ပစ္စည်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေ၊ အခမ်းအနားကျင်းပမည့်နေရာများတွင် COVID-19 ရောဂါကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ကြိုတင်ဆောင်ရွက်ထားရှိမှု အခြေအနေ၊ အခမ်းအနားတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအား ကျန်းမာရေးဆေးစစ်မှု ကြိုတင်ဆောင်ရွက်ပေးမည့် အခြေအနေများနှင့် အခမ်းအနားကျင်းပရာတွင် လိုက်နာဆောင်ရွက်ရမည့် စံလုပ်ငန်းလမ်းညွှန်ချက်များအတိုင်း လိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီ စစ်ဆေးဆောင်ရွက်သွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
 
ယင်းနောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က “အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ” နှင့် စပ်လျဉ်း၍ ဆပ်ကော်မတီနှင့် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းထားရှိမှုနှင့် တာဝန်များ ခွဲဝေချထားမှုအခြေအနေ၊ နံနက်ပိုင်း အခမ်းအနားများအတွက် လူဦးရေကန့်သတ်လျှော့ချကာ တစ်ဦးနှင့်တစ်ဦး (၈)ပေခွာပြီး နေရာချ ထားမည့် လျာထားမှု အကွက်ချပုံစံနှင့် အခမ်းအနားကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုအခြေအနေ များကို ရှင်းလင်းတင်ပြသည်။
 
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က “ပြန်ကြားရေးဆပ်ကော်မတီ” နှင့် စပ်လျဉ်း၍ ပြည်ထောင်စုနေ့နှင့် ပြည်ထောင်စုနေ့အကြိုကာလတွင် နိုင်ငံပိုင်သတင်းစာများ၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့တွင် ထုတ်လွှင့်ဖော်ပြမည့် ပြည်ထောင်စုနေ့ ဂုဏ်ပြုအစီအစဉ်များ၊ ပြည်ထောင်စုနေ့အခမ်းအနားများအား တိုက်ရိုက်ထုတ်လွှင့်သွားမည့် အစီအအမံများကို ရှင်းလင်းတင်ပြသည်။
 
ယင်းနောက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးရဲတိုးသွင်က ၂၀၂၁ ခုနှစ်၊ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့နှင့် သက်ဆိုင်သောအခမ်းအနားများ မကျင်းပမီနှင့် ကျင်းပနေစဉ်အတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိစေရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။
 
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဝင်းမောင်က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ရိုက်ကူးထားသည့် ဂုဏ်ပြုဖျော်ဖြေရေးအစီအစဉ်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
 
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်က ၂၀၂၁ ခုနှစ်၊ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ နိုင်ငံတော်သမ္မတထံမှ ပေးပို့မည့် သဝဏ်လွှာကို တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးက ကိုယ်စားလှယ်များ လာရောက်ထုတ်ယူရာတွင် အဆင်ပြေ ချောမွေ့စေရေး အတွက် နေပြည်တော်အဝင်/အထွက် စစ်ဆေးရေးဂိတ်များတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ပေးသွားမည့် အစီအမံ များကို ရှင်းလင်းတင်ပြသည်။
 
ထို့နောက် ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ဆပ်ကော်မတီများ အလိုက် တင်ပြချက်များ၊ အကြုံပြုဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။