ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မှန်တော - ဟာသာ - ဟားခါးလမ်းဖောက်လုပ်နေမှုနှင့် အားကစားနှင့် ကာယပညာသိပ္ပံ (ဟားခါး) တည်ဆောက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေး

Printer-friendly versionSend by email
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မှန်တော - ဟာသာ - ဟားခါးလမ်းဖောက်လုပ်နေမှုနှင့် အားကစားနှင့် ကာယပညာသိပ္ပံ (ဟားခါး) တည်ဆောက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေး
 
ဟားခါး စက်တင်ဘာ ၆
 
ဒေသဖွံဖြိုးရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေးရန် ဂန့်ဂေါမြို့၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မှန်တော - ဟာသာ - ဟားခါး လမ်းဖောက်လုပ်နေမှုနှင့် အားကစားနှင့် ကာယပညာသိပ္ပံ(ဟားခါး) တည်ဆောက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
 
နံနက်ပိုင်းတွင် ဒုတိယသမ္မတသည် ဂန့်ဂေါမြို့မှ မှန်တော - ဟာသာ - ဟားခါးလမ်း မိုင်တိုင် ၆၂/၂ ယာယီရှင်းလင်းဆောင်သို့ရောက်ရှိရာ ချင်းပြည်နယ်လမ်းဦးစီး ဌာနမှူး ဦးဆန်းလွင်က မှန်တော - ဟာသာ - ဟားခါး လမ်း ၅၄/၅ - ၆၄/၅ အတွင်း ၃၄ ပေ အကျယ် မြေသားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြသည်။
 
အဆိုပါလမ်းသည် အရှည်မိုင် ၆၆ ဒသမ ၇ မိုင်ရှိပြီး ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတို့ရှိ ဒေသခံပြည်သူများ အချိန်တိုအတွင်း အလွယ်တကူ ဆက်သွယ်သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
 
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ချင်းပြည်နယ် ဟားခါး မြို့နယ် ဟာသာကျေးရွာသို့ရောက်ရှိပြီး ရပ်မိရပ်ဖများနှင့် တွေ့ဆုံသည်။
 
တွေ့ဆုံစဉ် ဟာသာကျေးရွာရပ်မိရပ်ဖတစ်ဦးက ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များဖြစ်သည့် ကျေးလက်ကျန်းမာရေးဌာနနှင့် မူကြိုကျောင်းဖွင့်လှစ်ပေးနိုင်ရေး၊ ဆရာ ဆရာမများ ဖြည့်ဆည်းခန့်ထားနိုင်ရေးနှင့် စိမ့်စမ်းရေသွယ်ယူရရှိနိုင်ရေးတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးတင်မြင့် နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
 
ဆက်လက်၍ ဒုတိယသမ္မတသည် မှန်တော - ဟာသာ - ဟားခါး လမ်းပေါ်ရှိ ဒေါင်ဗား ချောင်းကူးတံတား တည်ဆောက်ပြီးစီးနေမှုအား ကြည့်ရှုစစ်ဆေးရာ အင်ဂျင်နီယာချုပ် ဦးမျိုးဝင်းက တံတားဆိုင်ရာအချက်အလက်များနှင့် တံတားတည်ဆောက်ပြီးစီးမှုအခြေအနေကို ရှင်းလင်းတင်ပြသည်။
 
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက မှန်တော - ဟာသာ- ဟားခါးလမ်း သတ်မှတ်ကာလအမီ ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းတည်ဆောက်ရေး၊ အန္တရာယ် ကင်းရှင်းစေရန် လမ်းအတက်အဆင်းများ ပြေပြစ်အောင်ဆောင်ရွက်ရေး၊ လိုအပ်သည့် နေရာများတွင် မြေထိန်းနံရံနှင့် ကွန်ကရစ်ရေနှုတ်မြောင်း တည်ဆောက်နိုင်ရေး၊ လမ်းတာချဲ့ ရန် ကျန်နေရာများအား ဆက်လက်ဆောင်ရွက်ရေးတို့ကို မှာကြားသည်။
 
အဆိုပါ ဒေါင်ဗားချောင်းတံတားသည် အရှည်ပေ - ၂၅၀ ၊ အမြင့် - ၃၁ ပေ၊ အကျယ် ၃၀ ဒသမ ၅ ပေရှိ သံကူကွန်ကရစ်အမျိုးအစားဖြစ်ပြီး ယာဉ်တစ်စီးချင်းခံနိုင်ဝန် တန်- ၆၀ ရှိ ကာ လုပ်ငန်းတန်ဖိုး ငွေကျပ်သန်း ၁၃၀၀ ဖြစ်ကြောင်း သိရသည်။
 
ဆက်လက်၍ ဒုတိယသမ္မတသည် ဟားခါးမြို့ ဟိုင်တလန်ရပ်ရှိ အားကစားနှင့် ကာယပညာသိပ္ပံ (ဟားခါး) အစည်းအဝေးခန်းမသို့ရောက်ရှိရာ ချင်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းအောင်က အားကစားနှင့် ကာယပညာ သိပ္ပံ(ဟားခါး) ဆိုင်ရာအချက်အလက်များ နှင့် တည်ဆောက်ပြီးစီးမှု၊ ၂၀၂၀-၂၀၂၁ ခု ပြည်ထောင်စုနှင့်ပြည်နယ် ဘတ်ဂျက်တို့ဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများ ၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြသည်။
 
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက အားကစားနှင့် ကာယ ပညာသိပ္ပံ (ဟားခါး) ကျောင်းဝင်းအတွင်း ရာသီသီးနှံများ၊ နှစ်တိုနှစ်ရှည်သီးနှံများစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ပြီး ကျောင်းအတွင်း စားသုံးရန်သာမက ပတ်ဝန်းကျင်ဒေသများသို့ တင်ပို့ရောင်းချသွားနိုင်ရေး၊ ဝန်ထမ်းမိသားစုများနှင့် သင်တန်းသားများ သောက်သုံးရေဖူလုံရေးအတွက် လုံငုံဘားချောင်းမှ ရေသွယ်ယူနိုင်ရေးနှင့် စက်ရေတွင်းတူးဖေါ်မည့် နေရာရှာဖွေရေးတို့ကို မှာကြားသည်။
 
အဆိုပါက အားကစားနှင့် ကာယပညာ သိပ္ပံ(ဟားခါး) ကျောင်းသည် ဟားခါးမြို့၏ မြောက်ဘက် (၁) မိုင်ခန့်အကွာ မြို့ဟောင်းရပ်ကွက် ဟိုင်တလန်ရပ်၌ တည်ရှိပြီး မြေဧရိယာ ၅၆ ဒသမ ၉၄ ဧက ကျယ်ဝန်းကြောင်း၊ ကျောင်းတည်ဆောက်ခြင်း လုပ်ငန်း ၂၈ ခုအတွက် စုစုပေါင်းငွေကျပ်သန်း ၆၆၃၁ ဒသမ ၁၈၀ ခန့်မှန်းကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
 
ယင်းနောက် ဒုတိယသမ္မတသည် အားကစားနှင့် ကာယပညာသိပ္ပံ (ဟားခါး) ဝင်းအတွင်းရှိ အားကစားပြိုင်ပွဲရုံနှင့် လေ့ကျင့်ရေးရုံတည်ဆောက်နေမှု၊ ဝန်ထမ်းအိမ်ရာများ တည်ဆောက်ပြီးစီးမှု တို့ကိုလှည့်လည်ကြည့်ရှုစစ်ဆေးသည်။
 
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ချင်းပြည်ခရီးစဉ်အတွင်း လိုက်ပါလာသည့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့ ညနေပိုင်း တွင် ဟားခါးတက္ကသိုလ်မုခ်ဦး တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။