ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ချင်းပြည်နယ် (တောင်ပိုင်း) ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး ကန်ပက်လက်မြို့နှင့် မင်းတပ်မြို့တို့ရှိ မြို့မိမြို့ဖများနှင့်တွေ့ဆုံ

Printer-friendly versionSend by email
မင်းတပ် စက်တင်ဘာ ၄
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်မြင့်နှင့် ဗိုလ်ချုပ်စိုးတင့်နိုင်၊ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ကန်ပက်လက်မြို့နှင့် မင်းတပ်မြို့ တို့ရှိ မြို့မိမြို့ဖများနှင့် တွေ့ဆုံပြီး ကန်ပက်လက်မြို့ ပြည်သူ့ဆေးရုံ (၂) ထပ် တိုးချဲ့လူနာဆောင် တည်ဆောက်နေမှုနှင့် မင်းတပ်မြို့ အစိုးရနည်းပညာအထက်တန်းကျောင်း စာသင်ဆောင် ဆောက်လုပ်နေမှုတို့ကိုကြည့်ရှုစစ်ဆေးသည်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် အဖွဲ့သည် မွန်းလွဲပိုင်းတွင် နေပြည်တော်မှ ချင်းပြည်နယ် (တောင်ပိုင်း) ကန်ပက်လက်မြို့သို့ ရောက်ရှိကြပြီး ကန်ပက်လက်မြို့ ပြည်သူ့ဆေးရုံ (၂) ထပ် တိုးချဲ့ လူနာဆောင်တည်ဆောက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ ပြည်နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အောင်ငွေစံ က လုပ်ငန်းပိုင်းဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။
အဆိုပါ(၂)ထပ် တိုးချဲ့လူနာဆောင်သည် အလျား- ၁၅ဝ ပေ ၊ အနံ -၆၂ ပေ နှင့် အမြင့် - ၂၈ ပေရှိ သံကူကွန်ကရစ်နှစ်ထပ်အဆောက်အဦးဖြစ်ပြီး ခွင့်ပြုရန်ပုံငွေကျပ် ၆၇၁ ဒသမ ၂၂ သန်းဖြင့် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ဒုတိယသမ္မတသည် ကန်ပက်လက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကန်ပက်လက်မြို့ မြို့မိမြို့ဖများနှင့်တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယသမ္မတက မိမိတို့ အစိုးရသက်တမ်းကာလအတွင်း ဒေသဖွံ့ဖြိုးရေး ဆောင်ရွက် ပြီးစီးခဲ့မှုများကို လက်တွေ့ကျကျ သိမြင်နိုင်ရန်၊ ဒေသဖွံ့ဖြိုးရေးဆက်လက် ဆောင်ရွက်စရာ ရှိသည်များ ဆောင်ရွက်နိုင်ရန်နှင့် ပြည်သူတို့၏ ဒေသဖွံ့ဖြိုးရေးတင်ပြချက်များကို သိရှိနိုင်ရန် လာရောက်ရခြင်းဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးဖြစ်သည့် ချင်းပြည်နယ်အတွက် အရေးအကြီးဆုံးသော လိုအပ်ချက်တစ်ရပ်သည် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေးဖြစ်ပါ ကြောင်း၊ ထို့ကြောင့် ဆက်သွယ်သွားလာမှုအခက်အခဲများကို လက်တွေ့မြင်တွေ့နိုင်ရန် ယခုကဲ့သို့ သော သွားလာမှုအခက်ခဲဆုံး မိုးရာသီကာလကို တမင်ရွေးချယ်၍ လာရောက်ရခြင်း ဖြစ်ပါ ကြောင်း။
ချင်းပြည်နယ် ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းအားထုတ်ဆောင်ရွက်နေသည့် ကာလ ဖြစ်ပြီး ယခင်ကာလများထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာသည်ကို မြင်တွေ့ကြရမည်ဖြစ်ပါကြောင်း၊ ချင်းပြည်နယ်အပေါ်ထားရှိသည့် နိုင်ငံတော်အစိုးရ၏ စေတနာမေတ္တာများကို လက်တွေ့ ခံစား နေကြရပြီဖြစ်ပါကြောင်း၊ မင်းတပ်ကောလိပ်အဆင့်မှ မင်းတပ်တက္ကသိုလ် အဆင့်အထိ တိုးမြှင့် ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးကို ရည်ရွယ်၍ ကန်ပက်လက် - ဆမီး - ပလက်ဝ လမ်းမကြီးကို မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်ရေးလမ်းမကြီးအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေပါကြောင်း၊ အလားတူ ချင်းပြည်နယ်လမ်းပန်း ဆက်သွယ်ရေး ပိုမိုကောင်းမွန်စေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ချင်းပြည်နယ်( မြောက်ပိုင်း) တွင် ဆူဘုန်ရ် လေဆိပ်ကို တည်ဆောက်လျက်ရှိသကဲ့သို့ ချင်းပြည်နယ် (တောင်ပိုင်း) ၌လည်း လိုင်လင်း ပီ လေယာဉ်ကွင်းတည်ဆောက်လျက်ရှိရာ ၇၅ ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီး နေပြီဖြစ်ပါ ကြောင်း၊ ချင်းပြည်နယ် လျှပ်စစ်ကဏ္ဍ တိုးမြှင့်နိုင်ရေးအတွက် လည်မျိုမြစ် ရေအားလျှပ်စစ် တည်ဆောက်ရေးစီမံကိန်းအတွက် ကွင်းဆင်းလေ့လာမှုများ လုပ်ဆောင်လျက်ရှိပြီး ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိ ပါကြောင်း။
ချင်းပြည်နယ်၏ မိရိုးဖလာရွှေ့ပြောင်းတောင်ယာစနစ်ကို အစားထိုးနိုင်ရေးအတွက် ချင်းပြည်နယ်၏ တောတောင်ရေမြေသဘာဝနှင့် ကိုက်ညီပြီး ဈေးကွက်ဝင်သည့် ``ဝ´´ ဥ ၊ ကော်ဖီ နှင့်ထောပတ် စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ခြင်းကို ကြိုးပမ်းဆောင်ရွက်သွားကြ ရမည်ဖြစ်ပါ ကြောင်း၊ ချင်းပြည်နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများနှင့် အသေးစား နှင့် အလတ်စား လုပ်ငန်းများ ချေးငွေရရှိ နိုင်ရေးအတွက် နည်းလမ်းများရှာဖွေဖော်ထုတ်ဆောင် ရွက်ပေးသွားကြရ မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရက ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ပေးနေသည့် ကာလတွင် ဒေသခံပြည်သူများအနေဖြင့် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများတွင် တတ်အားသရွေ့ပူးပေါင်း ပါဝင်ဆောင်ရွက်သွားကြရ မည်ဖြစ်ပါကြောင်း၊ သို့မှသာ ဖွံ့ဖြိုးတိုးတက်မှုကို အလျင်အမြန် ရရှိခံစားနိုင်ကြမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် ကန်ပက်လက်မြို့ မြို့မိမြို့ဖ ဦးမြမောင်းက ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များဖြစ်သည့် ကန်းလောင်းကျေးရွာအနီး အသေးစားလေယာဉ်ကွင်း တည်ဆောက်ပေးနိုင်ရေး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးသစ်တည်ဆောက်ပေးနိုင်ရေး၊ မြို့တော်ခန်းမ တည်ဆောက် ပေးနိုင်ရေးနှင့် ကျင်ဒွေး - လောင်းရှည် မော်တော်ကားလမ်း ကတ္တရာခင်းပေးနိုင်ရေးတို့ကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ပြည်နယ်ဝန်ကြီး ဦးရွှေထီးယို၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်ဦးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုး တို့က ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ယင်းနောက် ဒုတိယသမ္မတ က ကိုဗစ် - ၁၉ ကာလအတွင်း ကန်ပက်လက်မြို့နယ်တွင် စေတနာ့ဝန်ထမ်း Volunteer ထမ်းဆောင်ခဲ့သူများအား ထောက်ပံ့ငွေများပေးအပ်ပြီး ဒုတိယ ဝန်ကြီး ဦးတင်မြင့် က ကန်ပက်လက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ အား ထောက်ပံ့ငွေများပေးအပ်သည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ကန်ပက်လက်မြို့မှ မင်းတပ်မြို့နယ် ထင်ချောင်းကျေးရွာရှိ ချင်းတောင်ရတနာ `ဝ´ ဥ အလွှာခြောက် စက်ရုံ ယာယီ ရှင်းလင်းဆောင်သို့ ရောက်ရှိကြရာ မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးကျော်သူက စက်ရုံဆိုင်ရာ အချက်အလက်များ၊ ``ဝ´´ ဥမှတန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်နေမှု၊ ဝ ဥလွှာ အခြောက်ခံစက် စမ်းသပ်လည်ပတ်နေမှု ၊ `ဝ ´ ဥ စိုက်ပျိုးခြင်းကို အကျိုးတူ လယ်ယာကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတ က သိရှိလိုသည်များကို မေးမြန်းသည်။
ယင်းနောက် ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတ က ``ဝ´´ ဥ တစ်ဧက စိုက်ပျိုးလျှင် ``ဝ´´ ဥ အစို ပျမ်းမျှပိသာ ၅ဝဝဝ ခန့်ထွက်ရှိသဖြင့် လက်ရှိဈေးကွက် ပေါက်ဈေး အရ တစ်ဧကလျှင် စိုက်ပျိုးစရိတ်ကုန်ကျငွေနှုတ်ပြီး အမြတ်ငွေ သိန်း ၅ဝ ခန့်ရရှိရာ စိုက်ပျိုးသည့် တောင်သူများအတွက် တွက်ချေကိုက်သည့် ဈေးကွက်ဝင် စိုက်ပျိုးရေး ထွက်ကုန်အမယ် တစ်မျိုး ဖြစ်ပါကြောင်း၊``ဝ´´ ဥကို တန်ဖိုးမြင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်ပါက ယခုထက် ဝင်ငွေ ၃ ဆခန့် ပိုမိုရရှိနိုင်မည်ဖြစ်သဖြင့် ``ဝ ´´ ဥ စိုက်ပျိုးရေးကို ဒေသခံများ ပိုမိုစိတ်ဝင်စားမှု အားကောင်းလာစေရန် စွမ်းဆောင်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတ သည် ဝ ဥ လွှာခြောက်စက်ရုံအတွင်းလှည့်လည် ကြည့်ရှုသည်။
အဆိုပါ ``ဝ ´´ ဥ လွှာခြောက်စက်ရုံသည် ချင်းတောင်တန်းများပေါ်ရှိ သဘာဝအတိုင်း စိုက်ပျိုးထားရှိသော``ဝ ´´ဥများကို ခေတ်မီအခြောက်ခံစက်ဖြင့် လေပူစနစ်သုံး၍ သန့်ရှင်း သပ်ရပ်စွာ အခြောက်ခံထားသော ``ဝ ´´ ဥတန်ချိန် ၃ဝဝ ခန့်ထုတ်လုပ်နိုင်ပြီး ပြည်ပ နိုင်ငံများသို့ တင်ပို့ ရောင်းချနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းနောက် ဒုတိယသမ္မတ သည် အစိုးရနည်းပညာအထက်တန်းကျောင်း (မင်းတပ်) ယာယီရှင်းလင်းဆောင်သို့ရောက်ရှိရာ ကျောင်းအုပ်ကြီး ဦးအောင်ထိုက်သူ က ကျောင်းဆိုင်ရာ အချက်အလက်များနှင့် ဆောက်လုပ်ဆဲကျောင်းအဆောက်အဦဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတ က ကျောင်းအဝင်လမ်းကို ရေရှည် ရည်မှန်း၍ ရာသီမရွေးသွားလာနိုင်သည့် လမ်းအဖြစ်ဆောင်ရွက်သွားရန်၊ ကျောင်းသား၊ ကျောင်းသူ အိပ်ဆောင်တစ်ဆောင်ထပ်မံဆောက်လုပ်ပေးနိုင်ရန်နှင့် မြေပြိုကျသည့် နေရာတွင် မြေထိန်း နံရံတည်ဆောက်သွားရန် မှာကြားသည်။
အဆိုပါ အစိုးရနည်းပညာအထက်တန်းကျောင်း(မင်းတပ်) သည် ၁၉၈၂ ခုနှစ် မှ ၂ဝဝ၇ ခုနှစ်အထိ လက်မှုပညာသင်တန်းကျောင်းအဖြစ်လည်းကောင်း၊ ၂ဝဝ၇ ခုနှစ် မှ ၂ဝ၁ဝ ခုနှစ်အထိ အတတ်ပညာလေ့ကျင့်ရေးသင်တန်းကျောင်း(မင်းတပ်) အဖြစ် လည်းကောင်း၊ ၂ဝ၁ဝ ခုနှစ်မှ ယနေ့အထိ အစိုးရနည်းပညာအထက်တန်းကျောင်း (မင်းတပ်) အဖြစ်လည်းကောင်း ဖွဲ့စည်းတည် ဆောက်ခဲ့သည်။
အစိုးရနည်းပညာအထက်တန်းကျောင်း(မင်းတပ်)တွင် အဆောက်အဦနည်းပညာ သင်တန်း၊ အီလက်ထရောနစ်နည်းပညာသင်တန်း၊ မော်တော်ယာဉ်နည်းပညာသင်တန်း၊ လျှပ်စစ် နည်းပညာ သင်တန်းနှင့် သုတေသန နည်းပညာသင်တန်းတို့ကို ဖွင့်လှစ်သင်ကြားလျက်ရှိပြီး ကာလတို သင်တန်းများအဖြစ် အခြေခံကွန်ပျူတာသင်တန်း ၊ မော်တော် ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းခြင်း သင်တန်းနှင့် အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိ သည်။
ထို့နောက် ဒုတိယသမ္မတသည် မင်းတပ်မြို့ မြို့မဈေးခန်းမ၌ မင်းတပ်မြို့ မြို့မိမြို့ဖများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယသမ္မတ က မင်းတပ်မြို့သည် ယခင်ရောက်ရှိခဲ့သည့် အချိန်ကာလများထက် ပိုမိုဖွံ့ဖြိုးတိုးတက်နေသည်ကို တွေ့မြင်ရပါကြောင်း၊ မင်းတပ်ကောလိပ်ကို တက္ကသိုလ်အဆင့် တိုးမြှင့် ဖွင့်လှစ်နိုင်မည်ဖြစ်၍ များစွာဂုဏ်ယူမိပါကြောင်း၊ ချင်းပြည်နယ်၏ တောတောင် ရေမြေ သဘာဝသည် ဈေးကွက်ဝင် ``ဝ´´ဥ ၊ ကော်ဖီနှင့် ထောပတ်များ စိုက်ပျိုးဖြစ်ထွန်း အောင်မြင်နေ သည့်အတွက် နိုင်ငံတကာဈေးကွက်အထိ တင်ပို့ရောင်းချနိုင်ရန် အားထုတ် ကြိုးပမ်းဆောင်ရွက် သွားကြစေလိုပါကြောင်း၊ အလားတူ နွားနောက်မွေးမြူရေး လုပ်ငန်းကိုလည်း တိုးချဲ့ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲနေသည့် ဒေသဖွံ့ဖြိုးမှုများကို ဒေသခံပြည်သူများ လက်တွေ့ခံစားနေကြရပြီဖြစ်ပါကြောင်း၊ ဆိပ်ဖြူ - ဆော - ကန်ပက်လက် - မကွီအိမ်နူး - ပလက်ဝ လမ်းသည် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် များစွာ အရေးပါကြောင်း၊ လည်မျိုမြစ်တွင် မဂ္ဂဝပ် - ၆၂ဝ ရှိ ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်နိုင်ရန် တိုင်းတာ ဆောင်ရွက်လျက်ရှိပါကြောင်း။
ကိုဗစ် - ၁၉ ရောဂါကို များစွာသတိထားဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ အဆိုပါ ကပ်ရောဂါနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့် နှင့် ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာပြီး အစိုးရနှင့်ပြည်သူ လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ပါက ကျော်လွှားသွားနိုင်မည်ဖြစ်ပါကြောင်း၊ ကြိုတင်ကာကွယ်ခြင်းသည်သာ အကောင်းဆုံးသောကုသခြင်းဖြစ်ပါကြောင်း။
၂ဝ၂ဝ ပြည်နှစ် နိုဝင်ဘာလ ၈ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ အသက် ၁၈ နှစ်ပြည့်ပြီး ၅ နှစ်လျှင် တစ်ကြိမ်သာ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသည့်အတွက် အဆိုပါအခွင့်အရေးကို လက်လွှတ်မခံကြစေလိုပါကြောင်း၊ ဆန္ဒမဲစာရင်း များ မှန်ကန်စွာရရှိနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း၊ အစိုးရ၏ မူဝါဒများအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် ပြည်သူလူထု၏ ပူးပေါင်း ပါဝင်မှုသည် အဓိက ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အစိုးရနှင့် ပြည်သူ တက်ညီလက်ညီပူးပေါင်းပါဝင်ဆောင် ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် မင်းတပ်မြို့ မြို့မိမြို့ဖ ဥက္ကဋ္ဌ ဦးလောရှိန်းအောင် က ဒေသဖွံ့ဖြိုးရေးလိုအပ် ချက်များဖြစ်သည့် မင်းတပ်မြို့တော်ခန်းမ တည်ဆောက်နိုင်ရေး၊ မြို့သောက်သုံးရေဖူလုံစွာ ရရှိနိုင်ရေး၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံး ဖွင့်လှစ်ပေးနိုင်ရေး၊ သွားဘက်ဆိုင်ရာ ဆရာဝန်တစ်ဦးခွင့်ပြုချထားပေးနိုင်ရေး၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း ဖွင့်လှစ်ပေး နိုင်ရေး၊ ဖွဲ့စည်းပုံနှင့်အညီ ဆရာဆရာမများခန့်ထားပေးနိုင်ရေး၊ ကျောင်းအဆောက်အဦများ ဖြည့်ဆည်းပေးနိုင်ရေးနှင့်မကွီအိမ်နူးမြို့တွင် မြို့အဆင့် ဌာနဆိုင်ရာများနှင့် အဆောက်အဦများ ခွင့်ပြုချထားပေးနိုင်ရေးတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ပြည်နယ်ဝန်ကြီးများဖြစ်ကြသည့် ဦးစိုးထက်၊ ဦးရွှေထီးယိုနှင့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးတို့က ပြန်လည် ရှင်းလင်း ဖြေကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးဒေါက်တာ မျိုးသိမ်းကြီးက ကိုဗစ် - ၁၉ ကာလအတွင်း ကန်ပက်လက်မြို့နယ်တွင် စေတနာဝန်ထမ်း Volunteer ထမ်းဆောင်ခဲ့သူများအား ထောက်ပံ့ ငွေများ ပေးအပ်ပြီး ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်က မင်းတပ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်သည်။
ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက နိဂုံးချုပ်အမှာစကားပြောကြားပြီး တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်သည်။