ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဧည့်ဝန်ဆောင်မှုဆိုင်ရာသင်တန်းကျောင်းနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ သင်တန်းကျောင်းတို့အား ကြည့်ရှုစစ်ဆေး

Printer-friendly versionSend by email

ရန်ကုန် နိုဝင်ဘာ ၁၆

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် မြစ်ကြီးနားမြို့မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ကချင်တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း၊ ဒေသခံပြည်သူများနှင့် တာဝန်ရှိသူများက မြစ်ကြီးနားလေဆိပ်၌ ပို့ ဆောင်နှုတ်ဆက်ကြသည်။

ထို့နောက် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ခရီးသွားလုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဗဟို ဌာနတာဝန်ရှိသူများနှင့် ရန်ကုန်မြို့ အမှတ် ၄၀- ၄၂ ၊ ဗိုလ်ဆွန်ပက်လမ်းရှိ ခရီးသွား လုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန ဧည့်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းကျောင်း အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးတင်မြင့်၊ ဦးအောင်ထူးနှင့် ဦးတင်လတ်၊ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် ဒုတိယသမ္မတအား ဧည့်ဝန်ဆောင်မှုဆိုင်ရာသင်တန်းကျောင်းနှင့် ပတ်သက်သည့် အချက်အလက်များကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး နှင့် ဒုတိယဝန်ကြီးများက ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက ခရီးစဉ်ဒေသများ စီမံခန့်ခွဲရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အလေးထားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ခရီးစဉ်ဒေသများ သန့်ရှင်းသာယာလှပစေရေးအတွက် လူထုအသိပညာပေးခြင်း လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ကြစေ လိုပါကြောင်း၊ ခရီးသွားလုပ်ငန်းစီမံခန့်ခွဲမှုများနှင့် စပ်လျဉ်း၍ ခရီသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်သည့် အခြားနိုင်ငံများ၏ စီမံခန့်ခွဲမှုများကို လေ့လာသုံးသပ်ဆောင်ရွက်ကြစေလိုပါကြောင်း၊ မိမိတို့နိုင်ငံ၏ ခရီးစဉ်ဒေသများကို ကမ္ဘာကသိရှိနိုင်စေရန် နည်းလမ်းမျိုးစုံသုံး၍ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း မှာကြားသည်။

ထို့နောက် ဧည့်ဝန်ဆောင်မှုဆိုင်ရာသင်တန်းကျောင်းအတွင်း ဘာသာရပ်များအလိုက် စာတွေ့လက်တွေ့ သင်ကြားပို့ချနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သင်တန်းသားသင်တန်းသူများကို အားပေးစကားပြောကြားသည်။

ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့သည် အမှတ် ၄၅၈-၄၆၀ ၊ မဟာဗန္ဓုလမ်းနှင့် ၃၁ လမ်းထောင့်ရှိ ခရီးသွားလုပ်ငန်းဆိုင်ရာသင်တန်းကျောင်းသို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက သင်တန်းကျောင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက နိုင်ငံအတွင်း ခရီးသွားအများအပြား ဝင်ရောက်လာပါက စနစ်တကျစီမံခန့်ခွဲနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန် မှာကြားသည်။

ယင်းနောက် ဒုတိယသမ္မတသည် သင်တန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှုစစ် ဆေးသည်။

၁၉၉၂ ခုနှစ်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဖွဲ့စည်းချိန်၌ ခရီးသွားလုပ်ငန်းဆိုင်ရာ သင်တန်းကျောင်းကို စတင်ဖွင့်လှစ်ခဲ့ပြီး ဧည့်လမ်းညွှန်(အခြေခံ) သင်တန်းကို အဓိကထား ဖွင့်လှစ်ပို့ချခဲ့ကြောင်း၊ ယခုအခါ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် လူဇင်ဘတ်နိုင်ငံအခြေစိုက် Luxembourg Development Cooperation Agency – Lux Dev ၏ ပံ့ပိုးကူညီမှုဖြင့် ခရီးသွားလုပ်ငန်းဆိုင်ရာ သင်တန်းကျောင်းနှင့် ဧည့်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းကျောင်းတို့ကို ပေါင်းစပ်၍ ခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်ရေးဗဟိုဌာန Center for Tourism Development – CTD အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ကြောင်း၊ အဆိုပါ သင်တန်းကျောင်းများတွင် ဧည့်ကြိုသင်တန်း၊ အိပ်ခန်းဆောင်ထိန်းသိမ်းမှုသင်တန်း၊ ဧည့်ဝန်ဆောင်မှုသင်တန်း၊ အချက်အပြုတ်သင်တန်း၊ ခရီးသွားလုပ်ငန်းသင်တန်း၊ ဧည့်လမ်းညွှန်သင်တန်း၊ ဧည့်လမ်းညွှန်လိုင်စင်ပျက်ပြယ်မွမ်းမံသင်တန်းနှင့် ဘာသာစကားသင်တန်းတို့ကို သင်ကြားပို့ချပေးလျက် ရှိကြောင်း သိရသည်။