လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၂/၂၀၁၉)ကျင်းပ

Printer-friendly versionSend by email

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မွန်ပြည်နယ် အတ္ထရံမြစ်ကူး(စံပယ်ဂူ)တံတား တည်ဆောက်ရေးစီမံကိန်းနှင့် သံဖြူဇရပ် မြန်မာ-ထိုင်း သေမင်းတမန်မီးရထားလမ်းပြတိုက်တို့အား သွားရောက်ကြည့်ရှု

 

မော်လမြိုင် နိုဝင်ဘာ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးဟန်ဇော်၊ ဦးအုန်းမောင်၊ နိုင်သက်လွင်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် တပ်မတော်အထူးလေယာဉ်ဖြင့် နေပြည်တော်မှထွက်ခွာရာ မွန်ပြည်နယ် မော်လမြိုင်မြို့သို့ ရောက်ရှိကြသည်။

နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးခင်မောင်ကြီး၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက မော်လမြိုင်လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာရာ ကျိုက်မရောမြို့သို့ ရောက်ရှိကြပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၁၄)က တာဝန်ယူတည်ဆောက်နေသော ကျိုက်မရော-စံပယ်ဂူ-ကော့ပနောလမ်းပေါ်တွင် တည်ရှိသည့် အတ္ထရံမြစ်ကူး (စံပယ်ဂူ)တံတား တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှု စစ်ဆေးသည်။

နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား စီမံကိန်းရှင်းလင်းဆောင်၌ ပြည်ထောင်စုဝန်ကြီး ဟန်ဇော်က မြန်မာနိုင်ငံ အရှေ့-အနောက် စီးပွားရေးစင်္ကြန်လမ်းမကြီးပေါ်ရှိ ဂျိုင်း(ကော့ကရိတ်) ဂျိုင်း(ဇာသပြင်)နှင့် အတ္ထရံတံတားများ အဆင့်မြှင်တင်တည်ဆောက်နေမှု အခြေအနေကို ရှင်းလင်းတင်ပြပြီး တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဆွေက အတ္ထရံမြစ်ကူး(စံပယ်ဂူ)တံတားစီမံကိန်း ဖြစ်မြောက်နိုင်စွမ်း လေ့လာမှု၊ တံတားဆိုင်ရာ အချက်အလက်များ၊ တံတားအူကြောင်း ရွေးချယ်ထားရှိမှု၊ လုပ်ငန်း စီမံချက်နှင့် တိုးတက်မှု၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေးစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်မှုနှင့် ချဉ်းကပ်လမ်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြသည်။

နိုင်ငံတော်သမ္မတက တင်ပြချက်များနှင့်စပ်လျဉ်းပြီး လမ်းညွှန်အမှာစကား ပြောကြားရာတွင် နိုင်ငံသူနိုင်ငံသားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ရာတွင် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍသည်လည်း အဓိကဦးစားပေး အခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသည်နှင့်အညီ ကျေးလက် ဒေသများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ လမ်းတံတားများ တည်ဆောက်သည့်အခါ ရေရှည်တည်တံ့ခိုင်မြဲရန်နှင့် နိုင်ငံတော်၏ဘဏ္ဍာငွေ လေ့လွင့်ဆုံးရှုံးမှုမဖြစ်အောင် စနစ်တကျ စိစစ်ကြပ်မတ် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တည်ဆောက်သည့် နည်းပညာနှင့် အရည်အသွေးကောင်းမွန်မှသာ ရေရှည်ခိုင်မြဲမည်ဖြစ်ပါကြောင်း၊ ယခုတံတားတည်ဆောက်ရေးတွင် တာဝန်ယူထားကြသည့် ပညာရှင်များအနေဖြင့် မိမိတို့၏ လုပ်ငန်းကျွမ်းကျင်မှုနှင့်အတူ စေတနာပါထားပြီး ဆောင်ရွက်ပေးကြစေလိုပါကြောင်း။

တံတားတည်ဆောက်ရာတွင် အသုံးပြုမည့် ပစ္စည်းများ၏ အရည်အသွေးကို စစ်ဆေးပြီး မှန်မှန်ကန်ကန် အသုံးပြုနိုင်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ တံတားကြီးကို သတ်မှတ်စံချိန်စံညွှန်းမီအောင် တည်ဆောက်သွားကြရ မည်ဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့် ရေလမ်းကြောင်းပြောင်းလဲမှု ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကိုပါ ထည့်သွင်းစဉ်းစား ဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုတံတား ကြီး တည်ဆောက်ပြီးစီးပါက နိုင်ငံသူနိုင်ငံသားများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးကို များစွာ အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း၊ ပြည်သူများ အမြန်ဆုံးအသုံးပြုနိုင်ရန် သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်လည်း တံတား၏ အရည်အသွေးနှင့် စံချိန်စံညွှန်းကို မထိခိုက်စေရန် လိုအပ်ပါကြောင်း မှာကြားသည်။

အတ္ထရံမြစ်ကူး (စံပယ်ဂူ)တံတားတည်ဆောက်ပြီးစီးပါက အတ္ထရံမြစ်၏ အရှေ့ဘက်ကမ်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများသည် ကျိုက်မရောမြို့သို့ အချိန် မိနစ် ၃၀ အတွင်း လွယ်လင့်တကူ ဆက်သွယ် သွားလာနိုင်ပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စရပ်များ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း၊ ထို့ပြင် မော်လမြိုင်မြို့မှ တံတားကြီးကိုဖြတ်သန်း၍ တရနာ-ဘုရားကုန်းလမ်းနှင့် မုဒုံ-မြဝတီလမ်းမှ တစ်ဆင့် ထိုင်းနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့သို့ အချိန်တိုအတွင်း ရောက်ရှိ နိုင်သည့်အတွက် ဒေသတွင်းကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့လာပြီး ဒေသဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ကြောင်း၊ ယခုအခါ တံတားတစ်စင်းလုံး၏ ၃၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး ၂၀၂၀ ခုနှစ် စက်တင်ဘာလအတွင်း အပြီးတည်ဆောက်သွားရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် သံဖြူဇရပ်မြို့ရှိ မြန်မာ-ထိုင်း သေမင်းတမန်မီးရထား လမ်းပြတိုက်သို့ ရောက်ရှိကြကာ ပြတိုက်အတွင်း လှည့်လည်ကြည့်ရှုကြပြီး ဂျပန်ခေတ် မီးရထားစက်ခေါင်းနှင့် မြန်မာ-ထိုင်း သေမင်းတမန်မီးရထားလမ်း စတင်သည့်နေရာတို့ကို ကြည့်ရှုလေ့လာကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ကျိုက္ခမီမြို့သို့ ရောက်ရှိကြပြီး ကျိုက္ခမီရေလယ်ဘုရားအား သွားရောက်ဖူးမြော်ကာ သစ်သီး၊ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် ရွှေသင်္ကန်းတို့ကို ကပ်လှူပူဇော်ပြီး ဂေါပကအဖွဲ့ထံ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။