ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ ဦးနောနှစ် (၂၀၀)ပြည့် ကျေးဇူးတော်ချီးမွမ်း ဝတ်ပြုကိုးကွယ်ခြင်း ဓမ္မသဘင် ဖွင့်ပွဲအခမ်းအနားတက်ရောက်

Printer-friendly versionSend by email

ရန်ကုန် နိုဝင်ဘာ ၅

မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန် အသင်းတော်များအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ဦးနောနှစ်(၂၀၀)ပြည့် ကျေးဇူးတော်ချီးမွမ်း ဝတ်ပြုကိုးကွယ်ခြင်း ဓမ္မသဘင်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ အလုံမြို့နယ် ခရစ်ယာန်သာသနာဝင်း Franc Auditorium ခန်းမ၌ ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ဇနီးဒေါက်တာရွှေလွှမ်းတို့ တက်ရောက်သည်။

အခမ်းအနားသို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဒေါ်သန်းမြင့်အောင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံနှစ် ခြင်းခရစ်ယာန်အသင်းချုပ်၊ မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန်အသင်းတော်များအဖွဲ့ချုပ်၊ နှစ်ခြင်းအမျိုးသမီး သာသနာပြုအသင်းနှင့် အသင်းတော်များမှ အသင်းသူအသင်း သားများတက်ရောက်ကြသည်။

ရှေးဦးစွာ ဦးနောနှစ်(၂၀၀)ပြည့် ကျေးဇူးတော်ချီးမွမ်း ဝတ်ပြုကိုးကွယ်ခြင်း ဓမ္မသဘင်ဖွင့်ပွဲအခမ်းအနားကို မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန် အသင်းတော်များ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာ စောထူးအယ်နှင့် သာသနာနယ်အတွင်းရေးမှူးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် အစီအစဉ်သဘာပတိ၊ ဓမ္မသဘင်ကျင်းပရေး ဗဟိုကော်မတီအတွင်းရေးမှူး ဆရာ ဦးဉာဏ်ဝေထွန်းက ပဏာမကျမ်းချက်ဖတ်ခြင်း၊ ကောင်းချီးတောင်းခံခြင်း၊ ဓမ္မတေးသီဆိုခြင်းတို့ ဆောင်ရွက်သည်။

ယင်းနောက် မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းတော်မျာအဖွဲ့ချုပ် ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာဦးလင်းစိန် က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

ထို့နောက် ဒုတိယသမ္မတက နှုတ်ခွန်းဆက် စကားပြောကြားရာတွင် လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာ ၁၈၁၉ ခုနှစ်၊ ဇွန်လ (၂၇)ရက်တွင် မြန်မာနိုင်ငံသားတိုင်းရင်းသားထဲမှ ဦးနောဆိုသည့် ပုဂ္ဂိုလ်သည် ဆရာယုဒသန် လက်ဖြင့် နှစ်ခြင်း မင်္ဂလာခံယူခဲ့ပါကြောင်း၊ ယင်းနေ့သည် မြန်မာနှစ်ခြင်း ခရစ်ယာန်သမိုင်းတွင် “နှစ်ခြင်း ခရစ်ယာန်အစဦးနောက” ဟု ကမ္ပည်းတင်နိုင်သည့်နေ့လည်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ယင်းနေ့သည် နှစ်ခြင်း ခရစ်ယာန်တိုင်း ပါဝင်ကျေးဇူးတော်ချီးမွမ်းရာ နေ့ရက်လည်းဖြစ်ပါကြောင်း။

အတိတ်ကာလကို ပြန်ကြည့်ပါက အမေရိကန်နှစ်ခြင်းသာသနာပြုအသင်းမှ ဆရာယုဒသန်အပါအဝင် သာသနာပြုဆရာတို့၏ ကိုယ်ကျိုးစွန့်ဝန်ထမ်းမှုများကြောင့် မြန်မာနိုင်ငံတွင် ဦးနော၊ ဦးသာလှ၊ ဦးပြားမှစ၍ နှစ်ခြင်းခရစ်ယာန်ဘာသာဝင်များစွာရှိလာသည်မှာ ရှေးဘိုးဘေးများတို့၏ ခိုင်ခံ့သည့်ယုံကြည်မှုကြောင့် ဖြစ်ပါကြောင်း။

၁၈၁၃ခုနှစ် ဇူလိုင် (၁၃)ရက်တွင် ဆရာယုဒသန်တို့ ဇနီးမောင်နှံ ရန်ကုန်မြို့သို့ စတင်ရောက်ရှိခဲ့ပြီး ၆ နှစ်အကြာ ၁၈၁၉ခုနှစ် ဧပြီ (၃၀)ရက်တွင် လှိုင်ဘောလယ်ရွာသား ဦးနောဆိုသည့် ပုဂ္ဂိုလ်သည် ဆရာယုဒသန်နှင့် ထိတွေ့တရားဆွေးနွေးပြီးနောက် ၁၈၁၉ခုနှစ် မေ (၉)ရက်တွင် သခင်ခရစ်တော်ကို ယုံကြည်လက်ခံပါသည်ဟု အတိအလင်းဝန်ခံပြီး သူ့အားနှစ်ခြင်းပေးရန် စာနှင့်ရေးသား လျှောက်ထားသည့်အတွက် ၁၈၁၉ခုနှစ် ဇွန် (၁၃)ရက်တွင် နှစ်ခြင်းမင်္ဂလာပေးရန် ဆုံးဖြတ်ခဲ့ကြပါကြောင်း။

သို့သော် ထိုအချိန်ကာလတွင် မြန်မာရှင်ဘုရင် ဘိုးဘော်ဘုရားနတ်ရွာစံပြီး မြေးတော် ဘကြီးတော်မင်း ထီးမွေနန်းမွေကို ဆက်ခံစိုးစံ၍ မင်းပြောင်းမင်းလွဲဖြစ်ချိန် ဖြစ်သည့်အတွက် ဦးနောကို နှစ်ခြင်းပေးမည့် ရက်ကိုရွှေ့ဆိုင်းပြီး ၁၈၁၉ခုနှစ် ဇွန်လ(၂၇)ရက် တနင်္ဂနွေနေ့တွင် ထိုအချိန်ကရှိခဲ့သည့် ဆံတော်ကြိုလမ်း အနီးရှိ လိပ်ပြာကန်တွင် ဦးနောကို နှစ်ခြင်းမင်္ဂလာပေးခဲ့ပါကြောင်း၊ ထို့နောက် ဦးသာလှ၊ ဦးပြား၊ ဦးရွှေဘေး၊ ဦးမြတ်ယာ၊ ဦးသာယာ၊ ဦးညိုဒွေး၊ ဦးဂွယ်၊ ဦးရွှေငုံနှင့် ဒေါ်မင်းလှ (ခေါ်) ဒေါ်မင်းလေးတို့သည် အစဉ်အတိုင်း နှစ်ခြင်းမင်္ဂလာခံယူခဲ့သည်ကို တွေ့ရပါ ကြောင်း။

၁၈၂၁ ခုနှစ် ဇန်နဝါရီ (၂၀)ရက်တွင် ဒေါ်မင်းလှ (ခေါ်) ဒေါ်မင်းလေးသည် သူနေထိုင်သည့် နန်းတော်ကုန်း ရပ်တွင် ကလေးသူငယ်များအတွက် စာသင်ကျောင်းတစ်ကျောင်းကို ကိုယ်တိုင်ဦးစီး၍ ဖွင့်ခဲ့သည်ကို နှစ်ခြင်း ခရစ်ယာန်သမိုင်းတွင် တွေ့ရပါကြောင်း၊ ၎င်းသည် ပထမဦးဆုံး ခရစ်ယာန်စာသင်ကျောင်းဖြစ်ပြီး ရှေးနှစ်ခြင်း ခရစ်ယာန်တို့သည် ဘာသာရေးသာမက တိုင်းပြည်ဖွံ့ဖြိုးရေးတွင် အဓိကျသည့် ပညာရေး လုပ်ငန်းကို အတွေးအမြင်ကျယ်စွာနှင့် တတ်နိုင်သည့်ဘက်ကနေ ဆောင်ရွက်ခဲ့ခြင်းပင်ဖြစ်ပါကြောင်း၊ အလားတူ ယနေ့ ဒီမိုကရေစီနိုင်ငံကို ထူထောင်နေသည့် အချိန်တွင် နှစ်ခြင်းခရစ်ယာန်တို့သည် ရှေးကနဦး ယုံကြည်သူများကဲ့သို့ ဘာသာရေး အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ဘုရားဖန်ဆင်းသည့် လူသားများ၏ လူမှုဘဝတိုးတက်ရေးတွင် အတွေးအမြင်ကျယ်စွာဖွင့်ပြီး ကိုယ်တတ်နိုင်သည့်ဘက်က ဝိုင်းဝန်းထမ်းဆောင် ကြရန် အလျဉ်းသင့်၍ တိုက်တွန်းလိုပါကြောင်း။

မြန်မာနိုင်ငံနှစ်ခြင်း ခရစ်ယာန်အသင်းတော်များအဖွဲ့ချုပ်သည် မြန်မာနိုင်ငံနှစ်ခြင်း ခရစ်ယာန်အသင်းချုပ်ကြီး၏ အဖွဲ့ဝင်၊ လူမျိုးစုနှင့် ဒေသန္တရအဖွဲ့ချုပ် (၁၈)ပါးအနက် တစ်ပါးအပါအဝင် ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်ပြီး မြန်မာစကားဖြင့် ကိုးကွယ်ဝတ်ပြုသည့် အသင်းတော် များ ယနေ့အထိ (၁၅၅)ပါးဖြင့် ဖွဲ့စည်းထားသော အဖွဲ့ချုပ်ဖြစ်သည်ကို သိရှိရပါကြောင်း။

၁၉၆၉ခုနှစ်ကလည်း ဦးနောနှစ်(၁၅၀) ဓမ္မသဘင်ကြီးကို ရန်ကုန်မြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ယခုနှစ်ပေါင်း ငါးဆယ်ကြာ နောက်တစ်ကြိမ်ကျင်းပ သည့် နှစ်(၂၀၀) ဓမ္မသဘင်ကြီးကို မိမိတို့ ပါဝင်ဆင်နွှဲခွင့်ရခြင်းသည် ကြုံတောင့်ကြုံခဲ ဖြစ်သည့်အတွက် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြရန် ပြောကြားလိုပါကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ရှေးဘိုးဘေးဘီဘင်တို့လက်ထက် ရှေးပဝေသဏီ ခေတ်ကတည်းက တိုင်းရင်းသားလူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူလက်တွဲ နေထိုင်ကြသည့် တိုင်းပြည်ဖြစ်ပါကြောင်း၊ အများစုက ဗုဒ္ဓဘာသာဝင်ဖြစ်ကြသော်လည်း ခရစ်ယာန်ဘာသာ၊ အစ္စလမ်ဘာသာ၊ ဟိန္ဒူ ဘာသာများကိုလည်း ကိုးကွယ်ရာဘာသာများအဖြစ် တရားဝင်အသိအမှတ် ပြုထားပါကြောင်း။

ဘာသာတရားအသီးသီး၏ အဆုံးအမအောက်တွင် မေတ္တာတရားကိုအခြေပြု၍ အသက်ရှင်ကြပါကြောင်း၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကို လူတိုင်းနှစ်သက်ကြပါကြောင်း၊ ထို့ကြောင့်လည်း ယခုနိုင်ငံတော် အစိုးရအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အထူးတလည် အာရုံစိုက်ဆောင်ရွက်နေသည်ကို မြင်တွေ့ကြမည် ဖြစ်ပါကြောင်း၊ ထိုငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်ရန် ခရစ်ယာန်တိုင်း၊ အသင်းတော်တိုင်းကလည်း ဆုတောင်းပေးကြရန် မေတ္တာရပ်ခံလိုပါကြောင်း။

ဘာသာရေးဆိုင်ရာ အသင်းတော်များတွင်ဖြစ်စေ၊ နိုင်ငံရေးဆိုင်ရာအဖွဲ့အစည်း များတွင်ဖြစ်စေ စည်းလုံးညီညွတ်မှုသည် လွန်စွာအရေးကြီးပါကြောင်း၊ စည်းလုံးညီညွတ်မှုပြိုကွဲလျှင် ပျက်စီးတတ်ပါ ကြောင်း၊ အသင်းတော်များ စည်းလုံးညီညွတ်မှု ပြိုကွဲလျှင် စာတန်၏ ဝါးမြိုခြင်းကို ခံရတတ်ပါကြောင်း၊ အလားတူ နိုင်ငံရေးတွင်လည်း တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှု ပြိုကွဲလျှင် သူတစ်ပါး၏ ဝါးမြိုခြင်းကို ခံရတတ်ပါကြောင်း၊ ထို့ကြောင့် နှစ်ခြင်းခရစ်ယာန်ဘာသာဝင်တို့သည် အသင်းတော်များ စည်းလုံးညီညွတ်မှုအင်အားကို တည်ဆောက်သကဲ့သို့ နိုင်ငံသားတစ်ယောက်၏ တာဝန်နှင့်အညီ နိုင်ငံတော်၏ တိုင်းရင်းသားများ စည်းလုံးညီညွတ်မှုကိုလည်း တည်ဆောက်သွားရန် လိုပါကြောင်း၊ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် နိုင်ငံသားကောင်းတစ်ဦးအနေနှင့် ပါဝင်တည်ဆောက်သွား ကြရန် တိုက်တွန်းလိုပါကြောင်း။

နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံသားများထဲမှ ပထမဆုံး နှစ်ခြင်းခရစ်ယာန်ဖြစ်သူ ဦးနောနှစ်ခြင်း မင်္ဂလာခံယူခြင်း နှစ်(၂၀၀)ပြည့် ကျေးဇူးတော်ချီးမွမ်းခြင်း ဓမ္မသဘင်တွင် အတူတကွ ကျေးဇူးတော်ချီးမွမ်း လျက် နိုင်ငံသားကောင်း သမီးကောင်းများအနေဖြင့် နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများတွင် တတ်အားသရွေ့ဝိုင်းဝန်း ကြိုးပမ်းပါဝင်ဆောင်ရွက်ကြရန်နှင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းသာယာရေး အတွက် ဆုတောင်းပေးကြရန် မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအား မြန်မာနိုင်ငံနှစ်ခြင်း ခရစ်ယာန်အသင်းတော်များ အဖွဲ့ချုပ် ဥက္ကဋ္ဌ သိက္ခာတော်ရဆရာ ဦးလင်းစိန်က အမှတ်တရလက်ဆောင်ပေးအပ်သည်။

ထို့နောက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဒေါ်သန်းမြင့်အောင်က နှုတ်ခွန်းဆက်စကား ပြောကြားပြီး မြန်မာနိုင်ငံနှစ်ခြင်း ခရစ်ယာန်အသင်းတော်များ အဖွဲ့ချုပ်ဥက္ကဋ္ဌ သိက္ခာတော်ရဆရာ ဦးလင်းစိန်နှင့် တာဝန်ရှိသူများက ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဒေါ်သန်းမြင့်အောင်၊ သာသနာပြုအသင်းများ နှင့် အသင်းတော်များမှ တာဝန်ရှိသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

ထို့နောက် ရန်ကုန်ကချင်နှစ်ခြင်းအသင်းတော်မှ ဓမ္မသံစုံသီချင်းကျူးအေးခြင်းနှင့် အသင်းတော်များမှ ပေးပို့လာသည့် သဝဏ်လွှာများအား တာဝန်ရှိသူများက ဖတ်ကြားခြင်းများပြုလုပ်ပြီး ကောင်းချီးပေးခြင်းတို့ကို ဆောင်ရွက်ကြသည်။