နိုင်ငံတော်သမ္မတဦးဝင်းမြင့် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) တည်ဆောက်ရေး စီမံကိန်းနှင့် သာကေတ လျှပ်စစ်ဓာတ်အားပေး စက်ရုံဝင်းအတွင်းရှိ(၂၅)မဂ္ဂါဝပ် (TM 2500) ဓာတ်အားပေးစက်တို့ကို ကြည့်ရှုစစ်ဆေး

Printer-friendly versionSend by email

ရန်ကုန် နိုဝင်ဘာ 

နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် ယနေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိပြီးတာဝန်ရှိသူများနှင့်အတူ နံနက် ၁၀နာရီ ၁၅ မိနစ်တွင် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား စီမံကိန်းရှင်းလင်းဆောင်၌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဟန်ဇော်က ရန်ကုန်မြို့တော်ရှိလမ်း၊ တံတားများအခြေအနေ၊ အတွင်းပတ်လမ်း၊ အပြင်ပတ်လမ်းနှင့် တံတားများဆက်စပ်မှုအခြေအနေ၊ ပဲခူးမြစ်ကူးတံတား (သန်လျင် တံတား အမှတ်-)တည်ဆောက်ရခြင်းအခြေအနေတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တံတားဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့်က ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ တံတားတည်ဆောက်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ တည်ဆောက်ရေးလုပ်ငန်းစဉ် အဆင့်ဆင့် ဆောင်ရွက်ခဲ့မှု အခြေအနေ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့မှု အခြေအနေ၊ စီမံကိန်းနှင့်မလွတ်ကင်းသော မြေယာကိစ္စရပ်များ ရှင်းလင်းဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

နိုင်ငံတော်သမ္မတက ပြည်ထောင်စုဝန်ကြီးနှင့် တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့၏ တင်ပြချက်များနှင့် စပ်လျဉ်း၍ လမ်းညွှန်အမှာစကား ပြောကြားရာတွင် ရန်ကုန်မြို့သည် နိုင်ငံတော်အတွက် အဓိကကျပြီး စီးပွားရေးအရလည်း အရေးပါသော မြို့ကြီးတစ်မြို့ဖြစ်သည့် အားလျော်စွာ လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံသူနိုင်ငံသားများအတွက် အချိန်ကုန်လူပန်း သက်သာစေရန် နိုင်ငံတော်အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အဆိုပါတံတားစီမံကိန်း ဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးပေးခဲ့သော ဂျပန်နိုင်ငံအစိုးရနှင့် ဂျပန်သံအမတ်ကြီးအပါအဝင် တာဝန်ရှိသူများအား အထူးကျေးဇူးတင်ရှိကြောင်းကို အလေးအနက်ထား ပြောကြားလိုပါကြောင်း၊ တံတားကြီးအားသတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးအတွက် ဆောင်ရွက်ကြရန် လိုအပ်သကဲ့သို့ တည်ဆောက်ကြမည့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အင်ဂျင်နီယာပညာရှင်များ၏ အရည်အသွေးများကို ဖော်ထုတ်ပြသပြီး စံနမူနာကောင်းတစ်ခုအဖြစ် ကျန်ခဲ့စေလိုပါကြောင်း၊တံတားကြီး၏ ကုန်ကျမည့်စရိတ်နှင့်ညီမျှသည့် အကျိုးအမြတ်ကို နိုင်ငံသူနိုင်ငံသားများရရှိစေလိုပါကြောင်း၊ ယခုတံတားကြီးအား တည်ဆောက်ပေးခြင်းအပြင် သန်လျင်ဘက်ကမ်းရှိ သီလဝါအထူးစီးပွားရေးဇုန်နှင့် Myanmar International Terminals Thilawa (MITT)တို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသောကြောင့် ရန်ကုန်မြို့အပါအဝင် ရန်ကုန်တောင်ပိုင်းခရိုင် မြို့နယ်များဖြစ်သည့် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်လာမှုများကို အမြန်ဆုံး ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် တံတားတည်ဆောက်ရေးစီမံကိန်းတွင် တာဝန်ထမ်းဆောင်နေသော ဂျပန်နိုင်ငံမှ အင်ဂျင်နီယာပညာရှင်များအား သစ်သီးခြင်းလက်ဆောင် ပေးအပ်ပြီး ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-)တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းခွင်အတွင်း လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် သာကေတ လျှပ်စစ်ဓာတ်အားပေး စက်ရုံဝင်းအတွင်းသို့ရောက်ရှိရာ စက်ရုံရှင်းလင်းဆောင်ခန်းမ၌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်က အမျိုးသားလျှပ်စစ်ဓာတ်အား ပင်မစီမံချက်အရ နှစ်အလိုက် ဓာတ်အားလိုအပ်ချက်များ တိုးတက်လာမည့် အခြေအနေ၊ ၂၀၁၉ ခုနှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံများ၏ စုစုပေါင်းစက်တပ်ဆင်အင်အား၊ ၂၀၂၀ ပြည့်ခုနှစ်အတွင်း Plan အရ ဖြစ်ပေါ်လာမည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံများ၏ စုစုပေါင်းစက်တပ်ဆင်အင်အား၊ နိုင်ငံတော်ဓာတ်အား လိုအပ်ချက်နှင့် ထပ်မံထုတ်လုပ်နိုင်မှုအရ နှစ်အလိုက် ဓာတ်အားစနစ်အတွင်း ဖြစ်ပေါ်လာမည့်အခြေအနေ၊ နိုင်ငံတော်ဓာတ်အားစနစ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ လျှပ်စစ်ဓာတ်အား ဝင်ရောက်ချိတ်ဆက် ဖြန့်ခွဲမှုအခြေအနေနှင့် သာကေတဓာတ်အားပေး စက်ရုံအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်းဒေသကြီးတွင် ထပ်မံဖြစ်ထွန်းလာမည့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အား လိုအပ်မှုအခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။

နိုင်ငံတော်သမ္မတက ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့၏ ရှင်းလင်း တင်ပြချက်များအပေါ် နိုင်ငံတော်အစိုးရအနေဖြင့် လမ်းပန်းဆက်သွယ်မှုနှင့် လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိရေး လုပ်ငန်းများကို ဦးစားပေးလုပ်ငန်းစဉ်အနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုနှင့် လျှပ်စစ်ဓာတ်အားရရှိမှုသည် နိုင်ငံသူနိုင်ငံသားများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစသည့်ကဏ္ဍများအတွက် အထောက်အကူဖြစ်စေမည်သာမက ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင်လည်းပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် လျှပ်စစ်ဓာတ်အား ပိုမိုတိုးတက်ထုတ်လုပ်လာနိုင်သည်နှင့်အမျှ အသုံးပြုမှုသည်လည်း ပိုမိုတိုးတက် များပြားလာနေသဖြင့် ဓာတ်အားပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေးကို တာဝန်ရှိသူများအနေဖြင့် ကြိုတင်ပြင်ဆင် ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု၊ လျှပ်စစ်ဓာတ်အား ယူနစ်များကိုလည်း အမှန်တကယ် သုံးစွဲသည့် အတိုင်းမှန်မှန်ကန်ကန်ရရှိစေရေး စီမံဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ပြည်သူများအတွက် လျှပ်စစ်မီးမှန်ရေးနှင့် ပြတ်တောက်မှု မရှိစေရေးတို့ကိုဝန်ကြီးဌာန တာဝန်ရှိသူများအားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းမှာကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ရန်ကုန်မြို့တော် လျှပ်စစ်မီးလုံလောက်စွာ သုံးစွဲနိုင်ရေးအတွက် နိုင်ငံတော်သမ္မတ၏ သီးသန့်ရန်ပုံငွေဖြင့် ဝယ်ယူထားသော စက်ရုံဝင်း အတွင်းရှိ Trailer Mounted Duel Fuel Generator (TM 2500) ဓာတ်အားပေးစက်နှင့် ထိန်းချုပ်ခန်းတို့ကို ကြည့်ရှုစစ်ဆေးသည်။