ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ ရေဘေးသင့်ပြည်သူများအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်တို့မှ လှူဒါန်းသည့် နေအိမ်(၁၇၅) လုံး လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

Printer-friendly versionSend by email
ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ ရေဘေးသင့်ပြည်သူများအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်တို့မှ လှူဒါန်းသည့် နေအိမ်(၁၇၅) လုံး လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

နေပြည်တော် အောက်တိုဘာ ၃၁

ရေဘေးသင့်ပြည်သူများအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်တို့မှ လှူဒါန်းသည့် နေအိမ်(၁၇၅) လုံးလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်၉နာရီခွဲတွင် ရေတာရှည်မြို့နယ်၊ သိုင်းဝကျေးရွာအုပ်စု၊ ကျွန်းတောစုကျေးရွာသစ်၌ ကျင်းပရာ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်သည်။

ရှေးဦးစွာ ဒုတိယသမ္မတသည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူနှင့် ဒေါက်တာ ဝင်းမြတ်အေး၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် ဦးစိုးအောင်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများနှင့်အတူ ရေတာရှည်မြို့နယ်၊ ကျွန်းတောစုကျေးရွာ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒေါက်တာ ဝင်းမြတ်အေး၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (MCEA ) ဥက္ကဋ္ဌ ဦးရှိန်ဝင်း၊ ရေတာရှည်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မိုးနိုင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်တို့က ကျေးရွာမုခ်ဦးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ဒုတိယသမ္မတနှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ကျေးရွာဆိုင်းဘုတ်အားစက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး အမွေးနံ့သာရည် ပက်ဖြန်းပေးကြသည်။

ယင်းနောက် ကျွန်းတောစုကျေးရွာဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များက အောင်သပြေ၊ ကံကော်၊ ခရေနှင့် ကတ္တီပါစိမ်းပင်တို့ကို စိုက်ပျိုးပေးကြ သည်။

ထို့နောက် ဒုတိယသမ္မတသည် ရေဘေးသင့်ပြည်သူများအတွက် အသစ်ဆောက်လုပ်ထားသော နေအိမ် များအား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုသည်။

ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းအဖြစ် ရေတာရှည်မြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် အသစ် ဆောက်လုပ်လှူဒါန်းထားသော နေအိမ် (၁၇၅)လုံး ပေးအပ်ပွဲအခမ်းအနားကို ကျင်းပသည်။

အခမ်းအနားတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပဲခူးတိုင်းဒေသကြီး ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲနှုတ်သီးကျိုးပျက်မှုကြောင့် ဆည်ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ပြီး ကျွန်းတောစုကျေးရွာကို ကျေးရွာအသစ်တည်ဆောက်ရာတွင် နေအိမ် (၁၇၅) လုံးအနက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က (၁၃)လုံး၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းချုပ်အနေဖြင့် နေအိမ်(၁၆၂)လုံးကို ဒေသခံပြည်သူများထံသို့ ဆောက်လုပ်လှူဒါန်း လွှဲပြောင်းပေးအပ်နိုင်သည့်အတွက် ဝမ်းမြောက်မိပါကြောင်း။

၂ဝ၁၈ခုနှစ်အတွင်းတွင် ပဲခူးတိုင်းဒေသကြီးသည် ရေဘေးဒဏ်ကိုခံစားရပြီးနောက် ဆွာချောင်း ရေလှောင်တမံ ရေပိုလွှဲနှုတ်သီးကျိုးပျက်မှုကြောင့် ဖြစ်ပွားသည့် ရေဘေးကို ထပ်မံခံစားခဲ့ရပါကြောင်း၊ အဆိုပါ ရေဘေးကြောင့် နေအိမ်များ ပြိုလဲမျောပါခြင်း၊ တစ်စိတ်တစ်ပိုင်း ပျက်စီးခြင်း များကို ကြုံတွေ့ခဲ့ရသည့်အတွက် အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအနေဖြင့် ချက်ချင်းသွားရောက်၍ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ဘေးသင့်ဒေသများ အမြန် ပြန်လည်ထူထောင်ရေး ပေါင်းစပ်ညှိနှိုင်းမှု အဖွဲ့ကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအောက်တွင် ထပ်မံဖွဲ့စည်းပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အလျင်အမြန်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် ပြိုလဲမျောပါခဲ့သည့်နေအိမ်(၁၈၅)လုံးအတွက် နေအိမ်များ ပြန်လည်ဆောက်နိုင်ရေးအိမ်ဆောက်ပစ္စည်းဖိုးနှင့် အမိုးသွပ်များ ထောက်ပံ့ပေးခြင်း၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ်နှင့်ဘုန်းကြီးကျောင်းများကိုလည်း ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ခဲ့ သည့်အပြင် ရေမျောပျက်စီးခဲ့သည့် စိုက်ပျိုးမြေများအတွက် အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရန် မျိုးစပါးနှင့် အခြားသီးနှံများ ထောက်ပံ့ပေးခြင်း၊ သဲဖုံးခဲ့သည့် လယ်ယာမြေများပြန်လည်ဖေါ်ထုတ်နိုင်ရေးအတွက် ထောက်ပံ့ပေးခြင်းစသည်တို့ကို လျင်လျင်မြန်မြန် ထောက်ပံ့ဆောင်ရွက် ပေးနိုင်ခဲ့သည့်အတွက် စိုက်ပျိုးမြေများကို အမြန် ဆုံးပြန်လည် ဖေါ်ထုတ်စိုက်ပျိုးနိုင်ခဲ့ပါကြောင်း။

မိမိတို့နိုင်ငံ၏ ပထဝီဝင်အနေအထားအရ ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ထိခိုက်ခံစားရရန် အလွန်လွယ်ကူသည့် အနေအထားတွင် ရှိသည့်အပြင် ဖြစ်ပွားနိုင်သည့် သဘာဝဘေးအမျိုးအစားမှာလည်း စုံလင်သည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းများကို နိုင်ငံ တကာနှင့် ပူးပေါင်းဆောင်ရွက်နေသကဲ့သို့ ဒေသတွင်းနိုင်ငံများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ထို့ပြင် နိုင်ငံအတွင်းတွင်လည်း ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရန် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေကို ၂ဝ၁၃ ခုနှစ်တွင် ပြဌာန်းခဲ့ပြီး နည်းဥပဒေကို ၂ဝ၁၅ ခုနှစ်တွင် ထုတ်ဝေနိုင် ခဲ့ပါကြောင်း၊ ဥပဒေအရ မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို ဆောင်ရွက်ရန် အမြင့်ဆုံးအဖွဲ့အစည်းဖြစ်သည့် ဒုတိယသမ္မတအဆင့်က ဦးဆောင်သည့် အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကိုဖွဲ့စည်းခဲ့ပါကြောင်း။

အမျိုးသားကော်မတီအောက်တွင် လုပ်ငန်းကော်မတီ (၁၂)ရပ်ကိုထပ်မံ ဖွဲ့စည်းထားပြီး တိုင်းဒေသကြီး/ ပြည်နယ်/ခရိုင်/မြို့နယ် အသီးသီးတွင်လည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များကို ဥပဒေ နှင့်အညီ ဖွဲ့စည်းဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် ပြည်ထောင်စုအဆင့် တွင် ရှိသည့် လုပ်ငန်းကော်မတီ(၁၂)ရပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်/ ခရိုင်/မြို့နယ်အဆင့် ကော်မတီ အသီးသီးသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်နေပါကြောင်း။

ထို့ပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်း စီမံချက် (MAPDRR)ကို ရေးဆွဲထားပြီး ဖြစ်သည့်အတွက် ဦးစားပေးလုပ်ငန်း၏ ပင်မမဏ္ဍိုင်(၁) ကဏ္ဍခွဲ(၁-၄)တွင် ယနေ့အခမ်းအနားနှင့်ကိုက်ညီ သည့် အချက်ဖြစ်သော မြန်မာနိုင်ငံရှိ ရေကာတာများနှင့် ရေလှောင်တမံများ၏ အန္တရာယ်ကင်းစိတ်ချရမှု အရေးကြီးသောအခြေခံ အဆောက်အဦများ၊ အစိုးရအဆောက်အဦများ၊ အရေးပေါ်အခြေအနေတွင် အသက် များ ကယ်ဆယ်နိုင်ရေးအတွက် အရေးပါသော အဆောက်အအုံများအား ဆန်းစစ်လေ့လာခြင်းဟု ထည့်သွင်း ဖော်ပြထားပါကြောင်း။

နောက်နောင်တွင် ယင်းဖြစ်စဉ်မျိုး ထပ်မံဖြစ်ပွားမှုကို ရှောင်ရှားနိုင်ရန် တစ်နိုင်ငံ လုံးတွင်ရှိသည့် ဆည်များ၊ ရေလှောင်တမံများ အပါအဝင်အခြေခံ အဆောက်အဦများ၏ ခိုင်ခန့်မှုကို စနစ်တကျ ကြီးကြပ်စစ်ဆေးနေရန် လိုအပ်သည့်အတွက် သက်ဆိုင်ရာ ကဏ္ဍအသီးသီးက တာဝန်ရှိသူများအနေဖြင့် အထူးဂရုပြု ဆောင်ရွက် ကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊နိဂုံးချုပ်အနေဖြင့် သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင် တုံ့ပြန် နိုင်ရန်အတွက် ပြည်သူများကိုယ်တိုင်ပါဝင်ပြီး ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်နိုင်မှသာလျှင် ဘေးဒဏ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်တုံ့ပြန်နိုင်သည့် လူ့အသိုက်အဝန်းတစ်ခု အမှန်တကယ်ပေါ်ပေါက်လာမည် ဖြစ်သည့်အတွက် ဘေးဖြစ်ပြီးမှ ထောက်ပံ့ခြင်းထက် ဘေးမဖြစ်မီ ကြိုတင်ပြင်ဆင်ခြင်းကို ထိရောက် အကျိုး ရှိအောင်ဆောင်ရွက်ထားကြရန်နှင့် နေအိမ်များ ပျက်စီးခဲ့ရသည့် ပြည်သူများကို အိမ်(၁၇၅)လုံးပြန်လည် တည်ဆောက်ပေးရန်အတွက် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းချုပ်အနေဖြင့် နေအိမ်(၁၆၂)လုံးကို ယနေ့ဆောက်လုပ်လှူဒါန်းမှုအတွက်လည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျွန်းတောစုကျေးရွာသစ် တည်ဆောက်ပေးမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (MCEA) ဥက္ကဋ္ဌက ရေဘေးသင့် ပြည်သူများအတွက် ဆောက်လုပ်လှူဒါန်းပေးသော နေအိမ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ကျောင်းသားကျောင်းသူများအတွက် ကျောင်းသားဝတ်စုံ(၁ဝဝဝ)နှင့် ကျောင်းသူ ဝတ်စုံ (၁ဝဝဝ)အား ပေးအပ်လှူဒါန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ပညာရေးမှူးတို့က လက်ခံ ရယူသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်းများအသင်းချုပ် ဥက္ကဋ္ဌက အထောက်အကူပြု ပရိဘောဂပစ္စည်းများ ပေးအပ်လှူဒါန်းရာ ကျွန်းတောစု ကျေးရွာရာအိမ်မှူးနှင့် ကျေးရွာပြည်သူတစ်ဦးက လက်ခံရယူသည်။

ထို့နောက် ဒေသခံပြည်သူတစ်ဦးက ရေတာရှည်မြို့နယ် ရေဘေးသင့်ပြည်သူများအား နေအိမ်များ အသစ်ဆောက်လုပ်လှူဒါန်းပေးခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူး၍ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲအသစ် တည်ဆောက်ခြင်းလုပ်ငန်း စီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိကြရာ ဆည်မြောင်းနှင့် ရေအသုံးချရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဘိုဘိုကျော်က လက်ရှိရေပိုလွှဲအသစ် တည်ဆောက်နေမှု အခြေအနေ၊ ရှေ့ဆက်ဆောင်ရွက်သွားမည် လုပ်ငန်းစဉ်များနှင့် တမံရေသောက်စနစ် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဒုတိယသမ္မတသည် ရေပိုလွှဲအသစ်တည်ဆောက်နေမှုအခြေအနေများ၊ အကျယ် ၁၂ဝပေရှိ ယာယီကျောက်ဖြည့်ရေလွှဲဆည်နှင့် အကျယ် ပေ ၂ဝဝနှင့် အမြင့် ၄၅ ပေရှိ ယာယီရေတားတမံ ဆောက်လုပ်နေမှု အခြေအနေများကို လှည်လည်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့သည် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ရှင်းလင်း ဆောင်သို့ ရောက်ရှိကြရာ ညွှန်ကြားရေးမှူးချုပ် ဦးဘိုဘိုကျော်က ဆွာချောင်းရေလှောင်တမံ ရေသောက်စနစ် အဆင့်မြှင့်တင်ပြုပြင်ခြင်း အခြေအနေနှင့် ရေပိုလွှဲအသစ် တည်ဆောက်မည့်နေရာတွင် ဘူမိဗေဒစမ်းသပ်ခြင်းလုပ်ငန်းနှင့် အခြေခံအုတ်မြစ်မြေကြီးတူးခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေမျာ၊ ၂ဝ၁၉ ခုနှစ် နွေစပါးရေပေးဝေရေးအတွက် စီစဉ်ဆောင်ရွက်မှု အခြေအနေများ၊ ယာယီရေလွှဲမြောင်းပိတ်၍ လက်ရှိ ရေသိုလှောင်ထားရှိမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြချက်အပေါ် ဒုတိယသမ္မတက ရေပိုလွှဲအသစ် တည်ဆောက်ရာတွင် ယခင်ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာ၌ လျင်မြန်မှုထက် ရေရှည်ခိုင်ခံမှုကို အလေးထား ဆောင်ရွက်သွားရန်ပြောကြားသည်။

အဆိုပါ ရေပိုလွှဲမှာ သံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး အလျား ၄၄၇ ဒသမ ၂ပေ၊ အကျယ် ၅၃၁ ဒသမ ၅ပေနှင့် ရေပိုလွှဲဒီဇိုင်းရေထုစီးနှုန်း ကုဗမီတာ ၈ဝဝဝဝ ရှိပြီး ရေပိုလွှဲ အသစ်တည်ဆောက်ခြင်းလုပ်ငန်း၏ အောက်ခံအုတ်မြစ်ပြုပြင်ခြင်းလုပ်ငန်းစဉ်မှသည် ရာနှုန်းပြည့် တည်ဆောက်ပြီးစီးသည်အထိ တည်ဆောက်မှု ကာလ (၂)နှစ်ခန့်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။