ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဒုတိယအကြိမ် မြန်မာနိုင်ငံဉာဏ်ရည်မသန်စွမ်းသူများဆိုင်ရာ ပညာရေးညီလာခံ တက်ရောက်

Printer-friendly versionSend by email
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဒုတိယအကြိမ် မြန်မာနိုင်ငံဉာဏ်ရည်မသန်စွမ်းသူများဆိုင်ရာ ပညာရေးညီလာခံ တက်ရောက်

နေပြည်တော်အောက်တိုဘာ၁၇

ဒုတိယအကြိမ် မြန်မာနိုင်ငံ ဉာဏ်ရည်မသန်စွမ်းသူများဆိုင်ရာ ပညာရေးညီလာခံကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ၂ ၌ ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်၍ အမှာစကားပြောကြားသည်။

ညီလာခံတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ၂၀၁၀ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ မသန်စွမ်းမှုဆိုင်ရာ အစီရင်ခံစာအရ ကမ္ဘာ တစ်ဝန်းတွင် မသန်စွမ်းသူဦးရေ ခန့်မှန်း ၁ ဘီလီယံခန့် ရှိသည်ကိုသိရှိရပါကြောင်း၊ အဆိုပါ မသန်စွမ်းသူ (၁၀)ဦးတွင် မသန်စွမ်း ကလေးသူငယ်တစ်ဦးနှုန်း ပါဝင်နေပြီး မသန်စွမ်း ကလေးသူငယ် ၈၀ ရာခိုင်နှုန်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်လျက်ရှိသည်ကို ဖော်ပြထားပါကြောင်း၊ ကမ္ဘာတစ်ဝန်းတွင်ရှိသော မသန်စွမ်းသူများသည် ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ၊ စီးပွားရေးပိုင်းဆိုင်ရာနှင့် စိတ်သဘောထားပိုင်းဆိုင်ရာ အတားအဆီး များကို ရင်ဆိုင်ကြုံတွေ့နေရပြီး လူ့အသိုက်အဝန်းအတွင်း၌ အပြည့်အဝ ပါဝင်ဆောင်ရွက်ခွင့် မရရှိကြပါကြောင်း၊ မသန်စွမ်းသူများသည် ကမ္ဘာ့အဆင်းရဲဆုံး လူသားများထဲတွင် အချိုးအစားကြီးမားစွာ ပါဝင်နေပြီး ပညာရေး၊ အလုပ်အကိုင်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုရေးနှင့် ဥပဒေပိုင်းဆိုင်ရာ စသည့်အခြေခံ လိုအပ်ချက် အရင်းအမြစ်များကို ပြည့်ဝစွာ မရရှိကြသည့်အပြင် သေဆုံးမှုနှုန်းမှာလည်း မြင့်မားနေပါကြောင်း။

ထို့ကဲ့သို့ အခက်အခဲမျိုးစုံနှင့် အတားအဆီးမျိုးစုံကို ရင်ဆိုင်ကြုံတွေ့နေကြရသကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစီအစဉ်များတွင် ဖယ်ကြဉ်ချန်လှပ်ထားခြင်း ခံနေရသည့်အတွက် ကမ္ဘာတစ်ဝန်းရှိ မသန်စွမ်းသူတိုင်း လူ့အခွင့်အရေးများနှင့် အခြေခံ လွတ်လပ်ခွင့်များကို ညီမျှစွာ အပြည့်အဝရရှိရေးတို့ကို ကာကွယ်စောင့်ရှောက်ရန်၊ တိုးမြှင့် လုပ်ဆောင်နိုင်ရန်၊ သေချာစေရန်နှင့် မသန်စွမ်းသူများ၏ မွေးရာပါဂုဏ်သိက္ခာကို ပိုမိုလေးစားမှုရှိရန် ရည်ရွယ်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံမှ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း United NationsConventionon the Rights of the Persons with Disabilities (UNCRPD)ကို ၂၀၀၆ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင် အတည်ပြုပြဋ္ဌာန်းပေးခဲ့ပါကြောင်း။

မြန်မာနိုင်ငံ၌ မသန်စွမ်းသူများ ကာကွယ်စောင့်ရှောက်ရေးနှင့် ပတ်သက်ပြီး နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)၏ ပုဒ်မ၃၂(က)တွင် “နိုင်ငံတော်သည် မိခင်နှင့် ကလေးသူငယ်များ၊ မိဘမဲ့ကလေးများ၊ ကျဆုံးသောတပ်မတော်သားများ၏ ကလေးများ၊ အိုမင်းမစွမ်းသူများ၊ မသန်စွမ်းသူများအား ကြည့်ရှုစောင့်ရှောက်ရမည်”ဟု ဖော်ပြထားပါကြောင်း။

ထို့အပြင် မသန်စွမ်းသူများ၏ အခွင့်အရေးများကို အပြည့်အဝ ပိုမိုကာကွယ်မြှင့်တင် စောင့်ရှောက်ပေးနိုင်ရေးအတွက် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် UNCRPDကို အတည်ပြု လက်မှတ်ရေးထိုးခဲ့သည့်အပြင် အခြားသောဒေသတွင်းနှင့် နိုင်ငံတကာ သဘောတူညီချက်များဖြစ်သော အာရှပစိဖိတ်ဒေသရှိ မသန်စွမ်းသူများဆိုင်ရာ တတိယ ဆယ်စုနှစ်အင်ချွန်း မဟာဗျူဟာ(၂၀၁၃-၂၀၂၂)၊ အာဆီယံမသန်စွမ်းသူများ ဆယ်စုနှစ် လုပ်ငန်းစဉ် (၂၀၁၁-၂၀၂၀)၊ ဘာလီကြေညာချက်နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ-Sustainable Development Goals (၂၀၁၆-၂၀၃၀) တို့ကို လိုက်နာအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (UNCRPD)နှင့်အညီ “မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ”ကိုလည်း ၂၀၁၅ ခုနှစ် ဇွန် ၅ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး “မသန်စွမ်းသူများ၏ အခွင့်အရေးနည်းဥပဒေ”ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း၊ အဆိုပါဥပဒေတွင် "မသန်စွမ်းသူတိုင်းသည် အခြား သန်စွမ်းသူများနည်းတူ ပညာသင်ယူပိုင်ခွင့်ရှိကြောင်းနှင့် မသန်စွမ်းကလေးသူငယ်တိုင်း သည် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဘဝတစ်သက်တာ သင်ယူမှု များအပါအဝင် ပညာရေးဆိုင်ရာအခွင့်အလမ်းများ ရရှိစေရမည်"ဟု ပြဋ္ဌာန်းထားပါကြောင်း။

၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ လူဦးရေ၏ ၄ ဒသမ ၆ ရာခိုင်နှုန်းဖြစ်သော ၂ ဒသမ ၃ သန်း ကျော်သည် မသန်စွမ်းသူများ ဖြစ်ကြပြီး ယင်းတို့အနက် ၈ သိန်း ၃ သောင်းကျော်သည် ဉာဏ်ရည်မသန်စွမ်းသူများ ဖြစ်ကြပါကြောင်း၊ ၎င်းတို့အနက် ကျောင်းနေအရွယ် ဉာဏ်ရည် မသန်စွမ်းကလေးသူငယ် ၉ သောင်းကျော်ရှိသည်ဟု သိရပါကြောင်း၊ မျက်မှောက်ခေတ်၌ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်းတွင် ဉာဏ်ရည်မသန်စွမ်းကလေးသူငယ် ဦးရေနှုန်းသည် ပိုမိုများပြားလာနေ သည်ဟု သိရှိရပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ် ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး တိုင်းတာစစ်ဆေးပံ့ပိုးမှုဆိုင်ရာ လုပ်ငန်းများသည် အရေးပါလာပါကြောင်း၊ ယခုအခါလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှEarly Childhood Intervention (ECI)လုပ်ငန်းကိုPilot Project အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

ယခုပညာရေးညီလာခံကို ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ဉာဏ်ရည်မသန်စွမ်း ကလေးများအတွက် လူတိုင်းအကျုံးဝင်ပညာရေးနှင့် အထူးပညာရေးကဏ္ဍများ ပိုမို တိုးတက်မြင့်မားလာစေရန်၊ မသန်စွမ်းသူများ၏ ပညာရေးဆိုင်ရာဥပဒေ၊ မူဝါဒများကို အခြေခံပြီး လက်တွေ့ဆောင်ရွက်နေမှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို အားပေးညှိနှိုင်းမှုများ ပြုလုပ်နိုင်ရန်၊ ၎င်းတို့၏အသိပညာ၊ ဗဟုသုတများနှင့်နည်းပညာများ စသည့်လူ့အရင်းအမြစ်တို့ကို အားပေးမြှင့်တင်နိုင်ရန် ဖြစ်ပါကြောင်း။

ဉာဏ်ရည်မသန်စွမ်း ကလေးဦးရေများပြားသော်လည်း ၎င်းတို့ကို ပြုစုပျိုးထောင်ပေးမည့် ဆရာ/ဆရာမများကို စနစ်တကျ လေ့ကျင့်သင်ကြားပေးသည့် ကျောင်း၊ ဌာနများ နည်းပါးခြင်း၊ ကလေးများကို လက်ခံလေ့ကျင့်ပေးနေသည့် ကျောင်းများတွင် ဆရာနှင့် ကျောင်းသားဦးရေ အချိုးမညီမျှခြင်း၊ မိဘများအနေဖြင့် အခြေခံဗဟုသုတ နည်းပါးခြင်း၊ လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းမှ ကလေးများအပေါ် ထားရှိသော မမှန်ကန်သည့် သဘောထားအမြင်နှင့် ဆက်ဆံမှုပုံစံများရှိနေခြင်း စသည့်အတားအဆီးများကြောင့် ဉာဏ်ရည်မသန်စွမ်းကလေးများသည် ပုံမှန်ပညာရေးကျောင်းများနှင့် ဝေးသထက်ဝေးကွာ ခဲ့ရပါကြောင်း။

ကလေးများတွင် မတူညီသော အစွမ်းအစများနှင့် ဉာဏ်ရည်ဉာဏ်သွေးများရှိသည်ကို တန်ဖိုးထားလေးစားရမည်ဖြစ်ပါကြောင်း၊ အချို့ကလေးများတွင် အထူးဂရုပြု စောင့်ရှောက်ပေးရန် လိုအပ်ပြီး ၎င်းတို့၏ဖွံ့ဖြိုးမှုဆိုင်ရာများတွင် နှောင့်နှေးမှုများရှိနေသော်လည်း အခြားကလေးများကဲ့သို့ ခံစားတတ်သော နှလုံးသားရှိသူများ ဖြစ်ပါကြောင်း၊ ကလေးများသည် သူတစ်ပါးကို ချစ်ခင်တတ်သကဲ့သို့ သူတစ်ပါး၏ နွေးထွေးကြင်နာမှု၊ ချစ်ခြင်းမေတ္တာများကို ရရှိရန်အထူးလိုအပ်ပါကြောင်း၊ ထိုသို့ရရှိမှသာ ၎င်းတို့၏ လိုအပ်ချက် များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး ဖွံ့ဖြိုးမှုအတွက် အထောက်အကူ ပြုမည်ဖြစ်ပါ ကြောင်း။

ထို့ကြောင့် အထူးပြုစုစောင့်ရှောက်ရန် လိုအပ်သော ကလေးများကို ပြုစု စောင့်ရှောက်မည့် ကျွမ်းကျင်သော ဆရာ/ဆရာမများ လိုအပ်ပါကြောင်း၊ ထိုသို့ ကျွမ်းကျင်သော ဆရာ/ဆရာမများ၏ ပြုစုပျိုးထောင်မှုအောက်တွင် ကလေးများ၏ ဖုံးကွယ်နေသော အစွမ်းအစများကို ဖော်ထုတ်ပြီး ဖွံ့ဖြိုးတိုးတက်မှုအမြင့်ဆုံးကို ရောက်ရှိလာကြမည်ဖြစ်ပါကြောင်း။

အထူးပညာရေးနည်းစနစ်များကို လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၊ ဌာနအဖွဲ့အစည်း တစ်ခုတည်းကသာ နားလည်သိရှိရုံနှင့် မလုံလောက်ပါကြောင်း၊ မသန်စွမ်းကလေးသူငယ်များနှင့် ထိတွေ့ဆက်ဆံနေရသည့် အရွယ်ရောက်သူလူကြီးတိုင်းကပါ ယင်းနည်းစနစ်များနှင့် ဗဟုသုတများကို သိရှိနားလည်ထားရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် ဉာဏ်ရည်မသန်စွမ်းကလေးများ၏ မိဘများအနေဖြင့် မိမိတို့၏ ဉာဏ်ရည်မသန်စွမ်းသော သားသမီး ကလေးများကို မည်သို့ပြုစုစောင့်ရှောက်ရမည်ဆိုသည့် နည်းစနစ်များကို သိရှိပြီး ပါဝင် ဆောင်ရွက်ကြရန် အလွန်အရေးကြီးပါကြောင်း။

သို့မှသာ အဆိုပါကလေးများနှင့် ထိတွေ့ဆက်ဆံရာတွင် လွယ်ကူအဆင်ပြေနိုင်ပြီး အပြန်အလှန် နားလည်မှုများ ရှိလာနိုင်မည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် မသန်စွမ်း ကလေးသူငယ်များ တက်ရောက်နေသည့် အခြေခံပညာကျောင်းများမှ ဆရာ/ ဆရာမများကလည်း ယခုနည်းစနစ်များကို သိရှိနားလည်ထားကြရမည် ဖြစ်ပါကြောင်း၊ မိမိကျောင်းကို ရောက်ရှိလာသည့် ဉာဏ်ရည်မသန်စွမ်း ကလေးသူငယ်များကို ဖွံ့ဖြိုးလာအောင် ပြုစု ပျိုးထောင်ပေးနိုင်မည်ဖြစ်ပါကြောင်း။

နိဂုံးချုပ်အနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးဆီသို့ ချီတက်ရာတွင် နိုင်ငံသားတိုင်း ခွဲခြားဆက်ဆံခံရခြင်းမရှိဘဲ လူ့အခွင့်အရေး အပြည့်အဝခံစားရရှိပြီး မည်သူတစ်ဦးတစ်ယောက်မှ နောက်ကျမကျန်ရစ်ရလေအောင် ယခုပညာရေး ညီလာခံမှတစ်ဆင့် မသန်စွမ်းကလေးငယ်များ၏ ပညာသင်ယူနိုင်မှု အခွင့်အလမ်း တိုးတက်မြင့်မားလာရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကျွမ်းကျင်ပညာရှင်များနှင့် ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းပါဝင် ကူညီပံ့ပိုးပေးကြပါဟု တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးမှုတိုင်းတာစစ်ဆေးခြင်း (Early Childhood Intervention - ECI)နှင့်မြန်မာနိုင်ငံအထူးပညာရေးအသင်း( Myanmar Special Education Association - MSEA)တို့၏ မသန်စွမ်းကလေးသူငယ်များ ဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ဆောင်ရွက်မှု မှတ်တမ်းပုံရိပ်များကို ဗွီဒီယိုဖြင့် ပြသသည်။

ဆက်လက်၍ ဉာဏ်ရည်မသန်စွမ်း ကလေးသူငယ်များက ထာဝရမြန်မာ တေးသီချင်း အပါအဝင် တေးသီချင်းများဖြင့် တေးသရုပ်ဖော် တင်ဆက်ကြသည်။

ယင်းနောက် ဉာဏ်ရည်မသန်စွမ်း ကလေးအများဆုံး လက်ခံသင်ကြားပေးလျက်ရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်ရှိ ဒယူးအခြေခံပညာ အထက်တန်းကျောင်းခွဲနှင့် နယ်ပယ်အသီးသီးတွင် ထူးချွန်ဆုရရှိသော ဉာဏ်ရည်မသန်စွမ်းသူ ၈ ဦးကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများချီးမြှင့်ကြသည်။

ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

ယင်းနောက် ဒုတိယသမ္မတသည်ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ရှေးဦးအရွယ် ကလေးသူငယ် ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာ စစ်ဆေးမှုနှင့်ဥာဏ်ရည် မသန်စွမ်း ကလေးသူငယ်များပြုစု စောင့်ရှောက်ရေး နှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ မှတ်တမ်း ဓာတ်ပုံများကို လှည့်လည်ကြည့်ရှုသည်။

အခမ်းအနားသို့ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ၏ ဇနီးဒေါက်တာအဲန်နာရွှေလွှမ်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ဇနီး၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဌ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူမှုရေးဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန် များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ မသန်စွမ်းအဖွဲ့အစည်းများ၊ မသန်စွမ်းကလေးများနှင့် မသန်စွမ်းသူ များ တက်ရောက်ကြသည်။

ပထမအကြိမ် မြန်မာနိုင်ငံ ဥာဏ်ရည်မသန်စွမ်းသူများဆိုင်ရာ ပညာရေးညီလာခံကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည်။