၂၀၁၉ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

Printer-friendly versionSend by email
၂၀၁၉ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၆

၂၀၁၉ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယ ဝန်ကြီးများ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ နေပြည်တော်ကောင်စီဝင် များ၊ နိုင်ငံတကာသံရုံးများမှသံတမန်များ၊ ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) နှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပအစိုးရ မဟုတ် သည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယသမ္မတကနှစ်စဉ် အောက်တိုဘာ၁၆ရက်တွင် ကျင်းပ မြဲဖြစ်သည့် ကမ္ဘာ့စားနပ်ရိက္ခာနေ့အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြား ခွင့်ရသည့်အတွက် များစွာဝမ်းမြောက်ပါကြောင်း၊ ကမ္ဘာသူကမ္ဘာသားများ၏ စားနပ် ရိက္ခာဖူလုံရေးနှင့် ငတ်မွတ်မှုတိုက်ဖျက်ရေးအတွက် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ကြီးက နှစ်စဉ်ဆောင်ပုဒ်ချမှတ်ပြီး ကမ္ဘာ့စားနပ်ရိက္ခာနေ့ကို ကျင်းပ လျက်ရှိရာ ယခုနှစ်ဆောင်ပုဒ်မှာ “ကျန်းမာမျှတအာဟာရ၊ ပြည့်စုံနိုင်ရေးရည်မျှော်တွေး၊ ယနေ့မှစ၍ကြိုးစားပေး” Our Actions are Our Future, Healthy Diets for a Zerohunger World ဖြစ်ပါကြောင်း။

ကမ္ဘာ့နိုင်ငံအသီးသီးသည် စားနပ်ရိက္ခာဖူလုံရေးနှင့် ငတ်မွတ်မှုကင်းစင်ရေးကို ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်း ကြိုးပမ်းခဲ့ကြသော်လည်း လျှော့ကျခြင်းမရှိဘဲ အာဟာရမပြည့်ဝသူဦးရေသည် လက်ရှိတွင်ပြန်လည်မြင့်တက်လာပါကြောင်း၊ လူဦးရေ အားဖြင့် သန်း(၈၀၀)ကျော်ရှိကြောင်း၊ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ (FAO)က ထုတ်ပြန်ထားပါကြောင်း၊ ယေဘုယျအားဖြင့် လူ၉ဦးတွင် တစ်ဦးသည် အာဟာရပြည့်ဝမှုမရှိဘဲ ငတ်မွတ်မှုရှိနေပါကြောင်း၊ ယင်းမှာစားနပ်ရိက္ခာများ၏ ထုတ်လုပ်မှုပမာဏသာမက အရည်အသွေးမပြည့်ဝမှုများကြောင့် လည်းဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် မညီညွတ်သည့်စားသောက်မှုပုံစံများသည် ကမ္ဘာတွင်ရောဂါဖြစ်ပွားမှု၊ သေဆုံးမှုများ၏ အဓိကအရင်းခံအကြောင်းတရားဖြစ်လာနေပါကြောင်း၊ ထို့ကြောင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး ရေရှည်တည်တံ့သည့်စားနပ်ရိက္ခာများကို လူတိုင်းရရှိစားသုံး နိုင်ရေးသည် ချက်ချင်းလုပ်ဆောင်ရမည့် လိုအပ်ချက်ဖြစ်ကြောင်းကိုဖော်ပြထားပါ ကြောင်း။

ယနေ့ကမ္ဘာကြီးတွင် နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့် အတူလူများ၏နေထိုင် သွားလာမှု၊ အသက်မွေးမှုနှင့်စားသောက်မှုပုံစံများသည် ပြောင်းလဲလျက်ရှိပါကြောင်း၊ အထူးသဖြင့်လူများသည်ရာသီသီးနှံ၊ အပင်အခြေခံသီးနှံနှင့်အမျှင်များသည့် အစားအစာ များအစား ကယ်လိုရီများသည့်ပြုပြင်ပြီး အစားအစာများနှင့် အသားစားသုံးမှုများ များပြားလာသည်ကို တွေ့ရပါကြောင်း၊ မြို့ပြများတွင်အိမ်၌ ချက်ပြုတ်စားသောက် ခြင်းထက် စားသုံးသူများကျန်းမာရေးအတွက် လုံခြုံစိတ်ချရမှုအာမခံချက် အပြည့်အဝ မရရှိနိုင်သည့် အသင့်စားအစားအစာများကိုစူပါမားကတ်များ၊ (၂၄)နာရီဆိုင်များနှင့် စားသောက်ဆိုင်များတွင် ဝယ်ယူစားသောက်မှုအလေ့အကျင့်များသည် ပေါ်ပြူလာ စရိုက်သဖွယ် များပြားလာသည်ကိုတွေ့ရပါကြောင်း။

တစ်ဖက်တွင်လည်း ရာသီဥတုဖောက်ပြန်မှု၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွား မှုများကြောင့် ကျေးလက်ဒေသတွင်နေထိုင်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနှင့် အသက် မွေးကြသည့်ပြည်သူများအနေဖြင့် လုပ်ငန်းထိခိုက်ပျက်စီးမှုမှ ဝင်ငွေနည်းပါးလာ သည့်အတွက် လတ်ဆတ်သည့်အသားနှင့် အာဟာရပြည့်ဝသည့် အစားအစာများကို ၎င်းတို့ကိုယ်တိုင်စားနိုင်ရန် အခွင့်အရေးနည်းပါးလျက်ရှိပြီး စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ ထုတ်လုပ်နိုင်မှုပမာဏလျော့ကျမှုများကိုလည်း တွေ့ရှိရပါကြောင်း။

FAO ၏တင်ပြချက်အရကမ္ဘာတွင် ရှေးယခင်ကစားနပ်ရိက္ခာအတွက် အပင်မျိုး ပေါင်း ၆၀၀၀ ကျော်စိုက်ပျိုးခဲ့ကြသော်လည်း ယခုဆိုလျှင်သီးနှံအပင် (၉)မျိုးခန့်ကို စုစုပေါင်း သီးနှံ အထွက်၏ ၆၆ရာခိုင်နှုန်းခန့်ထွက်ရှိအောင် ထုတ်လုပ်နေကြပါကြောင်း၊ တိုးတက်များပြားလာသည့် ကမ္ဘာ့လူဦးရေကိုကျွေးမွေးနိုင်ရန်၊ တစ်နည်းအားဖြင့် တစ်ကမ္ဘာလုံး၏ စွမ်းအင်လိုအပ်ချက် ၅၀ ရာခိုင်နှုန်းကျော်ကို ဖြည့်ဆည်းနိုင်ရန်အဓိက သီးနှံ(၃)မျိုးဖြစ်သည့် ဂျုံ၊ ပြောင်းနှင့် ဆန်တို့ကို အထွက်တိုးနည်းလမ်းများနှင့် ထုတ်လုပ် နေကြခြင်းဖြစ်ပါကြောင်း၊ ယင်းနည်းလမ်းများသည် ကျန်းမာမှုနှင့် ပြည့်စုံစေသည့် အစားအစာရရှိစေရန်နှင့် ပတ်ဝန်းကျင်ကိုထိန်းသိမ်း စောင့်ရှောက်ရန် အတွက် အနုတ်လက္ခဏာဆောင်သည့် အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေလျက် ရှိကြောင်း FAO အဖွဲ့ကြီးက သုံးသပ်ထားပါကြောင်း။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအခြေခံနိုင်ငံဖြစ်သည်နှင့်အညီ ပြည်သူများ စားနပ် ရိက္ခာဖူလုံစေရန် သီးနှံအမျိုးပေါင်း၆၀ကျော်ကို ရာသီအလိုက် နှစ်စဉ်စိုက်ပျိုးထုတ်လုပ် လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရ ပြည့်ဝသည့် စားနပ်ရိက္ခာများဖူလုံစွာ ထုတ်လုပ်နိုင်ရန်ချမှတ်ပြီးဖြစ်သည့် “စိုက်ပျိုးရေး ဖွံ့ဖြိုး တိုးတက်မှုမဟာဗျူဟာ”နှင့် အညီကောင်းမွန်သည့် စီမံအုပ်ချုပ်မှု၊ ကုန်ထုတ် စွမ်းအားတိုးတက်စေမှု၊ ဈေးကွက်ချိတ်ဆက်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိမှုဆိုသည့် မဟာဗျူဟာမဏ္ဍိုင်(၃)ရပ်နှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။

လက်ရှိအားဖြင့် အဓိကစားသုံးကြသည့်ဆန်နှင့် အခြားသီးနှံထွက်ရှိမှုသည် ပြည်တွင်းစားသုံးမှုအတွက် ဖူလုံလျက်ရှိပြီးပိုလျှံမှုကိုပြည်ပသို့ တင်ပို့လျက်ရှိပါကြောင်း၊ ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးအတွက် အဓိကသီးနှံစပါးအပါအဝင်ရာသီသီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးစသည့် ဓါတုပစ္စည်းများကို သုံးစွဲနည်းနှင့် လိုက်နာရန်လမ်းညွှန်ချက်များကို မလိုက်နာဘဲ အလွန်အကျွံသုံးစွဲခြင်းနှင့် ရိတ်သိမ်းဖြန့်ဖြူးမှုမမှန်ကန်မှုများကြောင့် စားသုံးသူများ ဘေးအန္တရာယ်နှင့် ရောဂါဘယများ မဖြစ်စေရန်ရည်မှန်းပြီး ပြဋ္ဌာန်းထားသည့် မြေဩဇာဥပဒေ၊ ပိုးသတ်ဆေးဥပဒေစသည့် ဥပဒေများ၊ နည်းဥပဒေများနှင့်အညီ ထိန်းကြောင်းအရေးယူခြင်း၊ ကိုင်တွယ်သုံးစွဲသည့်တောင်သူလယ်သမားများကို အသိပညာပေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေရန်လိုအပ်ပါကြောင်း။

တစ်ဖက်တွင်လည်း သီးနှံစိုက်ပျိုးခြင်း၊ တိရစ္ဆာန်နှင့် ငါးမွေးမြူခြင်းလုပ်ငန်းများ တွင် အရည်အသွေးကောင်း၊ အထွက်နှုန်းကောင်းသည့် မျိုးများသုံးစွဲရေးအတွက် စည်း ရုံး ဆောင်ရွက်ပေးနေသည်ကို တွေ့ရှိပါကြောင်း၊ သီးနှံထွက်ကုန်များနှင့် မွေးမြူရေး ထွက်ကုန်များ ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေး ပြည့်ဝစေရေး ရည်မှန်းပြီး ချမှတ်ထားသည့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(Good Agricultural Practice- GAP)၊ မွေးမြူရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (Good Animal Husbadary Practice-GAHP)၊ ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (Good Aquaculture Practice-GAqP)များကို လိုက်နာသုံးစွဲကြရန်ပညာပေး လုပ်ငန်းများကိုလည်း ထိရောက် အောင်ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း။

ထို့ပြင် မြန်မာနိုင်ငံတွင်လည်း ရာသီဥတုပြောင်းလဲမှုနှင့် အကျိုးဆက်အဖြစ် သဘာဝဘေးအန္တရာယ်များကြောင့် နိုင်ငံ၏သီးနှံ၊ သားငါးထုတ်လုပ်မှုအပေါ် အကျိုး သက်ရောက်မှုကိုအချိန်နှင့် တစ်ပြေးညီဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

အထူးသဖြင့် မိုးရာသီကာလအတွင်း လယ်ယာမြေများရေလွှမ်းခံရပြီး သီးနှံ ထိခိုက်ပျက်စီးမှုများကို နှစ်စဉ်ကြုံတွေ့ရလျက်ရှိပါကြောင်း၊ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေနှင့်အညီ စားနပ်ရိက္ခာ စိုက်ပျိုးမွေးမြူထုတ်လုပ်သူများဖြစ်သည့် တောင်သူလယ်သမားများ၏ အကျိုးစီးပွား မထိခိုက်စေရေးနှင့် နစ်နာမှုမရှိစေရေးအတွက် ပံ့ပိုးကူညီမှုများပေးအပ်ရာတွင် မှန်ကန်ထိရောက်မှုရှိအောင် ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း။

ယနေ့ကမ္ဘာကြီး၏ နည်းပညာပြောင်းလဲမှုနှင့် အတူ ယှဉ်တွဲလာသည့် ကမ္ဘာကြီး ပူနွေးလာမှုနှင့် ရာသီဥတုဖောက်ပြန်မှုတို့သည် စိုက်ပျိုးရေးလုပ်ငန်းအပေါ်တွင် အဓိက အမှီသဟဲပြုနေကြရသည့် ကျေးလက်ဒေသကိုဆိုးကျိုးသက်ရောက်စေပါကြောင်း၊ ထိုသို့ ဆိုးကျိုးသက်ရောက်မှုကြောင့် လူအများစုမှီတင်းနေထိုင်ရာ ကျေးလက်ဒေသ များတွင် စိုက်ပျိုးသီးနှံများပျက်စီးဆုံးရှုံးမှု၊ ထွက်ရှိလာသည့် သီးနှံများအရည် အသွေးမပြည့်ဝမှုများ၏ အကျိုးဆက်အဖြစ်လူမှု စီးပွားရေးချွတ်ခြုံကျမှု၊ စားနပ်ရိက္ခာ မပြည့်စုံမှု၊ ဘေးကင်းလုံခြုံသည့် စားရေရိက္ခာရှားပါးလာမှု၊ ငတ်မွတ်ခေါင်းပါးမှုများနှင့် ရင်ဆိုင်နေကြရပါကြောင်း။

တဖြည်းဖြည်းတိုးတက်လာသည့် လူဦးရေကိုဝလင်စွာ ကျွေးမွေးနိုင်ရေးအပြင် ကျန်းမာသန်စွမ်းပြီးတောက်ပသည့် အနာဂတ်ကိုပုံဖော်ကြမည့် အနာဂတ်မျိုးဆက်ကို ပြုစုပျိုးထောင်ကြရန် အတွက်ဘေးကင်းပြီးလုံခြုံစိတ်ချရသည့် အစားအစာများ ထုတ်လုပ်နိုင်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ကျေးလက်လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက် စေရေးစသည့် အဓိကကျသောလုပ်ငန်းတာဝန်များကို မိမိတို့အနေဖြင့် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မျှော်မှန်းထားသည့် ရလဒ်များရရှိရန်အတွက် (FAO)၏အကူအညီများနှင့်အတူ မိမိတို့ အစိုးရ၏ မှန်ကန်ထိရောက်သည့်မူဝါဒများအပေါ် ဌာနဆိုင်ရာများ၏ ထိရောက် အောင်မြင်သည့် အကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့် ပြည်သူလူထု တစ်ရပ်လုံး၏ ပူးပေါင်းပါဝင်မှုများဖြင့် ဟန်ချက်ညီညီနှင့် ဂရုတစိုက်ဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း။

ငတ်မွတ်ခေါင်းပါးမှုကို ပပျောက်အောင်ဆောင်ရွက်နိုင်မှသာ အာဟာရပြည့်ဝရေး၊ ကျန်းမာကြံ့ခိုင်ရေး၊ ပညာရည်မြင့်မားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးစသည့် ရည်မှန်းချက်များလည်း ပြည့်ဝလာမည်ဖြစ်ပါကြောင်း၊ ရေရှည်တည်တံ့သည့် အနာဂတ် ကိုပိုင်ဆိုင်ရန်အတွက် ရေရှည်တည်တံ့သည့်ဖွံ့ဖြိုးမှုပန်းတိုင် (SDGs) ၂၀၃ဝကို အကောင်အထည်ဖော်ဆောင်ကြရန်မှာ ကမ္ဘာ့လူသားအားလုံး၏ တာဝန်ဖြစ်ပါကြောင်း၊ ၂၀၃၀ ခုနှစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင် အမှတ်စဉ်(၂) ပြည့်မီရေးအတွက် ငတ်မွတ်ခေါင်းပါးမှုကင်းစင်ရေးကို အလေးပေးဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုများ၊ ပူးပေါင်းမှုများရှိနေသည် ဆိုသော်လည်း မိမိတို့ကသာ အဓိကအားဖြင့် ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း။

ငတ်မွတ်မှုနှင့် အာဟာရချို့တဲ့မှုကိုတိုက်ဖျက်ကြသည့် နေရာတွင်ဆက်စပ် ပတ်သက်နေသည့် လူမှုဘဝလုံခြုံရေး၊ ရေရှည်တည်တံ့သည့် စိုက်ပျိုးမွေးမြူရေး၊ အာဟာရပြည့်ဝရေး၊ ကျန်းမာရေး၊ ပညာရေးစသည့်ကဏ္ဍများတွင် အစိုးရပိုင်းအနေဖြင့် မှန်ကန်သည့်မူဝါဒနှင့် လမ်းညွှန်ချက်များချမှတ်နိုင်မှု၊ ထိရောက်မြန်ဆန်သည့် ဆက်သွယ်ရေးစနစ်၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများဖြေလျော့ပေးမှု၊ ရင်းနှီးမြှုပ်နှံသူ များအတွက် အခွင့်အလမ်းများဖန်တီးပေးနိုင်မှု၊ ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင် မှုများသည် အလွန်ပင်အရေးကြီးပါကြောင်း။

မိမိတို့အစိုးရအနေဖြင့် စားနပ်ရိက္ခာဖူလုံရေး၊ ဘေးကင်းလုံခြုံရေးနှင့် အာဟာရ ပြည့်ဝရေးကဏ္ဍများတွင် (FAO)ကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ၎င်းနှင့်ဆက်စပ်နေသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လယ်ယာထုတ်ကုန်မြှင့်တင်ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးစသည့် ကဏ္ဍများ တွင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ လိုအပ်သည့်ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ပြင်ဆင် ပြဋ္ဌာန်းပေးခြင်း စသည့်လုပ်ငန်းများကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများမှတစ်ဆင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO)အနေဖြင့် မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးကဏ္ဍများတွင် နည်းပညာနှင့် ဘဏ္ဍာရေးဆိုင်ရာ အထောက် အပံ့များ စဉ်ဆက်မပြတ်ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့မှုများ အတွက် မြန်မာပြည်သူ များနှင့် နိုင်ငံတော်အစိုးရ ကိုယ်စားကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါကြောင်း။

ကမ္ဘာ့လူဦးရေ ၉ ဘီလီယံအတွက် စားနပ်ရိက္ခာများ တိုးတက်ထုတ်လုပ်နိုင် အောင် ကြိုးပမ်းဆောင်ရွက်ကြ လျက်ရှိပြီးတစ်ဖက်တွင်လည်း ဘေးကင်းပြီး အာဟာရ ပြည့်ဝသည့် အစားအစာမျိုးစုံပိုမိုစားသုံးလာနိုင်အောင် မိမိတို့အားလုံး ကြိုးပမ်းကြမှသာ “ကျန်းမာမျှတအာဟာရ၊ ပြည့်စုံနိုင်ရေးရည်မျှော်တွေး၊ ယနေ့မှစ၍ ကြိုးစားပေး” ဆိုသည့် ယခုနှစ်ဆောင်ပုဒ်နှင့်ညီညွတ်ပြီး စည်ပင်သာယာဝပြောသည့် ကမ္ဘာကြီးအဖြစ် ရပ်တည်နိုင်မည်ဖြစ်သည့်အတွက် အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်သူအားလုံးက ကိုယ်စီ တာဝန်ကို လက်တွဲညီညီထမ်းဆောင်ကြပါရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ဆက်လက်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ၂၀၁၉ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် အခမ်းအနားနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Xaiojie Fan က ကမ္ဘာ့ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာ ကို ဖတ်ကြားသည်။

ယင်းနောက် ၂၀၁၉ ခုနှစ်ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ်Video ကို ပြသသည်။

ထို့နောက် ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် အတူမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ၂၀၁၉ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် ပြခန်းများကို လှည့်လည်ကြည့်ရှုသည်။