ဒုတိယသမ္မတ ဦးမြင့်ဆွေ ၂၀၂၀ ပြည့်နှစ်၊ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email

 

ဒုတိယသမ္မတ ဦးမြင့်ဆွေ ၂၀၂၀ ပြည့်နှစ်၊ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် အောက်တိုဘာ ၁၀

၂၀၂၀ ပြည့်နှစ်၊ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေးဗဟိုကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မြင့်မော်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်အောင်သူ၊ ဗိုလ်ချုပ်သန်းထွဋ်နှင့် ဒေါက်တာထွန်းနိုင်၊ တပ်မတော်အရာရှိကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဒုတိယသမ္မတက အမှာစကား ပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ်၊ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို အမျိုးသားရေးဦးတည်ချက် (၅)ရပ်နှင့်အညီ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တစ်ဝန်းလုံးတွင် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် “၂၀၂၀ ပြည့်နှစ်၊ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေးဗဟိုကော်မတီ” ကို ဒုတိယသမ္မတ ဦးဆောင်၍ (၃၇)ဦးဖြင့် ဖွဲ့စည်းထားပြီး ဗဟိုကော်မတီက ချမှတ်သည့် လုပ်ငန်းတာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် “ဆပ်ကော်မတီ(၁၀)ခု” ကိုလည်း ယခင်နှစ်အတိုင်း ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် တိုင်းတစ်ပါးတို့၏ စိုးမိုးအုပ်ချုပ်မှုအောက်မှ လွတ်မြောက်ပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့သည်မှာ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၄ ရက်တွင် (၇၂)နှစ်ပြည့်မြောက်မည်ဖြစ်ပါကြောင်း၊ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်ကြိုးပမ်းမှုနှင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှုများကြောင့် ရရှိခဲ့သည့် လွတ်လပ်ရေးကို ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲစေရန်နှင့် ပြည်ထောင်စုကြီးဖွံ့ဖြိုးတိုးတက်စေရန် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက စည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် လွတ်လပ်ရေး ရရှိရေးအတွက် အချိန်ကြာမြင့်စွာ အသက်၊ သွေး၊ ချွေးမြောက်များစွာ ပေးဆပ်ပြီးမှ ရရှိလာသည်ကို နောင်လာနောက်သားများ သိရှိပြီး လွတ်လပ်ရေးကို အသက်ပေး ကာကွယ်စောင့်ရှောက် ထိန်းသိမ်းလိုသည့် စိတ်ဓာတ်များ ကိန်းအောင်းနေစေရန်နှင့် မျိုးချစ်စိတ် ရှင်သန်ထက်မြက်စေရန် သတိပေးနှိုးဆော်သည့်အနေဖြင့် လွတ်လပ်ရေးနေ့အခမ်းအနားကို နှစ်စဉ်ကျင်းပရခြင်း ဖြစ်ပါကြောင်း။

၂၀၂၀ ပြည့်နှစ်၊ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများ ကျင်းပသည့်အခါ နိုင်ငံရေးအနှစ်သာရ ပိုမိုပြည့်ဝစွာ ကျင်းပနိုင်ရေးအတွက် ချမှတ်ထားသည့် အမျိုးသားရေးဦးတည်ချက် (၅)ရပ်ဖြစ်သည့် “ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းရင်းသား အားလုံး စုပေါင်းအင်အားဖြင့် ကာကွယ်စောင့်ရှောက်ရေး”၊ “နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော လုပ်ငန်းစဉ်ဖြစ်သည့် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုကဏ္ဍ ပြုပြင်ပြောင်းလဲရေးတို့ကို ဦးစားပေးလုပ်ဆောင်ရေး”၊ “ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ရေး”၊ “ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် နိုင်ငံသူ၊ နိုင်ငံသားများ၏ တာဝန်သိစိတ်နှင့် အရည်အသွေးမြင့်မား လာစေမည့် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးတည်ဆောက်ရေး” နှင့် “မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းဖြင့် ငြိမ်းချမ်း၍ သာယာဝပြောသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေး” တို့ ဖြစ်ပါကြောင်း။

လွတ်လပ်ရေးနေ့အခမ်းအနားများကို နှစ်စဉ်ကျင်းပနေသည့် ပုံစံအတိုင်း နံနက်ပိုင်း အစီအစဉ်နှင့် ညနေပိုင်းအစီအစဉ်ဟူ၍ အပိုင်းနှစ်ပိုင်းဖြင့် ကျင်းပသွားမည်ဖြစ်ပြီး နံနက်ပိုင်း အစီအစဉ်များအနေဖြင့် “နိုင်ငံတော်အလံတင်အခမ်းအနား” နှင့် “နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနား” တို့ကို ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ညနေပိုင်းအစီအစဉ်တွင် “နိုင်ငံတော်အဆင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ညစာစားပွဲအခမ်းအနား” ကျင်းပသွားမည် ဖြစ်ပါကြောင်း၊ ကျင်းပမည့် အခမ်းအနားများ အားလုံးအတွက် Plan A အပြင် Plan B ကိုပါ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်မည်ဖြစ်ပါကြောင်း။

ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် လွတ်လပ်ရေးနေ့ အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများ ကျင်းပခြင်းနှင့် ညပိုင်းတွင် အများနှင့်သက်ဆိုင်သည့် အဆောက်အအုံနေရာများ၌ ရောင်စုံမီးများ ထွန်းညှိခြင်းတို့ကိုလည်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ပျော်ပွဲရွှင်ပွဲများနှင့် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ရာတွင်လည်း အများပြည်သူ အသုံးပြုနေသည့် လမ်းများကို ပိတ်ဆို့၍ ဆောင်ရွက်ခြင်းမပြုလုပ်ကြရန်နှင့် စာသင်ကျောင်းများ၊ အားကစားကွင်းများ၌သာ ကျင်းပပြုလုပ်နိုင်ရေးတို့ကို စီစဉ်ဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း။

ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ အနေဖြင့်လည်း လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားကစားပြိုင်ပွဲများတွင် အားကစားနည်းအားလုံး၌ အင်တိုက်အားတိုက် ပါဝင် ယှဉ်ပြိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲ၊ ရွှင်ပွဲများတွင် ချီးမြှင့်မည့် ဆုကြေးများအား ခေတ်နှင့်လျော်ညီစွာ ချီးမြှင့်ပေးနိုင်ရေးအတွက် လျာထားရန်နှင့် ဝန်ထမ်းများ စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ကစားနိုင်မည့် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်းနှင့် အခြားအားကစားနည်းများ ကိုလည်း ထည့်သွင်းကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း။

ထို့အပြင် လွတ်လပ်ရေးနေ့မတိုင်မီ ကြိုတင်ဆောင်ရွက်ရမည့် လွတ်လပ်ရေးနေ့ အကြိုဟောပြောပွဲများ၊ စာစီစာကုံးပြိုင်ပွဲများ၊ ကဗျာပြိုင်ပွဲများနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ကျင်းပရာတွင်လည်း အမျိုးသားရေးဦးတည်ချက်များကို အခြေခံ၍ နိုင်ငံတော်လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကို နိုင်ငံသားတိုင်း သတိတရရှိစေရေးအတွက် ရည်ရွယ်ကျင်းပသွားရန်နှင့် လွတ်လပ်ရေးနေ့အမျိုးသားရေးဦးတည်ချက် (၅)ရပ်ပါ ဆိုင်းဘုတ်ကြီးများကို အများပြည်သူများ သိရှိစေရန်အတွက် ခန့်ညားထည်ဝါစွာ ပြုလုပ်ပြီး သတ်မှတ်နေရာများတွင် ကြိုတင်စိုက်ထူနိုင်ရေး စီမံဆောင်ရွက်သွားရန် ပြောကြားလိုပါကြောင်း။

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် လွတ်လပ်ရေးနေ့မတိုင်မီနှင့် လွတ်လပ်ရေးနေ့များတွင် ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့မှ လွတ်လပ်ရေးနေ့နှင့် သက်ဆိုင်သည့် သမိုင်းဝင်မှတ်တမ်းများ၊ ဇာတ်လမ်းများ၊ သမိုင်းဝင်တေးသီချင်းများ ထုတ်လွှင့်ပြသနိုင်ရေးနှင့် သတင်းစာ၊ ဂျာနယ်များတွင်လည်း ရေးသားဖော်ပြသွားနိုင်ရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။

ဖိတ်ကြားရေးအပိုင်းတွင် နံနက်ပိုင်းနှင့် ညနေပိုင်းအခမ်းအနားများသို့ တက်ရောက်မည့် ဧည့်သည်တော်များစာရင်းအား အချိန်နှင့်တစ်ပြေးညီ တင်ပြနိုင်ရေး၊ ကြိုဆိုနေရာချထားမှုများ စနစ်တကျရှိစေရေး၊ သံတမန်များ တည်းခိုနေထိုင်ရေးနှင့် လိုအပ်သည်များကို သက်ဆိုင်ရာ ဆပ်ကော်မတီများနှင့် ကြိုတင်ညှိနှိုင်း စီမံဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် သက်ဆိုင်ရာ ဆပ်ကော်မတီများအလိုက် အသုံးစရိတ်များ သုံးစွဲရာတွင်လည်း ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျစိစစ်သုံးစွဲသွားရန် ပြောကြားလိုပါကြောင်း။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ကျင်းပခဲ့သည့် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပခဲ့မှုများနှင့် စပ်လျဉ်း၍ ပြန်လည်သုံးသပ်သည့် ညှိန်ှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဧပြီ ၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးတွင် ပြုပြင်ရမည့် ဆုံးဖြတ်ချက် (၂၉)ချက်ကို ချမှတ်ခဲ့ကာ ယင်းဆုံးဖြတ်ချက်များကိုလည်း သက်ဆိုင်ရာ ဆပ်ကော်မတီများအလိုက် အလေးအနက်ထားကာ အကောင်အထည်ဖော်ပြုပြင်ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း။

ဆပ်ကော်မတီများအနေဖြင့် နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သည့်အတွက် ချို့ယွင်း အားနည်းချက်များမရှိအောင် အထူးဂရုပြုဆောင်ရွက်သွားကြရန်နှင့် သက်ဆိုင်ရာ ဆပ်ကော်မတီများအလိုက် ချမှတ်ထားသည့် လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ယခင်နှစ်များက ဆောင်ရွက်ခဲ့ကြသည့် အတွေ့အကြုံများကို အခြေခံ၍ လစ်ဟာမှုမရှိအောင် ဘက်စုံထောင့်စုံမှ စနစ်တကျစစ်ဆေးကြပ်မတ်ပြီး တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်စေရေး အားလုံးပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန်နှင့် ယနေ့ အစည်းအဝေးသို့ တက်ရောက်လာကြသည့်ဗဟိုကော်မတီဝင်များ၊ ဆပ်ကော်မတီများမှ တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်မည့် အစီအမံများနှင့် လိုအပ်သည့်အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးကြရန် ပြောကြားသည်။

ယင်းနောက် ဗဟိုကော်မတီ အတွင်းရေးမှူး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ အမြဲတမ်းအတွင်းဝန် ဦးဇော်သန်းသင်းက “(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပခဲ့မှုများနှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ်သည့် ညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များ”အပေါ် “ဗဟိုကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများ”၊ “၂၀၂၀ ပြည့်နှစ်၊ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီအောက်တွင် ဆပ်ကော်မတီများ ဖွဲ့စည်းထားရှိမှု၊ လုပ်ငန်းတာဝန် သတ်မှတ်ထားရှိမှု” အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် “နိုင်ငံတော်အလံတင်နှင့် နိုင်ငံတော်အလံအလေးပြုပွဲ စစ်ရေးပြဆပ်ကော်မတီ” ဆိုင်ရာကိစ္စရပ်များကို နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်ကလည်းကောင်း၊ “နိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနား ကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေး ဆပ်ကော်မတီ” ဆိုင်ရာကိစ္စရပ်များကို နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဦးနေလင်းတို့ကလည်းကောင်း၊ “လွတ်လပ်ရေးနေ့ ဧည့်ခံပွဲနှင့် ညစာစားပွဲကျင်းပရေး ဆပ်ကော်မတီ” ဆိုင်ရာကိစ္စရပ်များကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းသိမ်းနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးတို့ကလည်းကောင်း၊ “မီးရှူးမီးပန်းများ ပစ်ဖောက်ရေးဆပ်ကော်မတီ” ဆိုင်ရာကိစ္စရပ်များကို စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ်သန့်ကျော်စိုး ကလည်းကောင်း၊ “လုံခြုံရေးဆပ်ကော်မတီ” ဆိုင်ရာကိစ္စရပ်များကို ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက လည်းကောင်း၊ “ပြန်ကြားရေးဆပ်ကော်မတီ” ဆိုင်ရာကိစ္စရပ်များကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ပြန်ကြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံတို့က လည်းကောင်း၊ “နိုင်ငံတော်သမ္မတ၏ လွတ်လပ်ရေးနေ့ သဝဏ်လွှာပြုစုရေးဆပ်ကော်မတီ” ဆိုင်ရာကိစ္စရပ်များကို ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းကလည်းကောင်း၊ “ကျန်းမာရေးဆပ်ကော်မတီ” ဆိုင်ရာကိစ္စရပ်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းကလည်းကောင်း၊ “အားကစားပြိုင်ပွဲများ ကျင်းပရေးဆပ်ကော်မတီ” ဆိုင်ရာကိစ္စရပ်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် ကလည်းကောင်း၊ “စာရင်းစစ်ဆေးရေးဆပ်ကော်မတီ” ဆိုင်ရာကိစ္စရပ်များကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန် ဒေါ်နိုင်သက်ဦးကလည်းကောင်း ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ဆပ်ကော်မတီများအလိုက် တင်ပြချက်များ၊ အကြုံပြုဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။