ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အာဆီယံသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအထိမ်းအမှတ်နေ့၊(၇)ကြိမ်မြောက် အာဆီယံသဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး နှင့်ဆက်စပ်အစည်းအဝေးများဖွင့်ပွဲအခမ်းနားသို့ တက်ရောက် အမှာစကားပြောကြား

Printer-friendly versionSend by email

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အာဆီယံသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအထိမ်းအမှတ်နေ့၊(၇)ကြိမ်မြောက် အာဆီယံသဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး နှင့်ဆက်စပ်အစည်းအဝေးများဖွင့်ပွဲအခမ်းနားသို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် အောက်တိုဘာ ၄

အာဆီယံသဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအထိမ်းအမှတ်နေ့၊ (၇)ကြိမ် မြောက် အာဆီယံသဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအ ဝေးနှင့် ဆက်စပ်အစည်းအဝေးများဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်၉နာရီခွဲတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပရာ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသိန်းဆွေနှင့် ဒေါက်တာ ဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအောင်လှထွန်း၊ ဦးလှကျော်၊ ဒေါက်တာ ရဲမြင့်ဆွေနှင့် ဦးစိုးအောင်၊အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဆိုင်ရာဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်၊ အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲ မှုဆိုင်ရာအဖွဲ့အစည်းများမှ အဆင့်မြင့်ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူး ချုပ်ရုံးနှင့် သဘာဝဘေးစီမံခန့်ခွဲမှုအတွက် လူသားချင်းစာနာကူညီမှုဆိုင်ရာ အာဆီယံ ညှိနှိုင်းရေးမှူးရုံးမှ ကိုယ်စားလှယ်များ၊အမြဲတမ်းအတွင်းဝန်များ၊ညွှန်ကြားရေးမှူးချုပ်များ၊ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနိုင်ငံတော်သီချင်းနှင့် အာဆီယံသီချင်း ဖွင့်လှစ်၍ အလေးပြုကြသည်။

အခမ်းအနားတွင် ဒုတိယသမ္မတက အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများနှင့် တွေ့ဆုံရသည့်အတွက် များစွာဝမ်းမြောက် မိပါကြောင်း၊ ယခုနှစ်မြန်မာနိုင်ငံတွင် “အာဆီယံသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အထိမ်းအမှတ်နေ့” အခမ်းအနားကို “သဘာဝဘေးအန္တရာယ်ပြန်လည် ထူထောင် ရေးမှသည် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေးဆီသို့ ပေါင်းကူးချိတ်ဆက်ရေး” ဟူသည့် ဆောင်ပုဒ် ဖြင့် ကျင်းပခွင့်ရသည့်အတွက် ဂုဏ်ယူမိပါကြောင်း၊ အဆိုပါဆောင်ပုဒ်သည် ပြန်လည် ထူထောင်ရေးနှင့် ဘေးဒဏ်ခံနိုင်ရည်ရှိရေးတို့၏ဆက်စပ်မှုကို အလေးပေးလာစေရန် ရည်ရွယ်ပါကြောင်း၊ ယခင်တွေ့ကြုံခဲ့ရသည့်ဘေးအန္တရာယ်အဖြစ် အပျက်များမှရရှိခဲ့သည့် အတွေ့အကြုံနှင့် သင်ခန်းစာများကြောင့် အဆိုပါဆောင်ပုဒ်ကိုရွေးချယ်ရခြင်းဖြစ်ပါ ကြောင်း၊ ဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနှင့် အရေးပေါ်တုံ့ပြန်ရေး တို့အတွက် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ဆောင်ရွက်နေသကဲ့သို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ပိုမိုအားကောင်းစေရန် လိုအပ်နေသည်ကို အဆိုပါ ဆောင်ပုဒ်ကမီးမောင်း ထိုးပြလျက်ရှိ နေပါကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်နေစဉ် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေး (Disaster Risk Reduction- DRR) လုပ်ငန်းများကိုကဏ္ဍအလိုက်ပေါင်းစပ် လုပ်ဆောင်ပေးနိုင်မည်ဆိုပါက ဘေးသင့် ဒေသများသည် ဘေးဒဏ်ခံနိုင်ရည်ရှိလာမည်ဖြစ်ပါကြောင်း။

ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးပေါင်းစပ် ဆောင်ရွက်ရာ၌၊ ဘဏ္ဍာငွေနှင့်နည်းပညာ ပိုင်းဆိုင်ရာအကန့် အသတ်များရှိနေသည့်အတွက် တစ်ခါတစ်ရံဆောင်ရွက်လိုသည့်ဆန္ဒအတိုင်းဆောင်ရွက်၍ မရဖြစ်တတ်ပါကြောင်း၊ ထို့ကြောင့်ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေရှိသည့် အကြောင်းအချက်များကို ဖွံ့ဖြိုးရေးစီမံကိန်းများတွင် အလေးထားစဉ်းစား ဆောင်ရွက် နိုင်ရေး နည်းလမ်းများကို ရှာဖွေလျက်ရှိပါကြောင်း၊ဘေးဒဏ်ခံနိုင်ရည်ရှိသည့်ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဆိုလျှင် ပြည်သူများအတွက် အရှည်တည် တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းပေးနိုင်ပြီး ဘေးဒဏ်ကြံ့ကြံ့ ခံနိုင်လာမည်ဖြစ်ပါ ကြောင်း။

မြန်မာနိုင်ငံအခြေအနေနှင့် ထင်ဟပ်ပြောပြရမည်ဆိုလျှင် မိမိကိုယ်တိုင် ဦးဆောင်၍ အစိုးရအဖွဲ့ဝင် ဝန်ကြီးများအဖွဲ့ဝင်အဖြစ်ပါဝင်သည့် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းထားရှိပါကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေတစ်ရပ်ကို ထူထောင်ထားရှိပြီး အဆိုပါ ရန်ပုံငွေသို့နှစ်စဉ်နှစ်တိုင်း မြန်မာငွေကျပ် (၂၀)ဘီလီယံ ဖြည့်စွက်ပေးလျက်ရှိပါကြောင်း။

ဘေးအန္တရာယ်ကြံ့ကြံ့ခံနိုင်ရေးကို အစဉ်မျှော်တွေး၍သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေကို ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ အရေးပေါ်တုံ့ပြန်ရေးနှင့်ပြန် လည် ထူထောင်ရေးလုပ်ငန်းများအတွက် ထိရောက်စွာ အသုံးပြုလျက်ရှိပါကြောင်း၊ ထို့ပြင် ဘေးသင့်ဒေသများ အမြန်ပြန်လည်ထူထောင်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်း နိုင်ခဲ့ ပါကြောင်း၊ အဆိုပါအဖွဲ့အနေဖြင့် ပြန်လည်ထူထောင်ရေးအတွက် လိုအပ်သည့် အရင်း အမြစ်နှင့်စွမ်းဆောင်ရည်များရရှိနိုင်ရန် ညှိနှိုင်းပေါင်းစပ်မှုများကို လက်တွေ့ကျကျ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြန်လည်ထူထောင်ရေး ဆောင်ရွက်မှုများသည် အနာ ဂတ်တွင် ဘေးအန္တရာယ်ကျရောက်နိုင်ခြေ လျော့ပါးရေးစီမံဆောင်ရွက်ပေးနိုင်သကဲ့သို့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက်နမူနာကောင်းများကို အတုယူဆောင်ရွက်နိုင်ကြ ရန် မျှော်လင့်ပါကြောင်း။

ရာသီဥတုပြောင်းလဲခြင်းနှင့် ဆိုးရွားသည့် ရာသီဥတုဖြစ်စဉ်များသည် မိမိတို့အတွက် အသစ်ဖြစ်လာသည့် ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်လာ နေပြီဖြစ်ပါကြောင်း၊ ဖြစ်ရပ်အ ထောက်အထားများအရ ယခုနှစ်အတွင်းအချို့နိုင်ငံများတွင် ရေကြီးခြင်းနှင့် မိုးခေါင်ခြင်းကို တစ်ပြိုင်နက် ခံစားကြရသည်ကို တွေ့ရှိရပါကြောင်း၊ လေ့လာဆန်းစစ်ချက်များအရ အာဆီယံ ဒေသဖြစ်သည့်ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင်မြေငလျင်ဒဏ်နှင့် ဆူနာမီ ဒဏ်များကို ခံစားခဲ့ကြရပြီး မြန်မာ၊ လာအို၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့၌ ရေကြီးခြင်း အများဆုံးခံစားခဲ့ကြရသည်ကို တွေ့ရှိရပါကြောင်း၊ ထိခိုက်ဆုံးရှုံးမှုစာရင်းများ အရ အာဆီယံဒေသသည် ၂၀၁၂ခုနှစ်၊ဇန်နဝါရီလမှ ၂၀၁၉ခုနှစ်၊ စက်တင်ဘာလအထိ ဘေးအန္တရာယ်ပေါင်း (၁,၄၀၀) ကျော်ကိုကြုံတွေ့ခံစားခဲ့ကြရသည်ကို သိရှိရပါကြောင်း၊ ထိုသို့ ကြုံတွေ့ခံစားရမှုများတွင် ရေကြီးခြင်း၆ဝရာခိုင်နှုန်းကျော်၊ လေပြင်းတိုက်ခတ်ခြင်း ၁၈ရာခိုင်နှုန်း၊ မုန်တိုင်းဒဏ် ၁၃ရာခိုင်နှုန်းနှင့် မြေပြိုဘေး ၁၂ရာခိုင်နှုန်းခန့်ရှိသည်ကို သိရှိရ ပါကြောင်း၊ မကြာသေးမီက PODUL အပူပိုင်းမုန်တိုင်းကြောင့် လာအိုနိုင်ငံတွင် ဖြစ်ပွားခဲ့ သည့် ရေဘေး၊မြန်မာနိုင်ငံနှင့်ဗီယက်နမ်နိုင်ငံတို့တွင် ဖြစ်ပွားခဲ့သည့်ရေဘေးနှင့် မြေပြို ဘေး၊ ဖိလစ်ပိုင်နိုင်ငံတွင်ဖြစ်ပွားခဲ့သည့် လေဆင်နှာမောင်း တိုက်ခတ်မှုများ၊ အင်ဒိုနီးရှား နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မြေငလျင်နှင့် ဆူနာမီဖြစ်ပွားမှုများနှင့် အခြားဘေးများသည် အာဆီယံ ဒေသအတွက်ဘေးအန္တရာယ်များ၏ဗဟိုချက်ဖြစ်နေသည်ကို သက်သေပြလျက် ရှိပါကြောင်း၊ ထို့ပြင်ရာသီဥတုပြောင်းလဲခြင်းကြောင့် ဖြစ်ပွားသည့် ဘေးအန္တရာယ်များကို ကြိုတင်ခ န့်မှန်းရန်ခက်ခဲသကဲ့သို့ ထိန်းချုပ်ရှောင်လွှဲ၍လည်းမရနိုင်ပါကြောင်း။

မိမိတို့အနေဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနှင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေး လုပ်ငန်းစဉ်များကို မဆုတ်မနစ်သည့် ဇွဲလုံ့လဖြင့်ကြိုးပမ်း လုပ်ဆောင် သွားကြရန် လိုအပ်ပါကြောင်း၊ထိုသို့လုပ်ဆောင်သွားရန်ပထမအချက်အနေဖြင့် ဘေးဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေနှင့် ဆိုးကျိုးသက်ရောက်မှုများကို အနည်းဆုံး လျှော့ချနိုင်ရေး အတွက်ကမ္ဘာအဆင့်၊ ဒေသတွင်းအဆင့်နှင့်နိုင်ငံတော်အဆင့်များတွင် ချမှတ်ထားသည့် မူဝါဒများသည် အချင်းချင်းအချိတ်အဆက်မိရန် လိုအပ်ပါကြောင်း၊ ဘေးအန္တရာယ် ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးအတွက်ချမှတ်ထားသည့် ဆန်ဒိုင်းမူ ဘောင်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များကဲ့သို့ ကမ္ဘာ့နိုင်ငံအသီးသီးက ဆောင်ရွက် လျက်ရှိသည့် မူဘောင်ရည်မှန်းချက်များကိုသိရှိနားလည်ပြီး အထက်အောက်၊ ဘေးတိုက် ညှိနှိုင်း ပေါင်းစပ်မှုများအားကောင်းရန်လိုပါကြောင်း၊ကမ္ဘာလုံးဆိုင်ရာ မူဘောင်များကိုလည်း ဒေသတွင်း အဆင့်နှင့်နိုင်ငံတော်အဆင့်ဦးစားပေးလုပ်ငန်းများ၌ပါ ထည့်သွင်းအကောင် အထည်ဖော်ကြရန်ဖြစ်ပါကြောင်း။

ဒုတိယအချက်အနေဖြင့် ဘေးတုံ့ပြန်ရေးလုပ်ငန်းများ၌သာမက နိုင်ငံများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးများ၌ပါ မိတ်ဖက်ပူးပေါင်းမှုများနှင့်အသိအမြင် ဖလှယ်မှုများ သည်များစွာ အရေးပါပါကြောင်း၊အာဆီယံဒေသတွင်းနိုင်ငံများတွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုနှင့် အရေးပေါ် တုံ့ပြန်မှုဆိုင်ရာ အာဆီယံသဘောတူစာချုပ် (ASEAN Agreement on Disaster Management and Emergency Response- AADMER) (အဒ်မာ) သည် နိုင်ငံတော်အဆင့်နှင့်ဒေသတွင်းအဆင့်များရှိ ဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းများအတွက် အရေးပါသည့် အခြေခံမူတစ်ရပ်ဖြစ်ပါကြောင်း၊ ဒေသတွင်း (၁၀) နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် ဘေးအန္တရာယ်များအတွက်ဒေသတွင်းစုပေါင်းကြိုးပမ်းမှုနှင့် အတူ တကွလက်တွဲ ဖြေရှင်းကြခြင်းသည် One ASEAN: One Response ကြေညာ ချက်ကို လက်တွေ့ ဖော်ဆောင်လျက်ရှိသည်ကိုပြသနေပါကြောင်း၊ ယခုနှစ်များအတွင်း အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ AHA Centre နှင့်အာဆီယံအဖွဲ့ဝင်နိုင်ငံများက မြန်မာနိုင်ငံ အပေါ် ထားရှိခဲ့ကြသည့် ယုံကြည်မှုနှင့် အထောက်အပံ့ပေးမှုများအတွက်လည်း မိမိ အနေဖြင့် အလေးအနက် ကျေးဇူးတင်အသိအမှတ်ပြုပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် အာဆီယံ ဒေသကြီး ကြွယ်ဝတိုးတက်ရေးနှင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေးကြိုးပမ်း ဆောင်ရွက်ရာတွင် တစ်ထောင့်တစ်နေရာမှ အမြဲပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေ သည်ကို ပြောကြားလိုပါကြောင်း။

ရာသီဥတုပြောင်းလဲမှုနှင့် ဘေးအန္တရာယ်မကြာခဏ ဖြစ်ပွားမှုများသည် အချင်းချင်း ဆက်စပ် နေသည့်အတွက် ဒေသတွင်းအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဒေသအလိုက်ဖြစ်ပေါ် တတ်သည့် သဘာဝဘေးများကို ယခင်ကာလများထက် ပိုမိုကြုံတွေ့လာရပါကြောင်း။

တတိယအချက်အနေဖြင့် ကယ်ဆယ်ရေးအဖွဲ့များ၏အကူအညီများ မရောက်မီ ပြည်သူများ ကိုယ်တိုင်စွမ်းဆောင်ရည်ရှိရှိဖြင့် ဘေးအန္တရာယ်ကို ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိ ရေးဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့်အလွှာသီးသီးရှိ ပြည်သူအချင်းချင်း ချိတ်ဆက် ဆောင်ရွက်ခြင်းမှတဆင့် စွမ်းဆောင်ရည်ကွာဟမှု လျှော့ချရေးနှင့် အများနှင့် သက်ဆိုင်သည့် ပြဿနာများကို ပူးပေါင်းဖြေရှင်းပေးနိုင်ရေးသည် အဓိက သော့ချက် တစ်ခုဖြစ်ပါ ကြောင်း၊နည်းပညာဆိုင်ရာများလွှဲပြောင်းပေးနိုင်မည့် ထိရောက်သည့် သတင်း အချက် အလက်များမျှဝေပေးနိုင်မည်ဆိုလျှင်ပြည်သူများ၏ ဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာများ တိုးပွားလာရေးအတွက် များစွာအထောက်အကူဖြစ်ပါကြောင်း၊ ထို့ပြင် ဘေးအန္တရာယ် ဖြစ်ပွားနိုင်သည့် အချိန်တွင် ကြိုတင်သတိပေးချက်များ ရယူနိုင်ရေးကို လည်း ပံ့ပိုးပေးနိုင်မည်ဖြစ်ပါကြောင်း၊ တနည်းအားဖြင့်မှန်ကန်သည့် သတင်းအချက် အလက်များ လျင်လျင်မြန်မြန်ရရှိရေး၊ ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက် နိုင်ရေးနှင့်အဆုံးအဖြတ်ပေးရမည့်သူများထံဘေးအန္တရာယ်ဆိုင်ရာ သတင်း အချက် အလက်များထောက်ပံ့ပေးနိုင်ရေးအတွက်လည်း ပြင်ဆင်ချိန် တစ်ခုရရှိနိုင်စေပါ ကြောင်း။

အာဆီယံနိုင်ငံများသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံအပြန် အလှန်ဖြည့်ဆည်းပေးရင်း နှစ်ပေါင်း (၅၀)ကျော်တိုင်အတူလက်တွဲဖြတ်သန်းခဲ့ကြသည်ကို အားလုံးအသိပင်ဖြစ်ပါ ကြောင်း၊ ထို့ပြင် သဘာဝဘေး ရင်ဆိုင်ကြုံတွေ့ ရချိန်များတွင် ပူးပေါင်းဆောင်ရွက်ပေးခြင်း သည် နိုင်ငံများနှင့်ပြည်သူများအကြား အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုနှင့် ပေါင်းစည်းမှု များကို ပိုမိုခိုင်မာစေခဲ့ပါကြောင်း၊ သဘာဝဘေး ဒဏ်ကြံ့ကြံ့ခံ့နိုင်ရေးဆိုသည်မှာ မိမိတို့ အားလုံး တန်ဖိုးထားကြသည့် ဘုံအကျိုးစီးပွားတစ်ခုဖြစ်သည့် အတွက်မြန်မာနိုင်ငံအနေဖြင့် အာဆီယံမိသားစုဝင်များနှင့်အတူ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် မျှော်လင့်ပါ ကြောင်း၊ အာဆီယံသဘာဝဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်မှု ကော်မတီအစည်းအဝေးများမှတစ်ဆင့် (၂၀၂၅) ခုနှစ် အာဆီယံမျှော်မှန်းချက်ဖြစ်သည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုတွင် ကမ္ဘာ့အဆင့် ခေါင်းဆောင် အဖြစ်ရောက်ရှိရန် ကြိုးပမ်းဖော်ဆောင်နိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။

ထို့နောက် အာဆီယံအတွင်းရေးမှူးချုပ် မစ္စတာဒါတိုလင်ကျောက်ဟွိုင်က အမှာ စကားပြောကြားသည်။

ယင်းနောက် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အာဆီယံပူးပေါင်းဆောင်ရွက်မှု Video Clip ကိုပြသသည်။

ထို့နောက် ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

ဆက်လက်၍ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် အခမ်းအနားသို့ တက်ရောက် လာကြသူများသည် အာဆီယံသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနေ့ အထိမ်းအမှတ် ငြိမ်းချမ်းရေး ချိုးငှက်များကို လွှတ်ပေးကြသည်။