ဒုတိယသမ္မတ ဦးမြင့်ဆွေ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email
ဒုတိယသမ္မတ ဦးမြင့်ဆွေ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် အောက်တိုဘာ ၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ဦးစီးကော်မတီ နာယက၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

ရှေးဦးစွာ တက်ရောက်လာကြသူများအားလုံးက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အစည်းအဝေးကို ဖွင့်လှစ်သည်။

ထို့နောက် ဒုတိယသမ္မတက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပရေးဦးစီးကော်မတီ” ကို ဒုတိယသမ္မတ ဦးဆောင်၍ (၁၁)ဦးဖြင့်လည်းကောင်း၊ “လုပ်ငန်းကော်မတီ” ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်၍ (၂၀)ဦးဖြင့်လည်းကောင်း ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန် (၄)ရပ် ချမှတ်ခဲ့ပါကြောင်း၊ အဆိုပါလုပ်ငန်းတာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဆပ်ကော်မတီ (၁၁)ခုကိုလည်း ထပ်မံဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း။

ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပရေးလုပ်ငန်းကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်တွင် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်၍ ကျင်းပ ပြုလုပ်ခဲ့ရာ အစည်းအဝေးဆုံးဖြတ်ချက် (၉)ချက် ချမှတ်ခဲ့ပြီး အဆိုပါအစည်းအဝေး ဆုံးဖြတ်ချက်များကိုလည်း သက်ဆိုင်ရာဆပ်ကော်မတီများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရပါကြောင်း။

ကထိန်လျာသင်္ကန်းအလှူသည် ဘုရားရှင်က ဝိနည်းသိက္ခာပုဒ်နှင့် ဆက်စပ်ခွင့်ပြု ထားသည့် သံဃိကအလှူဖြစ်သကဲ့သို့ ကထိန်ကာလကို သီတင်းကျွတ်လပြည့် ကျော်တစ်ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ ခွင့်ပြုထားသည်ကို မှတ်သား သိရှိရပါကြောင်း၊ ထို့ကြောင့် ကထိန်လျာသင်္ကန်းအလှူသည် “တစ်နှစ်မှာ တစ်လ၊ တစ်လမှာ တစ်ရက်၊ တစ်ရက်မှာ တစ်ကျောင်း၊ တစ်ကျောင်းမှာလည်း တစ်ကြိမ်” သာ လှူဒါန်းခွင့်ရသည့် ကာလဒါနအလှူတော်ဖြစ်သည့်အတွက် မွန်မြတ်သည့်အလှူတော်ဖြစ်ပါ ကြောင်း။

ယခုကဲ့သို့ ထူးခြားသည့် ကထိန်အလှူပွဲကြီးကို ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အစိုးရက ကြီးမှူး၍ ၂၀၁၂ ခုနှစ်က အစပြုပြီး ကျင်းပခဲ့ရာ ယခုနှစ်ဆိုလျှင် (၈)ကြိမ်မြောက် ကျင်းပပြုလုပ်မည်ဖြစ်ပါကြောင်း၊ သီတင်းမကျွတ်မီ ဝါတွင်းကာလတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက တာဝန်ယူပြီး ကထိန်ဆိုင်ရာ ဝိနည်းတရားတော် နှင့် ညီညွတ်သည့်ကျောင်းတိုက်ကို ညှိနှိုင်းရွေးချယ်သတ်မှတ်ကာ သက်ဆိုင်ရာကျောင်းတိုက် ဆရာတော်ကိုလည်း လျှောက်ထားပြီးဖြစ်သည်ဟု သိရှိရပါကြောင်း။

ယခုကျင်းပပြုလုပ်မည့် ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားသည် နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သည့်အတွက် စနစ်တကျအောင်မြင်စွာကျင်းပနိုင်ရေး အတွက် သက်ဆိုင်ရာကော်မတီ၊ ဆပ်ကော်မတီများနှင့် တာဝန်ရှိသူများက ယခင်နှစ်များက အတွေ့အကြုံများကို အခြေခံ၍ တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်အောင် ဝိုင်းဝန်းညှိနှိုင်း ပူးပေါင်းဆောင်ရွက်သွားကြစေလိုပါကြောင်း။

ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်ကြီးများ၊ ဥပ္ပါတသန္တိစေတီတော် ဩဝါဒါစရိယဆရာတော်များ၊ စေတိယဟိတကာရက (ရွှေသုဝဏ်) ဆရာတော်၊ ကထိန် အလှူခံကျောင်းတိုက်မှ သံဃာတော်များနှင့် ဒေသခံဆရာတော်များ၊ စုစုပေါင်း ၆၃ ပါးတို့ကို ပင့်ဆောင်ပြီး ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းမည် ဖြစ်သည့်အတွက် သက်ဆိုင်ရာ ဆပ်ကော်မတီများအနေဖြင့် ကြွရောက်တော်မူကြမည့်ဆရာတော်ကြီး များကို ကြိုဆိုပင့်ဆောင်ရေးနှင့် သွားလာမှုအဆင်ပြေစေရေးအတွက် လိုအပ်သည်များ ကို သေချာစွာ ကြိုတင်စီမံပြင်ဆင်ဆောင်ရွက်ရန်၊ တည်းခိုနေထိုင်မည့် ကျောင်းဆောင် များတွင် ရေ၊ မီး၊ သန့်ရှင်းမှု ကောင်းမွန်ရန်၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည် သာယာလှပရေးတို့ အတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်သွားရန်၊ ဆွမ်းနှင့်ဟင်းလျာများ ချက်ပြုတ်ရာတွင် သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့် ညီညွတ်အောင် စစ်ဆေးဆောင်ရွက်ပေးရန်၊ ဆရာတော်ကြီးများအား ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ရန်အတွက် ဆေးခန်းများ ဖွင့်လှစ်ပေးနိုင်ရေးနှင့် Medical Check up ဆောင်ရွက်ပေးနိုင်ရေး ကြိုတင်စီမံဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း။

ထို့အပြင် အခမ်းအနားကျင်းပပြုလုပ်မည့် သာသနာ့မဟာဗိမာန်တော်ကြီးအတွင်း အခမ်းအနားပြင်ဆင်မှုကို ထည်ဝါစွာဆောင်ရွက်သွားရန်၊ ကထိန်ပဒေသာပင်များကိုလည်း လှပတင့်တယ်အောင် ပြင်ဆင်ဆောင်ရွက်ရန်၊ ပဒေသာပင်များကို သတ်မှတ်နေရာများသို့ အချိန်မီရောက်ရှိရေးနှင့် အခမ်းအနားပြီး၍ ကျောင်းတိုက်များသို့ ပို့ဆောင်ရာတွင်လည်း စနစ်တကျရှိစေရေး ကြိုတင်စီမံဆောင်ရွက်သွားရန်နှင့် ဇာတ်တိုက်လေ့ကျင့်မှုများကိုလည်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း။

ယနေ့ကျင်းပပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးသည် လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီ အသီးသီးအနေဖြင့် မိမိတို့ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးတင်ပြပေးကြရန်နှင့် လိုအပ်သည့် အကြံပြုချက်များရှိပါက လည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်းက ဆပ်ကော်မတီ ဖွဲ့စည်းထားရှိမှုများ၊ သံဃာတော်များပင့်ဆောင်မည့် အစီအစဉ်၊ ဇာတ်တိုက် လေ့ကျင့်မှုပြုလုပ်မည့်အစီအစဉ်နှင့် အခြားဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် “ဆွမ်းဆက်ကပ်ရေးနှင့်ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ” နှင့် “သံဃာတော် များ ပင့်ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေးဆပ်ကော်မတီ” ဆိုင်ရာကိစ္စရပ်များကို သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးကလည်းကောင်း၊ “အခမ်းအနား ကျင်းပရေးနှင့် အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ”၊ “ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာ ချထားရေးဆပ်ကော်မတီ” နှင့် “လှူဖွယ်ပစ္စည်းပြင်ဆင်ရေးနှင့် ဆက်ကပ်ရေးဆပ်ကော်မတီ” ဆိုင်ရာကိစ္စရပ်များကို သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေကလည်းကောင်း၊ “ပဒေသာပင်များစီစဉ်ရေးဆပ်ကော်မတီ” ဆိုင်ရာကိစ္စရပ်များကို နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းကလည်းကောင်း၊ “ဧည့်ခံဖျော်ဖြေရေးဆပ်ကော်မတီ” ဆိုင်ရာကိစ္စရပ်များကို အနုပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဝင်းမောင်က လည်းကောင်း၊ “သတင်းမှတ်တမ်းထုတ်ပြန်ရေးဆပ်ကော်မတီ” ဆိုင်ရာ ကိစ္စရပ်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးမြင့်အောင်ကလည်းကောင်း၊ “ကျန်းမာရေးဆပ်ကော်မတီ” ဆိုင်ရာကိစ္စရပ်များကို ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်သီတာလှကလည်းကောင်း၊ “ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး စိမ်းလန်းစိုပြည်ရေး နှင့် သာသနာရေးဆိုင်ရာ အခင်းအကျင်းပြင်ဆင်ရေးဆပ်ကော်မတီ” ဆိုင်ရာ ကိစ္စရပ်များကို ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့ဝင်၊ အလှည့်ကျသဘာပတိ ဦးထွန်းကြည်က လည်းကောင်း၊ “လုံခြုံရေးဆပ်ကော်မတီ” ဆိုင်ရာကိစ္စရပ်များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးကလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ မြန်မာ့သတင်းစဉ်(ပြည်တွင်း) စာတည်းမှူးချုပ် ဦးဇော်နိုင်ဦး နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးကြီးအောင်ကိုဦးတို့က သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ဒုတိယသမ္မတက တက်ရောက်လာကြသူများ၏ အကြံပြုတင်ပြ ဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြား၍ တက်ရောက် လာကြသူများအားလုံးက “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးစိုးညွန့်၊ အမြဲတမ်းအတွင်းဝန်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီးအောင်ဝင်းဦး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။