ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၏ နှစ်(၁ဝဝ)ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပသည့် UMFCCI Centennial International Expo 2019 ဖွင့်ပွဲအခမ်းအနား ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email

ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၏ နှစ်(၁ဝဝ)ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပသည့် UMFCCI Centennial International Expo 2019 ဖွင့်ပွဲအခမ်းအနား ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကားပြောကြား

 

ရန်ကုန် စက်တင်ဘာ ၂ဝ

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့နံနက်(၁ဝ)နာရီတွင် ရန်ကုန်မြို့ သာကေတမြို့နယ် Fortune Plaza ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၏ နှစ်(၁ဝဝ)ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပသည့် UMFCCI Centennial International Expo 2019 ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။

 

အခမ်းအနားသို့ စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးတာဝန်ရိုသူများ၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ဗဟိုအလုပ် အမှုဆောင်များ၊ အလုပ်အမှုဆောင်များ၊ ညီနောင်အသင်းများမှ ဥက္ကဋ္ဌများနှင့် CEC, EC များ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ကုန်သည်စက်မှု အသင်းချုပ်(UMFCCI)ကို မြန်မာနိုင်ငံလွတ်လပ်ရေးမရမီကာလ ၁၉၁၉ ခုနှစ်ကတည်းက မြန်မာမျိုးချစ် ကုန်သည်များက (Burmese Chamber of Commerce) အဖြစ် စတင်ထူထောင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခု ၂ဝ၁၉ ခုနှစ်တွင် သက်တမ်းအားဖြင့် နှစ်(၁ဝဝ)ပြည့်ခဲ့ပြီဖြစ်သည်မှာ ဂုဏ်ယူဖွယ်ရာဖြစ်ပါကြောင်း။

 

ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုနိုင်ရန်အတွက် သမိုင်းဝင် နှစ်(၁ဝဝ)ပြည့် အထိမ်းအမှတ်အဖြစ် ရည်ရွယ်ပြီး ယခု Centennial Expo ကုန်စည်ပြပွဲကြီးကို ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း၊ အားလုံးသိကြသည့်အတိုင်း ယခုကဲ့သို့ နိုင်ငံတကာအဆင့် ကုန်စည်ပြပွဲကို ကျင်းပပြုလုပ်ခြင်းအားဖြင့် မိမိတို့နိုင်ငံ၏ ထွက်ကုန်ပစ္စည်းများကို မိတ်ဆက်ပြသနိုင်မည့် အခွင့်အလမ်းကောင်းများကို ရရှိစေမည့်အပြင် ပြည်တွင်း လုပ်ငန်းရှင်များအပါအဝင် စားသုံးသူများ အနေဖြင့်လည်း နိုင်ငံတကာထုတ်ကုန်များနှင့် နိုင်ငံတကာအဆင့်မီ ထုတ်လုပ်ထားသည့် ပြည်တွင်းထုတ်ကုန် ပစ္စည်းများကိုပါ လေ့လာထိတွေ့နိုင်မည့် အခွင့်အရေးကောင်းများကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် ပြည်တွင်းပြည်ပ စီးပွားရေး လုပ်ငန်းရှင်များအချင်းချင်း အဆက်အသွယ်များရရှိလာနိုင်မည်ဖြစ်ပြီး လုပ်ငန်းများ ချင်းချင်း ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေကောင်းများလည်း ပေါ်ထွန်းလာမည် ဖြစ်ကြောင်း။

 

နိုင်ငံတော်အနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက် ရှိရာတွင် UMFCCI အပါအဝင် စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များနှင့်တွေ့ဆုံ၍ တင်ပြချက်များ၊ အကြံပြုချက်များကို အလေးထား ထည့်သွင်းစဉ်းစားပြီး ဆောင်ရွက်သင့်သည်များကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ခေတ် စီးပွားရေးလုပ်ငန်းများအတွက် ဈေးကွက်သည် အရေးအကြီးဆုံးဖြစ်ပြီး ပြည်တွင်းတွင် ထုတ်လုပ်သည့် ကုန်ပစ္စည်းများ၊ ပြည်တွင်း ပြည်ပဈေးကွက်များတွင် ယှဉ်ပြိုင်ရောင်းချနိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ အားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း။

 

နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်စီးပွား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဈေးကွက်စီးပွားရေးစနစ်နှင့် ကိုက်ညီသည့် စီးပွားရေးမူဝါဒများ ချမှတ်အကောင်အထည် ဖော်ဆောင်ရွက်နေသည့်အပြင် ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (MSDP)ကိုပါ ရေးဆွဲ၍ လူပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် တဒင်္ဂစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုသာ ရှေ့ရှုခြင်းမပြုဘဲ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် မျှော်မှန်းကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန်၊ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်သည့် လူမှုပတ်ဝန်းကျင်ပေါ်ထွန်းလာစေရန် စသည်ဖြင့် ပန်းတိုင်များ၊ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များကို စနစ်တကျ ချမှတ်ဆောင်ရွက်လျက် ရှိကြောင်း။

 

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံတော်၏အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် ပုဂ္ဂလိကကဏ္ဍ စီးပွားရေးလုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင် လာစေရန် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စီးပွားရေးလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များအနေဖြင့် ကုန်သည်စက်မှုအသင်းချုပ် နှင့်အတူ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီကို ဖွဲ့စည်းပေးခဲ့ပြီး ပုဂ္ဂလိကကဏ္ဍ၏အခက်အခဲများ၊ စိန်ခေါ်မှု များကို စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေး၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက် ရှိရာတွင် အောင်မြင်မှုများရရှိနေကြောင်း၊ ကုန်သည်စက်မှုအသင်း ချုပ်အနေဖြင့်လည်း နိုင်ငံတော်အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား ပေါင်းကူးတံတားသဖွယ် ဆက်သွယ်ပေါင်းစပ် ဆောင်ရွက်ပေးလျက် ရှိသည်ကိုလည်း ကျေနပ် အားရမှုရှိကြောင်း။

 

ယနေ့ နှစ်(၁ဝဝ)ပြည့် အထိမ်းအမှတ်အဖြစ် အပြည်ပြည်ဆိုင်ရာ ကုန်ပစ္စည်း ပြပွဲကို ကုန်သည်စက်မှု အသင်းချုပ်အနေဖြင့် ညီနောင်အသင်းများနှင့်အတူ ငွေအား၊ လူအား၊ စည်းရုံးရေးအင်အားတို့နှင့် ပြည့်ပြည့်စုံစုံ၊ စနစ်တကျ စီစဉ်ပြသနိုင်ခြင်းကို ဂုဏ်ယူရမည်ဖြစ်သကဲ့သို့ ကုန်သည်စက်မှုအသင်းချုပ်ကြီး နှစ်(၁ဝဝ)မှသည် နောင်နှစ်ပေါင်းများ စွာကို အမိမြန်မာနိုင်ငံတော်ကြီးနှင့်အတူ တည်တံ့ခိုင်မြဲပြီး အောင်မြင် တိုးတက်ပါစေကြောင်း၊ ပုဂ္ဂလိကစီးပွားရေးကဏ္ဍ တောင့်တင်းခိုင်မာဖွံ့ဖြိုးပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို ဆတက်ထမ်းပိုး အထောက်အကူပြုနိုင်ပါစေဟု ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်အပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က ဂုဏ်ပြု အမှာစကား ပြောကြားကြသည်။

 

ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။

 

ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ မြို့တော်ဝန်ဦးမောင်မောင်စိုး နှင့် အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းတို့က UMFCCI Centennial International Expo 2019 အခမ်းအနားအား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက် ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီး၊ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများသည် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြပြီး UMFCCI Centennial International Expo 2019 အခမ်းအနားတွင် ပြသထားသည့် ပြခန်းများအား လှည့်လည်ကြည့်ရှုကြသည်။

 

ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပုဂ္ဂလိကကဏ္ဍမှ ပံ့ပိုးကူညီလျှက်ရှိရာ ပြည်တွင်း၊ပြည်ပစီးပွားရေး လုပ်ငန်းရှင်များ အချိတ်အဆက်မိမိ လုပ်ကိုင်နိုင်စေရေး၊ နိုင်ငံတကာဈေးကွက်သို့ မြန်မာ့ ထုတ်ကုန်ပစ္စည်းများ ထိုးဖောက်ဝင်ရောက် ရောင်းချနိုင်စေရေး၊ ပြည်ပမှ အရည်အသွေးမြင့် သွင်းကုန်ပစ္စည်းများ ပြည်တွင်းဈေးကွက်သို့ ရောက်ရှိလာနိုင်စေရေး ရည်ရွယ်ချက်ဖြင့် အဆိုပါပြပွဲကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

ပြပွဲကျင်းပခြင်းအားဖြင့် ပြည်တွင်းထုတ်ကုန်ပစ္စည်းများ ပြည်ပဈေးကွက်သို့ ထိုးဖောက်တင်ပို့နိုင်ရေး အတွက် မိတ်ဆက်ပေးရုံသာမက အခွင့်အလမ်းကောင်းများစွာ ရရှိလာနိုင်ကြောင်း၊ ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းရှင်များအချင်းချင်း စီးပွားရေး ဆိုင်ရာတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း၊ ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတကာ ထုတ်ကုန်ပစ္စည်းများနှင့် နည်းပညာများကို လေ့လာသိရှိပြီး ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားလာအောင် ကြိုးစားလာ နိုင်ကြမည်ဖြစ်ကြောင်း MSMEများ တိုးတက်လာပါက အလုပ်အကိုင်အခွင့်အလမ်းများ ဖန်းတီးပေး နိုင်မည် ဖြစ်ကြောင်း သိရသည်။

 

အဆိုပါပြပွဲတွင် ဂျာမနီ၊ နယ်သာလန်၊ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ် နှင့် ပြည်တွင်းလုပ်ငန်းရှင်များမှ မော်တော်ယာဉ်များ၊ စက်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ အိမ်တွင်းအလှဆင် လုပ်ငန်းများ၊ အလှကုန်ပစ္စည်းများနှင့် အဝတ်အထည်များ၊ လက်ဝတ်ရတနာများ၊ စားသောက်ကုန်ပစ္စည်းများ၊ ယာဉ်အပိုပစ္စည်းများ၊ သယ်ယူပို့ဆောင်ရေး၊ သတင်း အချက်အလက်နှင့် နည်းပညာကဏ္ဍစသည့် ဆိုင်ခန်းပေါင်း(၂၃၅)ခန်း ပါဝင်ပြသခဲ့ကြသည်။

 

ယနေ့ကျင်းပသည့် UMFCCI Centennial International Expo 2019 ပြပွဲကို စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနတို့က ပူးပေါင်းပါဝင်ပံ့ပိုးကူညီထားပြီး စက်တင်ဘာ (၂ဝ)ရက် မှ (၂၂)ရက်အထိ (၃)ရက်တိုင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။