နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြား

Printer-friendly versionSend by email

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြား

နေပြည်တော် စက်တင်ဘာ ၁၅

၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့(International Day of Democracy 2019) အထိမ်းအမှတ်အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ သဘင်ဆောင်၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်၍ မိန့်ခွန်းပြောကြားကြသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ဧည့်သည်တော်များသည် သဘင်ဆောင်အတွင်း၌ ခင်းကျင်းပြသ ထားသည့် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အထိမ်းအမှတ် အခမ်းအနားများ၊ မြန်မာလွှတ်တော် နှစ်ပတ်လည်နေ့ အခမ်းအနားများ၊ လွတ်တော်တွင် ကတိသစ္စာပြုမှုများ၊ လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌများ၏ ဧည့်သည်လက်ခံတွေ့ဆုံမှု၊ လွှတ်တော်ပူးပေါင်းကော်မတီ အစည်းအဝေးများ၊ လွှတ်တော် ရေးရာကော်မတီအစည်းအဝေးများ၊ ATPA အစည်းအဝေး တက်ရောက်မှုများ၊ IPU အစည်းအဝေး တက်ရောက်မှုများ၊ မြန်မာလွှတ်တော်အဆောက်အဦများ၊ မြန်မာလွှတ်တော်နာယက၊ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ၏ မှတ်တမ်းဓာတ်ပုံများ၊ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့၏ ပြည်ပခရီးစဉ်များ၊ ဧည့်သည်တော်မှတ်တမ်းလက်မှတ်ရေးထိုးမှုများ၊ ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အထိမ်းအမှတ်ပြိုင်ပွဲဆုရ ကဗျာ၊ စာစီစာကုံးနှင့် ပန်းချီများ၊ လွှတ်တော်ရေးရာ ကော်မတီများအလိုက် ကွင်းဆင်းစိစစ်ဆောင်ရွက်မှုများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဝန်ထမ်းများအတွက် စွမ်းရည်မြှင့်တင် ရေးဆိုင်ရာ ဆောင်ရွက်မှုများ၊ မြန်မာလွှတ်တော်သို့ လာရောက် လေ့လာမှုများ၊ ၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း ပြုလုပ်ကျင်းပခဲ့သော လွှတ်တော်အထောက်အကူပြု ဟောပြောပွဲများ၊ ဖက်ဒရယ်နိုင်ငံများဖိုရမ်က စီစဉ်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ခရီးစဉ်များ၊ ဖက်ဒရယ်နိုင်ငံများဖိုရမ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များ ပူးပေါင်းကျင်းပခဲ့သည့် ဖက်ဒရယ်စနစ်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲများ၊ ဖက်ဒရယ်နိုင်ငံများဖိုရမ်နှင့် ပြည်ထောင်စုလွှတ်တော် တို့အကြား ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုကြသည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဒီမိုကရေစီနေ့အထိမ်းအမှတ် မိန့်ခွန်း ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်-

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားကို ကြွရောက်လာကြတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုတိယသမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သံအမတ်ကြီးများနှင့် ကုလသမဂ္ဂအဖွဲ့အစည်းဝင်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ ပြည်တွင်းအသင်းအဖွဲ့များ၊ အရပ်ဖက်အဖွဲ့အစည်းများ စသည့် ဧည့်သည်တော်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း နဲ့ ပြည့်စုံကြပါစေလို့ ဦးစွာပထမ နှုတ်ခွန်းဆက်သအပ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်များကတော့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိတဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံများကို ဂုဏ်ပြုဖို့၊ ဒီမိုကရေစီကျင့်စဉ်များကို အားပေး မြှင့်တင်ဖို့၊ ပြည်သူများအကြား ဒီမိုကရေစီစိတ်ဓာတ် ခိုင်မာလာစေဖို့၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေကြဖို့နဲ့ ဒီမိုကရေစီရှင်သန် အမြစ်တွယ်ဖို့တို့အတွက် ဖြစ်ပါတယ်။

ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့မှာ ပြည်ထောင်စုလွှတ်တော်ကြီးက “ဒီမိုကရေစီရှင်သန်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့’’ လို့ သတ်မှတ်ထားပါတယ်၊ “ဒီမိုကရေစီဆိုတာ ပြည်သူလူထုအတွက် (for the people) ပြည်သူလူထုက တင်မြှောက်တဲ့ (by the people) ပြည်သူလူထုရဲ့ အစိုးရ (Government of the People) ဖြစ်ပါတယ်”။ ဒါ့ကြောင့် ဒီမိုကရေစီစနစ်တွင် ပြည်သူလူထုကို ဗဟိုပြုမှု၊ ပြည်သူလူထု ပူးပေါင်းပါဝင်မှုကို ပေါ်လွင်စေပါတယ်။ ထို့အတူ “နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်” ဟူသည့် ၂၀၁၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ နိုင်ငံတော်အခြေခံမူအရ ဒီမိုကရေစီစနစ်တွင် ပြည်သူလူထု ပူးပေါင်းပါဝင်မှု အရေးပါပုံကို ထင်ရှားစေပါတယ်။

ဒီမိုကရေစီနိုင်ငံမှာ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းဆိုတဲ့ အဖိုးအနဂ္ဂထိုက်တန်တဲ့ လောကပါလ တရားများ ထွန်းကားပါတယ်။ ဒီမိုကရေစီက ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို အခြေခံတဲ့စနစ် ဖြစ်ပါတယ်။ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးတို့မှာ ချိတ်ဆက်လျက် ရှိနေတာကြောင့် တစ်ခုချိုးဖောက်ခံရလျှင် ကျန်တဲ့ အခွင့်အရေးများလည်း ဆုံးရှုံးရပါတယ်။ ဒီမိုကရေစီက နိုင်ငံသူ နိုင်ငံသားများအားလုံးကို လူမျိုး၊ ဘာသာ၊ ကျား/မ မခွဲခြားဘဲ ကာယ၊ ဉာဏ၊ ဝီရိယ စွမ်းအားအလိုက် အခြေအနေများ သာတူညီမျှဖြစ်ရေးကို ဦးတည်ပါတယ်။ ဆင်းရဲချမ်းသာ မျက်နှာကြီးငယ် မရွေးဘဲ အခွင့်အလမ်းများ တန်းတူ ရည်တူဖြစ်ရေးကို အာမခံပါတယ်။ ဒါ့အပြင် ဥပဒေဘောင်အတွင်း အသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်နှင့် လုံခြုံခွင့်တို့ကို ဖြစ်စေပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ ဒီမိုကရက်တစ် နိုင်ငံရေးစနစ် မရှိရင် ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ် မပေါ်ပေါက်နိုင်သလို သန့်ရှင်းတဲ့ အစိုးရဆိုတာလည်း မဖြစ်နိုင်ပါ။ ဒါတွေကို ပြည်သူလူထုကြီးက ကောင်းစွာ နားလည်သဘောပေါက်ထားတာကြောင့် ဒီမိုကရေစီကို စဉ်ဆက်မပြတ် လိုလားတောင့်တ နေကြတာဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ ဖြစ်ပါတယ်။ ဒီမိုကရေစီအသွင် ကူးပြောင်း ရေး (Democratization) ဆောင်ရွက်ရာတွင် အခြေခံလုပ်ငန်းစဉ် (၃) ရပ်ရှိကြောင်း ဖတ်ရှုလေ့လာ ဖူးပါတယ်။ ဒါတွေကတော့-

(၁) ထိန်းချုပ်မှုများ ဖြေလျှော့သည့်အဆင့် - Liberalization

(၂) ကူးပြောင်းရေးအဆင့် - Transition

(၃) ခိုင်မာရေးအဆင့် - Consolidation

တို့ဖြစ်ပါတယ်။

ကျွန်တော်တို့ နိုင်ငံအနေနဲ့ ဘယ်အဆင့်လောက်မှာပဲ ရှိသေးတယ်ဆိုတာကို မိဘပြည်သူ များကိုယ်တိုင် ချင့်ချိန်သုံးသပ်ကြစေလိုပါတယ်။ ဒီမိုကရေစီ ခိုင်မာရေးအဆင့် ရောက်ရန် မိဘပြည်သူများ အားလုံး ဆက်လက်ပူးပေါင်းပါဝင်ပြီး တက်ညီလက်ညီ ချီတက်ကြဖို့လည်း လိုအပ်ပါတယ်။ ဒီမိုကရေစီ လမ်းစပေါ် ခြေချခါစပဲရှိသေးပြီး ဒီမိုကရေစီပန်းတိုင်ကို မရောက်သေးဘူးဆိုတာ ပြည်သူလူထုကြီး တစ်ရပ်လုံး သတိချပ်စေလိုပါတယ်။

ယခုလို ဒီမိုကရေစီရှင်သန်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရာတွင် လူပုဂ္ဂိုလ်အသီးသီး၊ အဖွဲ့အစည်းအသီးသီးက တည်ဆဲဥပဒေများကို လေးစားကြရမှာဖြစ်သလို စည်းမျဉ်း၊ စည်းကမ်း များကိုလည်း လိုက်နာကြရမှာဖြစ်ပါတယ်။ ဒီမိုကရေစီကျင့်စဉ်အရ အများစုရဲ့ဆန္ဒကို လက်ခံလိုက်နာ ရသလို အနည်းစုရဲ့သဘောထားကို လေးစားရမှာဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့ သဘောသဘာဝအရ အမြင်မတူအယူအဆကွဲပြားမှုများရှိကြသော်လည်း ယင်းမတူကွဲပြားမှုများကို နိုင်ငံတော်ရဲ့ ရေရှည် အကျိုးစီးပွားကို ဦးထိပ်ထားပြီး စေ့စပ်ညှိနှိုင်းခြင်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာကြမှသာလျှင် ဒီမိုကရေစီ ကျင့်စဉ် ဖွံ့ဖြိုးတိုးတက်လာမှဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့ မဏ္ဍိုင်ကြီးများဖြစ်ကြတဲ့ သဘောထားကြီးခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းတို့ကို အခြေခံလျက် ဆွေးနွေးညှိနှိုင်းကြရတာဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဖြူစင်တဲ့စိတ်ထား မျှတတဲ့သဘောထားရှိလျှင် မှန်ကန်တဲ့အဖြေကိုရရှိမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး ဒီမိုကရေစီကို အမှန်တကယ် သက်ဝင်ယုံကြည်ကြပါက အမုန်းစကားများကို ရှောင်ရှား၊ အမုန်းတရားများကိုကျော်လွှားပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေးရှုကြရန် လိုအပ်ပါတယ်။

ပြည်သူလူထုရဲ့အသက်၊ သွေးချွေးနဲ့ ဘဝတွေပေးဆပ်ပြီးမှ ခက်ခက်ခဲခဲရရှိလာတဲ့ ဒီမိုကရေစီ အပင်ပေါက်လေးကို အညွန့်ချိုးမခံရအောင် အားလုံးက ဝိုင်းဝန်းပြုစုပျိုးထောင်စောင့်ရှောက်ကြစေလို ပါတယ်။ ဒီမိုကရေစီရှင်သန်ရေးအတွက် နိုင်ငံသားအားလုံး ငေးငိုင်မနေကြရန် အလစ်အငိုက်မမိကြရန် အရေးကြီးလှပါတယ်။

ကျွန်တော်တို့အစိုးရအနေနဲ့ ဆိတ်သုဉ်းခဲ့တဲ့ ဒီမိုကရေစီနဲ့ ဆုံးရှုံးခဲ့တဲ့ ဖက်ဒရယ်အခွင့်အရေး ပြန်လည် ရရှိရန် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော် ပေါ်ပေါက်ရေးကို ဦးတည်ကြိုးပမ်းလျက်ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီစနစ် ကျင့်သုံးခြင်းဟာ ဖက်ဒရယ်ခိုင်မာရေးကို အားပေးပါတယ်။ ထို့နည်းတူ ဖက်ဒရယ်စနစ် ကျင့်သုံးခြင်းကလည်း ဒီမိုကရေစီစနစ် တည်တံ့ရေးကို အထောက်အကူ ပြုပါတယ်။ ဒါ့ကြောင့် ရှိသင့်ရှိထိုက်တဲ့ ဒီမိုကရေစီအင်္ဂါရပ်များနဲ့ ပါသင့်ပါထိုက်တဲ့ ဖက်ဒရယ်ရဲ့မူများကို ဥပက္ခာပြု၍ မရနိုင်ကြောင်း ဂရုပြုကြစေလိုပါတယ်။ ဖက်ဒရယ်ရဲ့ အခြေခံဟာ တိုင်းရင်းသားများအကြား တန်းတူညီတူ အခွင့်အရေးရရှိစေခြင်း ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိစေခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။ တိုင်းရင်းသားများအားလုံး ဥမကွဲ သိုက်မပျက် စည်းလုံးညီညွတ်စွာ အတူတကွ မခွဲစတမ်း နေထိုင်ခြင်းကို ရရှိစေပါတယ်။

ဒီမိုကရေစီ မရှိသေးတဲ့ ဒါမှမဟုတ် အပြည့်အဝ မရသေးတဲ့ နိုင်ငံတွေမှာ လူမျိုးရေး ပြဿနာများနဲ့ စိတ်ဝမ်းကွဲပြားမှုများဟာ ဒီမိုကရေစီရှင်သန်ရေးကို အတားအဆီးဖြစ်စေကြောင်း သတိပြုကြစေလိုပါသည်။ ဒီမိုကရေစီအသွင် ကူးပြောင်းရေး ပိုမိုလျင်မြန်စေရန် တိုင်းရင်းသားများအားလုံး ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး အမြန်ရရှိမှာလည်း လိုလိုလားလား ပူးပေါင်းဆောင်ရွက်ကြရန် ၊ ငြိမ်းချမ်းသာယာဝပြောရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေအပါအဝင် ဥပဒေများကို ရေးဆွဲပြဌာန်းခြင်း၊ ဖြည့်စွက်ခြင်းတို့ ပြုလုပ်ရာတွင် ဒီမိုကရေစီရဲ့ အခြေခံ စံချိန်စံညွှန်းများ ၊ လူ့အခွင့်အရေးရဲ့ အခြေခံ စံနှုန်းစံထားများကို ဖြည့်ဆည်းပေးရန် လိုအပ်ပါတယ်။ ဒီလိုဥပဒေတွေ ပြဋ္ဌာန်းရာမှာ ဒီမိုကရေစီမျိုးစေ့ကို ပြန်လည်ဖျက်ဆီးမယ့် မျိုးဥ မပါရှိစေရန် အထူးလိုအပ်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီကို တန်ဖိုးထားပြီး လူ့အခွင့်အရေးကို မြတ်နိုးတဲ့ ကျင့်စဉ်များ ကိုလည်း ဖြည့်စွက်ပံ့ပိုးပေးရပါလိမ့်မယ်။

ဒီမိုကရေစီကို အမှန်တကယ် ယုံကြည်လက်ခံတယ်ဆိုရင် ဒီမိုကရေစီကျင့်စဉ်ဆိုတာ နောင်မှ ကျင့်သုံးမယ် ဆိုတာထက် ယနေ့ကပင် စတင်ကျင့်သုံးရတာမျိုး ဖြစ်တယ်ဆိုတာကို အားလုံးက လက်ခံဖို့လိုအပ်ပါတယ်။ ဒီမိုကရေစီမှာ မဲဆန္ဒရှင်ပြည်သူလူထု၏ ဆန္ဒသည်သာ နိုင်ငံရေးအချုပ်အခြာအာဏာပိုင်တဲ့အတွက် ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုဟာ ဒီမိုကရေစီရဲ့ အသက်သွေးကြောဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်သူလူထု တစ်ရပ်လုံး စည်းလုံးညီညွတ်စွာ ပူးပေါင်းပါဝင်ခြင်းဟာ ဒီမိုကရေစီရှင်သန်ရေးကို ပိုမိုအားကောင်းစေ ပါတယ်။

ဒီမိုကရေစီရေးဆိုတာ ပြည်သူလူထုရဲ့ အရေးကိစ္စဖြစ်တဲ့အတွက် ပြည်သူပြည်သားအားလုံးရဲ့ ပူးပေါင်း ပါဝင်မှုနဲ့ အကောင်အထည်ဖော်ရတဲ့ကိစ္စဖြစ်ပါတယ်။ ယခုလို ဒီမိုကရေစီရေးလုပ်ငန်းစဉ်များတွင် ပြည်သူလူထုတက်ညီလက်ညီ ပူးပေါင်းပါဝင်ခွင့်ရရှိခြင်းဟာ မြန်မာနိုင်ငံရေးသမိုင်းမှာ ကြုံတောင့်ကြုံခဲ အခွင့်အလမ်းကောင်းတစ်ရပ် ဖြစ်ပါတယ်။ ဒီမိုကရေစီရရှိရေးအတွက် ခေတ်အဆက်ဆက် ဘဝတွေ ပေးသွားတဲ့ ပုဂ္ဂိုလ်များရဲ့ ဆက်လက် မလျှောက်လှမ်းနိုင်တော့တဲ့ ဒီမိုကရေစီခရီးကြမ်းကို သမိုင်းပေး တာဝန်အရ ကျွန်တော်တို့အနေနဲ့ ဆက်လက်ကြိုးပမ်းနေကြခြင်းဖြစ်ပါတယ်။ ဒီမိုကရေစီရှင်သန်ရေးဆိုတာ ရပ်တန့်မနေဘဲ လုပ်ငန်းစဉ်ကြီး တစ်ရပ်ဖြစ်တဲ့အတွက် ပြည်သူလူထုအားလုံးကလည်း စဉ်ဆက်မပြတ် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အထူးလိုအပ်လှပါတယ်။ ဒီမိုကရေစီပန်းတိုင် ရောက်ရှိရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေး၊ အာဏာရှင်ဆန်ပြီး ပြည်သူလူထုကို ဖိစီးနှိပ်စက်မယ့် နိုင်ငံရေးစနစ်မျိုး ပြန်လည်ထွန်းကားခြင်းမရှိစေရေး၊ အခြေခံလူ့အခွင့်အရေးများကို အာမခံမယ့် စစ်မှန်တဲ့ဒီမိုကရေစီနစ်ဖြစ်ပေါ်ရေး၊ နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာဟာ ပြည်သူလူထုထံမှ ဆင်းသက်တယ်ဆိုတဲ့ ဒီမိုကရေစီအခြေခံမူခိုင်မြဲရေးတို့အတွက် ဒီမိုကရေစီရဲ့ မောင်းနှင်အားဖြစ်တဲ့ ပြည်သူလူထုအားလုံး လက်တွဲမဖြုတ်စတမ်း သွေးစည်းညီညွတ်မှုစုပေါင်းအင်အားဖြင့် ရှေ့ခရီးဆက် ကြပါစို့လို့ တိုက်တွန်းနှိုးဆော်ရင်း နိဂုံးချုပ်အပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

 ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီနေ့အထိမ်းအမှတ် မိန့်ခွန်း ပြောကြားသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံ မှာ အောက်ပါအတိုင်းဖြစ်သည်-

ဒီနေ့ဟာ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ ဖြစ်ပါတယ်။ ဒီလိုအခမ်းအနားတွေ ကျင်းပတဲ့အခါ ကျွန်မတို့အနေနဲ့ အခမ်းအနားကျင်းပခြင်းရဲ့ အကြောင်းတွေကိုလည်း လေ့လာဖို့လိုပါတယ်။ ရည်ရွယ်ချက် တွေကိုလည်း စဉ်းစားဖို့လိုပါတယ်။ အခုကျွန်မတို့ ဒီနေ့မှာ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အနေနဲ့ ကျင်းပရတာဟာ ကမ္ဘာတစ်ဝှမ်းမှာဆိုရင် ဒီမိုကရေစီကို အလေးထားလာတဲ့နိုင်ငံတွေ အင်မတန်များ လာလို့ဖြစ်ပါတယ်။ ဒါပေမယ့် အလေးထားတာနဲ့ တန်ဖိုးထားတာဟာ မတူဘူးဆိုတာ ကျွန်မတို့ ဂရုစိုက်ဖို့ လိုပါတယ်။ သတိချပ်ဖို့လိုပါတယ်။ ကျွန်မတို့စဉ်းစားရမှာက ဒီမိုကရေစီဆိုတာ မြေထဲပင်လယ်က မြို့လေးတစ်မြို့မှာ နှစ် ၂၅ဝဝ ကျော်လောက်က ပေါက်ဖွားလာတဲ့ စနစ်တစ်ခုဟာ ဘာကြောင့် တစ်ကမ္ဘာလုံးကို ပြန့်သွားတာလဲ။ ဘာကြောင့် ဒီခေတ်ကမ္ဘာမှာ ဆိုရင် ဒီစနစ်ကို ဘယ်လောက်တောင်မှ အလေးထားကျတာလဲဆိုတာ ကျွန်မတို့ လေးလေးနက်နက်စဉ်းစားဖို့ လိုပါတယ်။

ဒီမိုကရေစီဆိုတော့လည်း တိုက်ရိုက်ဘာသာပြန်လိုက်မယ်ဆိုရင် ပြည်သူ့အင်အားပေါ့။ ပြည်သူ့တွေရဲ့ အင်အားဆိုတော့ အင်အားဆိုတာ အကောင်းအတွက်လည်း သုံးလို့ရသလို အဆိုးအတွက်လည်း သုံးလို့ရပါတယ်။ အကောင်းအတွက်ဆိုရင် ကိုယ် သုံးသလို ကောင်းအောင်လုပ်လို့ရပါတယ်။ ကျွန်မတို့ ဒီနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အတွက် သတ်မှတ်ထားတဲ့ဆောင်ပုဒ် အားလုံးပူးပေါင်း ဆောင်ရွက်ကြစို့ ဆိုတော့ ဒီမိုကရေစီရှင်သန်ရေးအတွက် ဘယ်လိုကျွန်မတို့ ပူးပေါင်းဆောင်ရွက်မလဲ။ ပြည်သူ့အင်အားကို မှန်မှန်ကန်ကန် ထိထိရောက်ရောက် အသုံးချရေးအတွက် ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာကို ကျွန်မတို့စဉ်းစားရမှာဖြစ်ပါတယ်။ အခြေခံအားဖြင့် ကြည့်လိုက်ရင် အင်အားဆိုတာ မှန်မှန်ကန်ကန် သုံးစွဲဖို့ဆိုရင် ချိန်ခွင်လျှာညီမျှမှုဟာ အင်မတန်မှ အရေးကြီးပါတယ်။ ပြည်သူ့အင်အားဆိုတာ ဘယ်သူ့အတွက်လဲ၊ ပြည်သူတွေအတွက်။ ပြည်သူတွေဆိုတာ ဘယ်သူတွေလဲဆိုတော့ တစ်ဦးချင်း တစ်ဦးချင်းပဲ။ ကျွန်မတို့ ပြည်သူတွေအားလုံးဟာ တစ်ဦးချင်း တစ်ဦးချင်းက စတာပဲ။

ကျွန်မတို့တကယ်ပဲ ဒီမိုကရေစီကို တန်ဖိုးထားပြီး ရှင်သန်စေချင်တယ်ဆိုရင် ပရဟိတ၊ အတ္တဟိတ ဒီနှစ်ခုကို ချိန်ခွင်လျှာညီမျှအောင် လုပ်ရမှာဖြစ်ပါတယ်။ နိုင်ငံအများအပြား၊ အဖွဲ့အစည်း အများအပြားဟာ ဒီမိုကရေစီကို လက်ခံတာဟာ အများက လုပ်ဆောင်ခြင်းအားဖြင့် အများအကျိုးကိုပိုပြီး ထိထိရောက်ရောက် ထမ်းဆောင်နိုင်မယ် ဆိုတာကို ယုံကြည်လို့ ဖြစ်ပါတယ်။ ဒီလိုအများအကျိုးအတွက် လုပ်ဖို့ဆိုရင် ချိန်ခွင်လျှာ ညီမျှဖို့ လိုပါတယ်။ ကျွန်မတို့လူသားများဟာ ကိုယ့်အကျိုးအတွက်ပဲ ကိုယ်လုပ်ချင်ကြတာဖြစ်ပါတယ်။ ဒီဟာကို လျစ်လျူရှုထားလို့ စနစ်တစ်ခုကိုအောင်မြင်အောင် လုပ်လို့ရမှာ မဟုတ်ပါဘူး။ ဒီမိုကရေစီဆိုတာ တကယ်တော့ စနစ်လို့ ဆိုရမှာထက် ယဉ်ကျေးမှု တစ်ခုလို့ပဲ ဆိုချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ နိုင်ငံရေးကိစ္စတင်မဟုတ်ပါဘူ။ လူမှုရေး၊ စီးပွားရေး၊ အတွေးအခေါ်ကိစ္စတွေလည်း ပါပါတယ်။ ဒါကြောင့် ယဉ်ကျေးမှု တစ်ရပ်ပါ။

ဒီမိုကရေစီယဉ်ကျေးမှု ရှင်သန်စေချင်ရင် ကျွန်မတို့ တစ်ဦးချင်းတစ်ဦးချင်းဟာ ချိန်ခွင်လျှာညီမျှခြင်းရဲ့ တန်ဖိုးကို သဘောပေါက်ဖို့လိုပါတယ်။ ဥပမာ ကျွန်မတို့ ခဏခဏပြောပါတယ်။ ဒီမိုကရေစီ အခွင့်အရေးတင် စဉ်းစားလို့မရဘူး။ တာဝန်တွေလဲ စဉ်းစားရမယ်။ အခွင့်အရေးဟာ ကိုယ့်အတွက်ဖြစ်ပြီး တာဝန်ဟာ အများအတွက်။ လူ့အခွင့်အရေးဆိုတာ တစ်ဦးချင်းတစ်ဦးချင်းအတွက်၊ တရားဥပဒေ စိုးမိုးရေးဆိုတာ အများအတွက် ဆိုတာတွေဟာ ချိန်ခွင်လျှာညီမျှရမယ်။ ကိုယ့်အတွက် ပိုလို့ဆိုရင်လည်း မကောင်းသလို အများအတွက်ဆိုပြီးတော့ တစ်ဦးချင်းတစ်ဦးချင်းရဲ့ အခွင့်အရေးတွေ လွတ်လပ်ခွင့်တွေကို ချုပ်ချယ်ရင်လည်း ကောင်းမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်မတို့ အတ္တဟိတ၊ ပရဟိတ နှစ်ခုစလုံးကို ချိန်ခွင်လျှာ ညီမျှအောင် လုပ်တဲ့နေရာမှာ အားလုံး ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။

ကျွန်မတို့ စမယ်ဆိုရင် တစ်ဦးချင်းတစ်ဦးချင်း၊ တစ်ဦးချင်းက ကိုယ့်ရဲ့မိသားစုက စရမယ်။ ကိုယ့်အခွင့်အရေး၊ ကိုယ့်ရဲ့ရပိုင်ခွင်၊ ကိုယ့်မိသားစုရဲ့အခွင့်အရေး၊ ကိုယ့်ရဲ့ မိသားစုရဲ့ ရပိုင်ခွင့်၊ ကိုယ့်ရပ်ကိုယ့်ရွာရဲ့ အခွင့်အရေး၊ ကိုယ့်မိသားစုရဲ့ အခွင့်အရေး၊ ကိုယ့်ရပ်ကိုယ့်ရွာရဲ့ အခွင့်အရေး၊ ကိုယ့်မြို့နယ်ရဲ့ အခွင့်အရေး၊ ကိုယ့်မြို့နယ်ရဲ့ အခွင့် အရေး၊ ကိုယ့်ရဲ့ တိုင်း၊ ပြည်နယ်ရဲ့ အခွင့်အရေး၊ ကိုယ့်ရဲ့ တိုင်း၊ ပြည်နယ်ရဲ့အခွင့်အရေး၊ ကိုယ့်လူမျိုးတွေရဲ့ အခွင့်အရေး၊ ကိုယ့်လူမျိုးတွေရဲ့ အခွင့်အရေး၊ ကိုယ့်နိုင်ငံ ရဲ့ အခွင့်အရေး၊ ကိုယ့်နိုင်ငံရဲ့ အခွင့်အရေး၊ ကိုယ့်တစ်ကမ္ဘာလုံးရဲ့ အခွင့်အရေး တစ်ဆင့်ချင်း တစ်ဆင့်ချင်းမှာ ကျွန်မတို့အနေနဲ့ ချိန်ခွင်လျှာညီမျှစွာနဲ့ ဆက်လက်လုပ်ဆောင်သွားဖို့ အင်မတန် အရေးကြီးပါတယ်။

ကျွန်မတို့နိုင်ငံဟာဆိုရင် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒီမိုကရေစီကို ကျင့်သုံးတဲ့နေရာမှာလည်း နုနယ်သေးတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ လွတ်လပ်ရေးရခါစတုန်းကလည်း ဒီမိုကရေစီစနစ်နဲ့ စခဲ့တယ် ဆိုပေမယ့် ဒီကြားထဲမှာ ဒီမိုကရေစီစနစ်ဟာ ပျောက်ကွယ်သွားတော့ ပြန်ပြီးတော့ အစကနေ ထူထောင် နေရတာ ဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့ အခါမှာ တစ်ကမ္ဘာကြီးကို လှည့်ပြီးကြည့်လိုက်ရင် ဘယ်လိုပဲ ပြောပြော ဒီမိုကရေစီဆိုတာ ကျွန်မတို့ နိုင်ငံတစ်ခုအတွင်းမှာသာ လုံလုံလောက်လောက် မရှိသေးတာ မဟုတ်ပါဘူး။ တစ်ကမ္ဘာကြီးကို ကြည့်လိုက်မယ်ဆိုရင်လည်း လုံလုံလောက်လောက် မရှိသေးဘူးဆိုတာ တွေ့ရပါတယ်။ ဒီလိုပြောခြင်းဟာ နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ ဒီမိုကရေစီမရှိတာကို ပြောခြင်းတင် မကပါဘူး။ ကျွန်မတို့ရဲ့ ကမ္ဘာကြီးမှာဆိုရင် အင်အားကြီးတဲ့ နိုင်ငံတွေနဲ့ အင်အားငယ်တဲ့ နိုင်ငံတွေကြားထဲမှာ တန်းတူ ညီမျှမှု မရှိခြင်းကိုလည်း ဆိုလိုတာဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံဟာ အင်အားကြီးတဲ့နိုင်ငံမဟုတ်ပါဘူး။ ဒါကြောင့် ကျွန်မတို့ရဲ့ နိုင်ငံဟာ ရပ်တည်ဖို့အတွက်ဆိုရင် အင်မတန်မှ ရုန်းကန်ကြိုးစားရပါတယ်။ ဒါကို ကျွန်မတို့ရဲ့ ပြည်သူ၊ ပြည်သားတွေ နားလည် သဘောပေါက်စေချင်ပါတယ်။ အားလုံးပူးပေါင်းဆောင်ရွက်မှ ကျွန်မတို့ဟာ တကယ့်ကို ကမ္ဘာ့အလယ်မှာ ဒီမိုကရေစီကျကျ ရပ်တည်နိုင်မယ့် နိုင်ငံတစ်ခုဖြစ်လာမှာပါ။ ဘယ်လိုပဲ ပြောပြော တကယ့် အဖြစ်အပျက်တွေအရဆိုရင် ဓနအင်အား၊ လက်နက်အင်အား၊ ဩဇာအင်အား၊ မြေအင်အားတွေက အများကြီး စကားပြောပါတယ်။ ကျွန်မတို့ဟာ ဒီအင်အားတွေနေရာမှာ နည်းတဲ့နိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့အားလုံးဟာ စိတ်ဓာတ်အင်အားနဲ့ အလုပ်လုပ်ဖို့ အင်မတန် အရေးကြီး ပါတယ်။ ဓနဆိုတာ ချက်ချင်းမရနိုင်ပါဘူး။ အခြားဩဇာအာဏာတွေဆိုတာ ချက်ချင်း လွှမ်းမိုးနိုင်အောင် လုပ်လို့မရပါဘူး။ သို့သော်လည်း ကိုယ့်ရဲ့စိတ်ဓာတ်ကို ချက်ချင်းပြောင်းလဲအောင် လုပ်လို့ရပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ နိုင်ငံသူ နိုင်ငံသားများ အားလုံးဟာ နိုင်ငံတွင်းမှာတင်မက တစ်ကမ္ဘာလုံးမှာ ဒီမိုကရေစီ သဘောထားတွေ ရှင်သန်ဖို့အတွက် ဒီမိုကရေစီ ယဉ်ကျေးမှု၊ အမှန်တကယ် ပြန့်ပွားဖို့အတွက် ပူးပေါင်းဆောင်ရွက်ဖို့ဟာ ဒီနေ့ ကျွန်မတို့ ညွှန်ပြလိုက်တဲ့ တာဝန်ပဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ ဒီမိုကရေစီအတွက် ကြိုးပမ်းတဲ့နေရာမှာ အားလုံး တစ်ဦးချင်း ကိုယ့်ရဲ့ တန်ဖိုးကို မမေ့ဖို့ လိုပါတယ်။ ပြည်သူ့အင်အားဆိုတာ အားလုံး စုပေါင်းမှ ဖြစ်တာပါ။ တစ်ဦးချင်းမှာ တန်ဖိုးရှိပါတယ်။ အဲဒီတန်ဖိုးကို မှန်မှန်ကန်ကန်သုံးပါ။ ကျွန်မတို့ရဲ့ ပြည်သူ့အင်အားကို ကောင်းမွန်တဲ့ အင်အားဖြစ်အောင်လို့ ကြိုးစားစေ ချင်ပါတယ်။ ဒီလိုကောင်းမွန်တဲ့အင်အားဖြစ်လာမှ ကောင်းမွန်တဲ့ နိုင်ငံတစ်ခု ထူထောင်နိုင်မယ်။ ကောင်းမွန်တဲ့ ကမ္ဘာကြီးတစ်ခုကို ထူထောင်နိုင်မှာ ဖြစ်ပါတယ်။ တချို့တွေက ဒီမိုကရေစီစနစ်ဆိုတာဟာ ကိုယ်ရဖို့ အတွက်လို့ ထင်ကြပါတယ်။ တကယ်တော့ ရဖို့အတွက်ပဲ စဉ်းစားတဲ့သူများဟာ ကိုယ့်ကိုယ်ကို တန်ဖိုး မထားတာပဲ။ ပေးဖို့အတွက်စဉ်းစားမှ ကိုယ့်တန်ဖိုးကို ကိုယ်သိတယ်ဆိုတာကို သတိချပ်စေချင် ပါတယ်။ ကျွန်မတို့အားလုံးဟာ ပေးချင်တဲ့ နိုင်ငံသူနိုင်ငံသားများ ဖြစ်စေချင်ပါတယ်။ တစ်ဦးချင်းဟာ ဒီနိုင်ငံရဲ့ ဒီမိုကရေစီအတွက် ဒီကမ္ဘာကြီးရဲ့ ဒီမိုကရေစီအတွက် ပေးဆပ်ချင်တဲ့သူများ ဖြစ်စေချင်ပါတယ်။ ဒါပေမယ့် ကိုယ့်အတွက်လည်း ကိုယ်လုပ်နိုင်တဲ့အစွမ်းနဲ့ လုပ်သင့်၊ မလုပ်သင့်ကို ခွဲခြားနိုင်တဲ့ ပညာရှိဖို့ဆိုတာက လည်း အင်မတန်မှ အရေးကြီးပါတယ်။ အင်အားကို သုံးချင်တိုင်းသုံးလို့မဖြစ်ပါဘူး။ သုံးသင့်၊မသုံးသင့် ဆိုတာကို ဆင်ခြင်နိုင်ရပါမယ်။ ဒါကြောင့် ယခု အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားမှာ စုပေါင်းပြီး အားလုံး တကယ့်ကို နိုင်ငံအပေါ်မှာ စေတနာနဲ့ လူသားများအပေါ်မှာ စေတနာနဲ့ ဒီမိုကရေစီ ရှင်သန်ရေးအတွက် ဒီမိုကရေစီ ယဉ်ကျေးမှု အဓိပ္ပာယ် မှန်မှန်ကန်ကန် ဖော်နိုင်ရေးအတွက် လုပ်သွားကြပါစို့လို့ တိုက်တွန်းရင်းနဲ့ နိဂုံးချုပ်ပါတယ်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဒီမိုကရေစီနေ့ အထိမ်းအမှတ် အမှာစကားပြောကြားသည်။ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်-

ယနေ့ကျင်းပပြုလုပ်တဲ့ ၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနားသို့ တက်ရောက် ချီးမြှင့်ပေးကြတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော်ဒုတိယသမ္မတနဲ့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သံတမန်များနဲ့ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ၊ နိုင်ငံရေးပါတီ အသီးသီးနဲ့ ပြည်တွင်းပြည်ပအဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနဲ့ ဧည့်သည်တော်များ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကောင်းကျိုးမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သ အပ်ပါတယ်။

ယနေ့ပြုလုပ်တဲ့ ၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့က ကိုယ်တိုင်ကြွရောက် ချီးမြှင့်ပြီး မိန့်ခွန်းပြောကြားပေးတဲ့အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း လွှတ်တော်များရဲ့ ကိုယ်စား ဦးစွာပြောကြားလိုပါတယ်။

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားကို ဒီမိုကရေစီရဲ့ ပြယုဂ်တစ်ခုဖြစ်တဲ့ လက်ရှိ လွှတ်တော်များပေါ်ပေါက်ခဲ့တဲ့ ၂၀၁၁ ခုနှစ်ကစပြီး နေပြည်တော် လွှတ်တော်ဝင်းအတွင်း ယခု ဧည့်သည်တော်များ ရောက်ရှိနေတဲ့ သဘင်ဆောင်ခန်းမကြီးမှာ နှစ်စဉ်ကျင်းပခဲ့ပါတယ်။ ဒီနေ့ပြုလုပ်တဲ့ ၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားဟာဆိုရင် မိမိတို့ မြန်မာနိုင်ငံလွှတ်တော်အနေနဲ့ (၉) ကြိမ် မြောက် ကျင်းပခြင်းဖြစ်သလို ဒီနှစ်အတွက် Inter Parliamentary Union (IPU) က ထုတ်ပြန်ပေးပို့ ထားတဲ့ Participation (ဒီမိုကရေစီရှင်သန်ဖို့ ပူးပေါင်းဆောင်ရွက် ကြပါစို့) ဆိုတဲ့နှိုးဆော် တိုက်တွန်းချက် ဆောင်ပုဒ်နဲ့အညီ အနှစ်သာရရှိရှိ ကျင်းပနိုင်ဖို့ ပြင်ဆင်ဆောင်ရွက် ထားပါတယ်။

ကမ္ဘာ့နိုင်ငံ အသီးသီးမှာလည်း နှစ်စဉ် စက်တင်ဘာလ ၁၅ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အဖြစ် သတ်မှတ်ခဲ့တဲ့ ၂၀၀၇ ခုနှစ်က စတင်ပြီး နိုင်ငံတကာ ပါလီမန်များအဖွဲ့ (IPU) က သတ်မှတ်ပေးထားတဲ့ ဆောင်ပုဒ်နဲ့အညီ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားများ ကျင်းပပြုလုပ် လေ့ရှိကြပါတယ်။

ဧည့်သည်တော်များခင်ဗျား

ဒီနေ့အခမ်းအနားကို နိုင်ငံသားပြည်သူများအားလုံး ဒီမိုကရေစီဖက်ဒရယ်စနစ် ရဲ့ သဘောသဘာဝများကို ပိုမိုနားလည် အကျွမ်းဝင်စေဖို့၊ ဒီမိုကရေစီ လူ့အဖွဲ့အစည်း တစ်ရပ်အဖြစ် ပြောင်းလဲပြီး စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် အထောက်အကူဖြစ်စေဖို့၊ နိုင်ငံရေးမှာ လူငယ်များ ပိုမိုပါဝင် လာနိုင်စေဖို့နဲ့ ကမ္ဘာ့ဒီမိုကရေစီအဖွဲ့ဝင်နိုင်ငံအဖြစ် ပူးပေါင်းပါဝင်မှုကို ပြသနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်များနဲ့ ကျင်းပခြင်း ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနားများ ကျင်းပနိုင်ခြင်းဟာ ဒီမိုကရေစီဆိုသည်မှာ လူသားတို့၏ အရေးအရာကိစ္စများ ဖြစ်သည်ဆိုတဲ့ အဆိုပြု တိုက်တွန်းချက်ကို ပြန်လည်အမှတ်ရစေဖို့ နှိုးဆော်ပေးနိုင်တဲ့ အခွင့်အလမ်းတစ်ရပ် ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ကို အားလုံးပါဝင်မှု၊ တူညီမျှတစွာ ပြုမူဆက်ဆံမှု၊ ပူးပေါင်းပါဝင် ဆောင်ရွက်မှုတို့အပေါ်မှာ အခြေခံတည်ဆောက်သွားကြရမှာဖြစ်ပါတယ်။ ဒီမိုကရေစီ ဆိုတာ ငြိမ်းချမ်းရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု၊ လူ့အခွင့်အရေးစတဲ့ လုပ်ငန်းစဉ်များအတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံအုတ်မြစ် ဖြစ်ပါတယ်။

စစ်မှန်တဲ့ ဒီမိုကရေစီဆိုတာ အရပ်ဘက်အသိုက်အဝန်းနှင့် နိုင်ငံ့ရေးရာ စီမံခန့်ခွဲကြသူများအကြား စဉ်ဆက်မပြတ် ညှိနှိုင်းဆွေးနွေးမှုအပေါ်မှာ တည်ဆောက်ထားတဲ့ နှစ်လမ်းသွား လမ်းတစ်လမ်း ဖြစ်ပါတယ်။ အပြုသဘောဆောင်တဲ့ ညှိနှိုင်းဆွေးနွေးမှု များဟာ နိုင်ငံ့ရေးရာဆုံးဖြတ်ချက်များအပေါ်မှာ အမှန်တကယ်ထိရောက်တဲ့ အကျိုးသက်ရောက်မှုများကို ရရှိဖြစ်ပေါ်စေမယ်လို့ ယုံကြည်ပါတယ်။

ဧည့်သည်တော်များခင်ဗျား

၂၀၁၉ခုနှစ်ဟာ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) တည်ထောင်မှု နှစ်(၁၃၀) ပြည့်မြောက်တဲ့ အခါသမယလည်းဖြစ်ပါတယ်။ IPU နှစ် (၁၃၀)ပြည့်အထိမ်းအမှတ် လှုပ်ရှားမှုများကို ကမ္ဘာတစ်ဝန်းရှိ ပါလီမန်များမှာ 130 Years of empowering parliamentarians ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ ၂၀၁၉ ခုနှစ်၊ ဇွန်လမှစပြီး ၂၀၂၀ ပြည့်နှစ်၊ မေလအထိ တစ်နှစ်ကြာကာလအတွင်း သတ်မှတ်ဆောင်ရွက်ကြလျက် ရှိပါတယ်။

ဒီဆောင်ပုဒ်က မိမိတို့ဖော်ဆောင်နေတဲ့ ဒီမိုကရေစီလမ်းကြောင်း လွဲချော်မသွားစေဖို့အတွက် ပြည်သူ့ ကိုယ်စားလှယ်များရဲ့ တာဝန်ရှိပုံကို ရည်ညွှန်းလိုတယ်လို့ ယူဆပါတယ်။ ဒါ့အပြင် မိမိတို့ လွှတ်တော်များရဲ့ အဓိကလုပ်ငန်းတာဝန်ဖြစ်တဲ့ ပြည်သူကို ကိုယ်စားပြုခြင်း၊ ဥပဒေပြုခြင်းနဲ့ အပြန်အလှန်ထိန်းကျောင်းခြင်း လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ လွှတ်တော်များ အားကောင်းခိုင်မာဖို့ လိုအပ် ပုံကို ညွှန်းဆိုပြသတဲ့ တွန်းအားတစ်ရပ်လည်း ဖြစ်တယ်လို့ ဆိုချင်ပါတယ်။

ဧည့်သည်တော်များခင်ဗျား

မြန်မာ့လွှတ်တော်အနေနဲ့ ယနေ့ကျင်းပတဲ့ ဒီမိုကရေစီနေ့အခမ်းအနားမှာ IPU နှစ် (၁၃၀)ပြည့် အထိမ်းအမှတ် လှုပ်ရှားမှုအပါအဝင် အထိမ်းအမှတ်ပြပွဲတစ်ရပ် ခင်းကျင်းပြသထားပါတယ်။ အထိမ်းအမှတ် ပြပွဲကို လေ့လာခြင်းဖြင့် IPUရဲ့ အတိတ်ကာလနဲ့ လက်ရှိကာလ လုပ်ဆောင်ချက်များကို ဆက်စပ်ပြီး IPU နဲ့ မြန်မာ့ဒီမိုကရေစီ ရဲ့ သမိုင်းကြောင်း တစ်စိတ်တစ်ပိုင်းကို လေ့လာတွေ့ရှိနိုင်ပါတယ်။ ဒါ့အပြင် ခိုင်မာအားကောင်းပြီး ထိရောက်တဲ့ စွမ်းဆောင်မှုရှိတဲ့ လွှတ်တော်များကသာ ယနေ့ကမ္ဘာမှာ ရင်ဆိုင် နေရတဲ့ ပြဿနာများကို ဖြေရှင်းပေးနိုင်မယ်ဆိုတဲ့အချက်ကို လေ့လာနိုင်တဲ့ အခွင့်အလမ်းလည်း ရရှိနိုင်ပါတယ်။

ဒီမိုကရေစီစနစ်ကျင့်သုံးရာမှာ နိုင်ငံသားပြည်သူများအကြား တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ယုံကြည်မှု၊ နားလည်လေးစားမှု၊ ချစ်ကြည်ရင်းနှီးမှုတို့ဖြင့် အများစုရဲ့ သဘောထားကို လိုက်နာရသလို၊ လူအနည်းစုရဲ့ သဘောထားကိုလည်း အလေးထားပြီး ဒီမိုကရေစီစနစ် ထာဝစဉ်ရှင်သန်ရင့်ကျက်အောင် ကြိုးပမ်း ရမှာဖြစ်ပါတယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ အောင်မြင်ရေးဟာ မျိုးဆက်သစ် လူငယ်များ အပါအဝင် နိုင်ငံသားအားလုံးရဲ့ တာဝန်လည်းဖြစ်ပါတယ်။

ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတစ်ရပ်ပေါ်ထွန်းရေးမှာ မျိုးဆက်သစ် လူငယ်များအနေနဲ့ နိုင်ငံတော် တည်ဆောက်ရေးကဏ္ဍအသီးသီးမှာ ပါဝင်လာဖို့ လိုအပ်ပါတယ်။ နိုင်ငံရဲ့ ပုံရိပ်ကို စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်စနစ်နဲ့ အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် လူငယ်တွေကို ငယ်စဉ်ကပင် လေ့ကျင့် ပျိုးထောင် ပေးသွားရမှာဖြစ်ပါတယ်။ လူငယ်လူရွယ်များရဲ့ စိတ်သဏ္ဍာန်မှာ ဒီမိုကရေစီမျိုးစေ့ ရှင်သန် စေရေး ရည်ရွယ်ပြီး ယခုနှစ်ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနဲ့ ပန်းချီပြိုင်ပွဲများကို အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်နဲ့ တက္ကသိုလ်အဆင့်တို့ဖြင့် သတ်မှတ် ဆောင်ရွက်ခဲ့ပြီး ဒီအခမ်းအနားမှာ ထိုက်သင့်တဲ့ချီးမြှင့်မှုအစီအစဉ် ထည့်သွင်းထားပါတယ်။ ပြိုင်ပွဲအစီအစဉ် များ အောင်မြင်စွာ ပြီးမြောက်တဲ့အထိ ပူးပေါင်းဆောင်ရွက်ပေးတဲ့ ပညာရေးဝန်ကြီးဌာန၊ ဖျော်ဖြေရေး အစီအစဉ်များကို ဆောင်ရွက်ပေးပါသော သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနနဲ့ အခမ်းအနား ပြင်ဆင်ရေး၊ ဧည့်ခံကျွေးမွေးရေးတို့ကို စေတနာဖြင့် အဖက်ဖက်က ပါဝင်ကူညီဆောင်ရွက်ပေးကြတဲ့ အဖွဲ့အစည်းအသီးသီးကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ထည့်သွင်းပြောကြားလိုပါတယ်။

ဧည့်သည်တော်များခင်ဗျာ

မိမိတို့နိုင်ငံတော်ကို အားလုံးရည်မှန်းတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးအဖြစ် တည်ဆောက် ရာမှာ နိုင်ငံသူ၊ နိုင်ငံသား တိုင်းရင်းသား ပြည်သူများအားလုံးတို့ရဲ့ စုပေါင်းအင်အားနဲ့ တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြပါစို့လို့ တိုက်တွန်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

ထို့နောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံမှ ပေးပို့သည့် သဝဏ်လွှာကို ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF)မှ ဌာနေကိုယ်စားလှယ် Ms. June Kunugi က ကဖတ်ကြားပြီး IPU နှစ်(၁၃၀)ပြည့် အထိမ်းအမှတ်ဗီဒီယိုနှင့် မြန်မာ့လွှတ်တော်- IPU ၏ပတ်သက် ဆက်နွယ်မှုဆိုင်ရာ ဗီဒီယိုတို့ကိုပြသသည်။

ယင်းနောက် စာတမ်းများဖတ်ကြားခြင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ ကျောင်းသားလူငယ် များ၏စာတမ်း၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများကိုယ်စားပြုစာတမ်း၊ “၀” ဒီမိုကရက်တစ်ပါတီ၏စာတမ်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၏စာတမ်း၊ ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ၏စာတမ်း၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ၏စာတမ်း၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့၏ စာတမ်း၊ လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)၏စာတမ်း၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO)ပါတီ၏စာတမ်း၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏စာတမ်း၊ တအာင်း(ပလောင်) အမျိုး သားပါတီ၏စာတမ်း၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏စာတမ်း၊ ရခိုင်အမျိုးသားပါတီ၏ စာတမ်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏စာတမ်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၏စာတမ်းတို့ကို သက်ဆိုင်ရာ ကိုယ်စားလှယ်များက ဖတ်ကြားကြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် လွှတ်တော်ကိုယ်စားလှယ်များက အပြည်ပြည်ဆိုင်ရာဒီမိုကရစီနေ့ အထိမ်းအမှတ် တက္ကသိုလ်အဆင့်၊ အခြေခံပညာ အထက်တန်းအဆင့်နှင့် အခြေခံပညာ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ပန်းချီ ပြိုင်ပွဲတို့တွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆု ရရှိကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြပြီး ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌက ရွှေသံလွင်ကုမ္ပဏီနှင့် Three Swallows Construction ကုမ္ပဏီလီမိတက်တို့မှ တာဝန်ရှိသူထံ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ဒီမိုကရေစီစနစ်ဆိုသည်မှာ အများဆန္ဒကို အနည်းစုကလိုက်နာ၊ အနည်းစု၏ ဆန္ဒကိုလည်း အများစုက လေးလေးစားစား စဉ်းစားပေးရမည်ဖြစ်သကဲ့သို့ အများဆန္ဒကို အခြေခံကာ အများ အကျိုးနှင့်ယှဉ်ပါက မိမိအကျိုးစီးပွားကို အထိပါးခံနိုင်သည့် မွန်မြတ်သောစနစ်သာ ဖြစ်ပါကြောင်း၊ ဒီမိုကရေစီစနစ်သည် လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးပါကြောင်း၊ လူ့အခွင့်အရေးကို အပြန်အလှန် တန်ဖိုးထားကာ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းဆိုသည့် ဒီမိုကရေစီ၏ ကောင်းမွန်သော စရိုက်လက္ခဏာ များကို နေရာတိုင်းတွင် ကျင့်သုံးဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။

ဒီမိုကရေစီစနစ်သည် ပြည်သူလူထုကိုဗဟိုပြုကာ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ပြည်သူလူထုက စုပေါင်းပိုင်ဆိုင်ခြင်း၊ အစိုးရကို တင်မြှောက်ထားသည့် ပြည်သူများကသာ အဓိက ဖြစ်၍ ပြည်သူ့ဆန္ဒဖြင့် အုပ်ချုပ်သည့်စနစ်ပင်ဖြစ်ပါကြောင်း၊ ဥပဒေပြုလွှတ်တော်များ အားကောင်းမှသာ ဒီမိုကရေစီစနစ် အားကောင်းမည်ဖြစ်ပြီး လွှတ်တော်များ စွမ်းဆောင်ရည်မြင့်မား အားကောင်းသည်နှင့်အမျှ ဒီမိုကရေစီ စနစ်သည်လည်း ရှင်သန်ခိုင်မြဲနေမည်ဖြစ်ပင်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ ရင်ဆိုင်နေရသည့် စိန်ခေါ်မှု အမျိုးမျိုးကို ပြောင်းလဲချိန်တန်ပြီမှ အစပြုပြီး ဒီမိုကရေစီအသွင် ကူးပြောင်းမှုဖြစ်စဉ်များနှင့်အတူ မတူကွဲပြားမှုများကို စည်းလုံးညီညွတ်သောအား၊ တူညီသောစိတ် ဓာတ်များဖြင့် ရင်ဆိုင် ကျော်လွှားကာ ဒီမိုကရေစီပန်းတိုင်သို့ အရောက်လှမ်းကြရမည်ဖြစ်ပါကြောင်း။

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို ၂၀၁၁ ခုနှစ်မှ စတင်၍ ကျင်းပလာခဲ့ရာ ယခုနှစ်တွင် (၉)ကြိမ်မြောက်သို့ ရောက်ခဲ့ပြီး ယခုနှစ်သည် Inter Parliamentary Union(IPU) ၏ နှစ် (၁၃၀)ပြည့်နှင့် တ်ိုင်ဆိုင်နေသည့်အတွက် လွန်စွာထူးခြားသည့် နှစ်တစ်နှစ်ပင်ဖြစ်ပါကြောင်း၊ ယခုနှစ်အတွက် အပြည်ပြည် ဆိုင်ရာ ဒီမိုကရေစီနေ့ဆောင်ပုဒ်သည် Participation “ဒီမိုကရေစီ ရှင်သန်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့” ဖြစ်ပါကြောင်း၊ ဒီမိုကရေစီပန်းတိုင်သို့ အရောက်လှမ်းကြရာတွင် တစ်ဦးကိုတစ်ဦး ယုံကြည်ချစ်ခင်စွာဖြင့် အတူတူပါဝင်နိုင်သည့် အခွင့်အရေးရရှိမှု၊ တန်းတူညီမျှ အခွင့်အရေးရရှိမှုတို့ဖြင့် ဒီမိုကရေစီ ကျင့်စဉ်  ကောင်းများ ရှင်သန်ခိုင်မာစေရေးအတွက် နေရာတိုင်း၊ ကဏ္ဍတိုင်းတွင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ စည်းကမ်းပြည့်၀သော ဒီမိုကရေစီ ဖော်ဆောင်ရေး အတွက် ဒီမိုကရေစီ Insitutaionများ ထွန်းကား ခိုင်မာစေရေးအတွက် ပညာပေးလုပ်ငန်းများ နိုင်ငံနှင့် အဝန်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ လူတိုင်းစိတ်အားထက်သန်စွာ ပါဝင် ဆောင်ရွက်ကြရန်ကိုလည်း ဆန္ဒပြုပြောကြား လိုပါကြောင်း။

မိမိတို့ ကိုယ်စားလှယ်များသည် လွှတ်တော်၏ ဆောင်ပုဒ်နှင့်အညီ “ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်” ဆိုသကဲ့သို့ ပြည်သူများ၏ ဆန္ဒများ၊ ယုံကြည်မျှော်လင့်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ အစွမ်းကုန် ကြိုးစားဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မကြာခဏပြောကြားလေ့ရှိသည့် “ကိုယ်ဘာရနိုင်မလဲဆိုတာထက်၊ ကိုယ်ဘာပေးနိုင်မလဲ ဆိုတာကို စဉ်းစားလုပ်ဆောင်ရန်” ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိအတွက် ကိုယ့်အတွက် ဆုပ်ကိုင် ထားသည့် အတ္တမာနများကို စွန့်ပါ၊ သူတစ်ပါးအတွက် အများအတွက် အရာရာကို မျှဝေခြင်းများဖြင့် မေတ္တာထားဆောင်ရွက်နိုင်သူများ ဖြစ်အောင် ကြိုးစားဆောင်ရွက်ပြီး ဒီမိုကရေစီ အလေ့အကျင့်ကောင်း များကို မြတ်နိုးစွာ ကျင့်သုံးနိုင်ကြစေကြောင်း ပြောကြား သည်။

ယင်းနောက် ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်လာသူများအား “ မြို့မ” အပျော်တမ်းတူရိယာအသင်းနှင့်တွဲဖက်၍ တေးသံရှင်များက မြူမှောင်ဝေကင်း၊ ငြိမ်းချမ်းရေး၊ လက်ရေတပြင်တည်း၊ လူချွန်လူကောင်း၊ စစ်ကိုင်းတောင်၊ ပြည်တော်ဝင် စသည့်တေးသီချင်းများဖြင့်လည်းကောင်း၊ မင်းသမီး ပန်တျာဌေးဌေးမြင့်နှင့် ဝင်းသပြေထွန်း၊ လူရွှင်တော် ပေါစိန်၊ ထင်ပေါ်၊ ချစ်စရာနှင့် မုံရွာတက်တိုး တို့ပါဝင်သည့် မန္တလေးအငြိမ့်အဖွဲ့က အငြိမ့်အကများ ဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ကြသည်။

ယခုနှစ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ ဆောင်ပုဒ်သည် “ဒီမိုကရေစီရှင်သန်ဖို့ ပူးပေါင်း ဆောင်ရွက်ကြပါစို့ (Participation)” ဆိုသည့် ဆောင်ပုဒ်ဖြစ်သည်။

အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုတရား သူကြီးချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လွှတ်တော်ဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ နိုင်ငံရေးပါတီများမှကိုယ်စား လှယ်များ၊ သံတမန်များ၊ ကမ္ဘာ့ပါလီမန်များအဖွဲ့၊ ပါလီမန်များသမဂ္ဂ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် လွှတ်တော်မိတ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။