ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ (၂၇) ကြိမ်မြောက် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များနှင့် လစဉ်ပုံမှန်တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက် အမှာစကား ပြောကြား

Printer-friendly versionSend by email

 

ရန်ကုန် မေ ၂၂

မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့် (၂၇) ကြိမ်မြောက် လစဉ်ပုံမှန်တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင်ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားသည်။

ဆွေးနွေးပွဲသို့ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအောင်ထူး၊ ဦးဝင်းမော်ထွန်းနှင့် ဦးမောင်မောင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌများနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီ (၅)ရပ်မှ တာဝန်ရှိသူ များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ တနင်္သာရီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ မိုဘိုင်းလုပ်ငန်းရှင်များအသင်းတို့မှ တာဝန် ရှိသူများနှင့် သတင်းမီဒီယာများတက်ရောက်ကြသည်။

ရှေးဦးစွာ ဒုတိယသမ္မတဦးမြင့်ဆွေက အမှာစကားပြောကြားရာတွင် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်များနှင့် လစဉ်ပုံမှန်တွေ့ဆုံဆွေးနွေးပွဲများကို ၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ကာ လုပ်ငန်းရှင်များ၏ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိရာ ယခုတွေ့ဆုံပွဲသည် (၂၇)ကြိမ်မြောက် ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် (၂၆)ကြိမ်မြောက်တွေ့ဆုံဆွေးနွေးပွဲအထိ စီးပွားရေးလုပ်ငန်းရှင်များ၏ အခက်အခဲအကြံပြုတင်ပြချက်အားလုံးကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် မှတစ်ဆင့် သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များထံသို့ အကြောင်းပြန်ကြားပေးခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါပြန်ကြားချက်များ တွင် လုံးဝပြီးပြတ်အောင်ဆောင်ရွက်ပေးနိုင်ခဲ့သည်များရှိသကဲ့သို့ တစ်ချို့အချက်များသည် အချိန်ယူ၍ ဆက်လက် ဆောင်ရွက်ပေးရမည့် လုပ်ငန်းများဖြစ်ပါကြောင်း။

တစ်ချို့ ဆက်လက်ဖြေရှင်းဆောင်ရွက်ပေးရမည့် လုပ်ငန်းများကိုလည်း လုပ်ငန်း ကော်မတီ(၅)ရပ်က တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်သည့်ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံ၍ဆွေးနွေးပွဲ (Public-Private Dialogue) များ ပြုလုပ်ကာ ပြီးပြတ်သည်အထိ အဆင့်ဆင့်ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သည့်နေရာတွင် ကုန်သွယ်ရေး ကဏ္ဍသည် အရေးကြီးသောအခန်းကဏ္ဍတွင် တည်ရှိပြီး နှစ်စဉ်ကုန်သွယ်မှုပမာဏတိုးတက်အောင် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍများမှ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်လျက် ရှိသည့်အတွက် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် (မေလ ၃ ရက်အထိ) ကိန်းဂဏန်းများအရ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ(၂ဝ ဒသမ ၄၉၁)ဘီလီယံအထိ ရှိခဲ့ပြီး ယခင်နှစ်အလားတူကာလထက် အမေရိကန်ဒေါ်လာ (ဝ ဒသမ ၅၂၃)ဘီလီယံ ပိုမိုဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ အဆိုပါကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ (၂ဝ ဒသမ ၄၉၁)ဘီလီယံတွင် ပုဂ္ဂလိကကဏ္ဍအနေဖြင့် အမေရိကန်ဒေါ်လာ (၁၇ ဒသမ ဝ၇၃)ဘီလီယံ ပါဝင်သည့်အတွက်(၈၄ ရာခိုင်နှုန်း)အထိ ပါဝင်ဆောင်ရွက် နိုင်သည်ကို တွေ့ရှိရပါကြောင်း။

ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမူဘောင်ပါ ကိစ္စရပ်များကို ပိုမိုထိရောက်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်စေရန်အတွက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ နဝမ အကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂ဝ၁၉ ခုနှစ်၊ မေ ၂ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးများ၊ လုပ်ငန်းကော်မတီ (၅)ရပ်မှ တာဝန်ရှိသူများ၊ Ease of Doing Business Ranking တိုးတက်စေရေးလုပ်ငန်းအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ပြီး သက်ဆိုင်ရာကဏ္ဍအလိုက်ဆောင်ရွက်ထားရှိမှုများ ဆက်လက်ဆောင်ရွက်မည့် အစီအမံများ ကို ဆွေးနွေးခဲ့ပါကြောင်း။

နယ်စပ်ဒေသများမှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်လာမှုကြောင့် အသေးစား၊ အငယ်စားနှှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ရပ်တည်ရန် ခက်ခဲလာနိုိုင်သဖြင့် တရားမဝင် ကုန်ပစ္စည်းများကို တားဆီးထိန်းချုပ်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် (၉)ခုတွင် တရားမဝင်ကုန်ပစ္စည်းများကို တားဆီးထိန်းချုပ်နိုင်ရေးအတွက် အထူးအဖွဲ့များ ဖွဲ့စည်းပြီး ဖမ်းဆီးအရေးယူခဲ့ရာ ၂ဝ၁၉ ခုနှစ်၊ ဧပြီလအထိ ဖမ်းဆီးအရေးယူမှု (၅၁၂)ကြိမ်၊ ခန့်မှန်းတန်ဖိုး ငွေကျပ် ၉ ဒသမ ၁၁၃ ဘီလီယံ ဖမ်းဆီးနိုင်ခဲ့ပါကြောင်း။

နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုကိုသာမက ကုန်သွယ် ရေးကဏ္ဍကိုလည်း မြှင့်တင်ပေးရမည်ဖြစ်ပါကြောင်း၊ အဆိုပါအချက်ကို အခြေပြုပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ကုန်သွယ်ရေးကို အထောက်အကူပြုသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကိုလည်း ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များအရ ၂ဝ၁၉ ခုနှစ်၊ မတ်လအထိ ခွင့်ပြုပြီး မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအရေအတွက်သည် (၁၅၄၉)ခု ရှိသည်ကို တွေ့ရှိရပါကြောင်း။

ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်းပြီး ခေတ်နှင့်လျော်ညီသည့် ဥပဒေပြဋ္ဌာန်းခြင်း၊ လုပ်ထုံးလုပ်နည်း ပိုင်းဆိုင်ရာများတွင် ဖြေလျှော့ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး တစ်ဘက်တွင်လည်း ၎င်းတို့ကို သိရှိနားလည်စေရန်အတွက် အစိုးရဘက်နှင့် ပုဂ္ဂလိက နှစ်ဘက်စလုံးအတွက် အလုပ်ရုံဆွေးနွေးပွဲ များကို အခါအားလျော်စွာ ပြုလုပ်ပေးလျက်ရှိပါကြောင်း။

ရင်းနှီးမြှုပ်နှံမှုတစ်ခုတွင်နိုင်ငံ၏ စီးပွားရေး၊ ပတ်ဝန်းကျင်နှင့် လူမှုစီးပွားဘဝ (၃)မျိုးလုံး အပေါ် ကောင်းမွန်သည့် သက်ရောက်မှုရှိမှသာလျှင် ပြည့်စုံပြီး တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုဟု ခေါ်ဆိုနိုင်မည်ဖြစ်ပါကြောင်း၊ ယခုလို သုံးမျိုးသုံးဖလှယ်ပြည့်စုံသည့်ရင်းနှီးမြှုပ်နှံမှုများ ရရှိလာအောင် အစိုးရဘက်မှ ကြိုးစားနေသကဲ့သို့ လုပ်ငန်းရှင်များ ဘက်ကလည်း မိမိတို့လုပ်ငန်းမှ နိုင်ငံ၏ စီးပွားရေးအခြေအနေ၊ ပတ်ဝန်းကျင်အခြေအနေနှင့် လူမှုစီးပွားဘဝတို့အပေါ် ကောင်းမွန်သည့် သက်ရောက်မှုများရှိလာနိုင်စေရေးအတွက် ကြိုးစားဆောင်ရွက်ပေး ကြရန် တိုက်တွန်းလိုပါကြောင်း။

ယနေ့ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးမည့် အသင်းအဖွဲ့များအနေဖြင့် ဆွေးနွေးမည့် ကဏ္ဍ များနှင့်သက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက် လာကြသည့်အတွက် မိမိတို့အသင်းအဖွဲ့များ၏ တွေ့ကြုံနေရသော အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပပြီးစီးမှုအခြေနေ၊ ပို့ကုန်များပိုမို တင်ပို့နိုင်ရေးနှင့် တရားမဝင် ကုန်သွယ်မှုများ တားဆီးထိန်းချုပ်နိုင်ရေးအတွက် စီမံဆောင်ရွက် နေမှုအခြေအနေ၊ ပြည်ပနိုင်ငံများသို့ ပဲနှင့်ဆန်များ တင်ပို့ရောင်းချနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေ ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုဖိုရမ် ကျင်းပ ပြီးစီးမှုအခြေအနေ၊ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများနှင့် စပ်လျဉ်း၍ စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် စက်မှုဇုန်များ အဆင့်မြှင့်တင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဟန်က ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေနှင့် ပို့ကုန်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တနင်္သာရီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးရဲထွဋ်နိုင်၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာမြဟန်နှင့် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာနေသူရိန်၊ မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးနှင့် မြန်မာနိုင်ငံ မိုဘိုင်းလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးကျော်ဆန်းဦးတို့က သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများ အလိုက် ကြုံတွေ့နေရသည့် အခက်အခဲများ နှင့် အကြံပြုချက်များကို ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။

အကြံပြုတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ နှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးသည်။

ယင်းနောက် ဒုတိယသမ္မတက နိဂုံးချုပ်အမှာစကားပြောကြားပြီး တွေ့ဆုံပွဲ အခမ်းအနား ကို ရုပ်သိမ်းလိုက်သည်။