ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတအဖြစ် ဦးဝင်းမြင့် အား ရွေးချယ်တင်မြှောက်ခြင်းခံရသည့်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်ထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

Printer-friendly versionSend by email

 နေပြည်တော် မတ် ၂၈

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတအဖြစ် ဦးဝင်းမြင့်အား ရွေးချယ်တင်မြှောက်ခြင်းခံရသည့်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်ထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာကိုယနေ့ ရက်စွဲဖြင့် ပေးပို့ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သဝဏ်လွှာတွင် အဆွေတော်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း။

အဆွေတော်၏ ဦးဆောင်မှုအောက်တွင် မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူပြည်သားများသည် နိုင်ငံရေးတည်ငြိမ်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်မှုရှိရေး၊ နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့မှာလည်း ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါကြောင်း။

မြန်မာ-တရုတ် နှစ်နိုင်ငံသည် အစဉ်အလာရှိသော အိမ်နီးချင်းကောင်း မိတ်ဆွေနိုင်ငံများဖြစ်ကြပြီး သမိုင်းကြာရှည်သည့် ပေါက်ဖော်ချစ်ကြည်ရေးကို ထိန်းသိမ်းလျက်ရှိပါကြောင်း၊ ယခုနှစ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်များအကြား မကြာခဏ တွေ့ဆုံခဲ့မှုများ၊ ပြည်သူများအကြား တက်ကြွသည့် အပြန်အလှန် ဖလှယ်မှုများရှိခြင်း၊ လက်တွေ့ကျသည့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုကျယ်ပြန့်လျက်ရှိခြင်း၊ ကဏ္ဍစုံတွင် နီးကပ်စွာ ပူးပေါင်းညှိနှိုင်းမှုများသည် နှစ်နိုင်ငံပြည်သူများအကြား သိသာထင်ရှားသည့် အကျိုးဖြစ်ထွန်းမှုများ ဖော်ဆောင်နိုင်ခဲ့ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် သာယာ၀ပြောရေးအတွက် ကောင်းမွန်သည့် အကျိုးပြုမှုများ ဖြစ်ထွန်းစေခဲ့ပါကြောင်း၊မိမိအနေဖြင့် မြန်မာ-တရုတ်နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်မှုကို အထူးအလေးထားပါကြောင်းနှင့် ရှိရင်းစွဲ ချစ်ကြည်ရေးခိုင်မာစေရန်နှင့်အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစေရန်၊ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံရေး အဆင့်သစ်သို့ တိုးမြှင့်နိုင်ရန်၊ နှစ်နိုင်ငံနှင့် ပြည်သူများ၏အကျိုး ပိုမိုဖြစ်ထွန်းနိုင်ရန် ဆောင်ကြဉ်းနိုင်ရေးအတွက် အဆွေတော်နှင့်အတူ နီးကပ်စွာပူးပေါင်းဆောင်ရွက်လိုပါကြောင်း။

အဆွေတော် ကျန်းမာချမ်းသာပါစေရန်နှင့် အောင်မြင်ပါစေရန်ဆုမွန်ကောင်း ပို့သအပ်ပါကြောင်း။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် ပြည်သူများ ပျော်ရွှင်ပါစေကြောင်းနှင့် သာယာ၀ပြောပါစေရန် ဆုတောင်းအပ်ပါကြောင်း ပါရှိသည်။